စီးပွားရေးလုပ်ငန်း ပုံမှန်လည်ပတ်ရန် တိုင်းတပ်ကောင်စီခေါ်ပြော

0
518
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းအတွင်းရှိ စီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်း ပုံလည်ပတ်ရန်နှင့် ဒေသအတွင်းစီးပွားရေး ပုံမှန်တိုင်းဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို တနင်္သာရီတိုင်း တပ်ကောင်စီ က မေးမြန်းခဲ့ကြောင်း စုံစမ်းသိရှိရ သည်။

မတ်လ ၄ ရက်က ပြုလုပ်သည့် တိုင်းတပ်ကောင်စီနှင့် စီးပွားရေးလုပ်ငန်းရှင်များအစည်းအဝေးတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယင်းအစည်းအဝေးကိုတက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် အချို့က ဆိုသည်။

“လက်ရှိကောင်စီကပြောတာကတော့ ပြည်သူတွေကိုကူညီပေးကြပါ။ ဘာတွေအခက်အခဲရှိသလဲလို့မေးတယ်။ အမြန်ဆုံးဆောင်ရွက်ပေးမယ်လို့ပြောတယ်။ အတင်းအဓမ္မ ဘာလုပ်ပါဆိုပြီး တစ်ခုမှမပြောဘူး” ဟု လုပ်ငန်းရှင်တစ်ဦး က ဆိုသည်။

ယင်းအစည်းအဝေးသို့ ထားဝယ် ခရိုင်နှင့် မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ ချုပ်၊ ထားဝယ်ခရိုင်နှင့် ကော့သောင်း ခရိုင် ဆန်ကုန်သည်အသင်း၊ ဟိုတယ် လုပ်ငန်းရှင်၊ သတ္တုလုပ်ငန်းရှင်၊ ဝက် မွေးမြူရေးလုပ်ငန်းရှင်များအသင်း၊ မြိတ် ကစီးပွားရေးလုပ်ငန်းရှင်များအား ကိုယ်စား ပြုပြီး မြိတ်ခရိုင် ကုန်သည်များစက်မှု လုပ်ငန်းအသင်း အတွင်းရေးမှူး စသည် တို့ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခံရသော်လည်း မတက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်အဖွဲ့အချို့ လည်းရှိကြောင်း သိရသည်။

အစည်းအဝေးသို့ မည်သည့်အဖွဲ့က တက်ပြီး မည်သည့်အဖွဲ့ကမတက်ဆို သည်ကိုလည်း စာရင်းကောက်ယူခဲ့ကြောင်း ဆိုသည်။

တိုင်းတပ်ကောင်စီဘက်မှ ကောင်စီ ဥက္ကဋ္ဌ ဦးတင်အောင်၊ ယခင်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး၊ ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်ဇေယျတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။