ညမထွက်ရအမိန့်ကြောင့် ကမ်းနားဈေးသည်များ အခက်တွေ့

0
200
ကမ်းနားဈေး

ည ၈ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ထားဝယ်မြို့ပေါ်ရှိ အဓိက ဈေးတစ်ခုဖြစ်သော ကမ်းနားဈေးရှိ ဈေးသည်များ အခက်အခဲများလာကြောင်း စုံစမ်းသိရှိ ရသည်။

ထားဝယ်ဒေသတွင် ကိုယ်တိုင်စိုက်ပျိုးသူများက ကမ်းနားဈေးတွင် နံနက်ပိုင်းလာရောက် ရောင်းချကြသည်။ သို့သော် ညမထွက်ရ အမိန့်ထွက် လာပြီးနောက် နံနက်ပိုင်းတွင် လာရောက် ရောင်းချသူ နည်းပါးလာကြောင်း ဈေးသည်များထံမှ စုံစမ်းသိရှိရသည်။

“အရောင်းအဝယ်က အများကြီး အေးလာတယ်။ နယ်က လူတွေက မနက်ပိုင်း မလာကြတော့ဘူးလေ” ဟု စခန်းကြီး ကျေးရွာသူ ဒေါ်ခင်မူက ပြောသည်။

ယင်းကြောင့် ကျေးရွာများတွင် ပြန်ရောင်းလိုသော ဈေးကားများ၊ ဈေး ဝယ်ရောင်းသူများမှာ ညနေဘက်တွင်သာ လာဝယ်သဖြင့် ဈေးအတန်ငယ်မြင့်သော ကုန်စည်ဒိုင်များတွင် ဝယ်ယူကြရသည်။

“အခုက မနက် လေးနာရီကျော်မှ ထွက်ရောင်းရင် အဆင်မပြေတော့ဘူး။ နယ်လှည့် ရောင်းရတာဆိုတော့ နောက်ကျတာပေါ့။ ဈေးကြီး ပေးဝယ်ရ ပေမဲ့လည်း နောက်တစ်နေ့ မနက်အမီ ရောင်းချနိုင်ဖို့ ညနေဘက် ဈေးလာဝယ်ရတယ်” ဟု ရန်တောင်ကျေးရွာမှ ဈေးကား မောင်းသူ ဦးဟိန်းစိုးက ဆိုသည်။