ကော့သောင်းတရားရုံးမီးလောင်မှု ဆိုင်ကယ်အစီးရေဆယ်ချီ ဆုံးရှုံး

0
153
ကော့သောင်းတရားရုံးမီးလောင်မှု

ကော့သောင်းတရားရုံးတွင် မီးလောင်သဖြင့် အမှုကြောင့် သိမ်းဆည်းထားသည့် ဆိုင်ကယ်အစီးရေဆယ်ချီ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မတ်လ ၄ ရက် နံနက်ပိုင်းတွင် စတင်လောင်ကျွမ်းခဲ့သည်ဟုသိရပြီး ဆိုင်ကယ်အစီးရေ ၇၀ ဝန်းကျင် မီးလောင်သွားကြောင်း ကော့သောင်းမြို့နေ အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး က ဆိုသည်။

“ဘာကြောင့်ဖြစ်(လောင်)တယ် ဆိုတာတော့ မသိသေးဘူးပေါ့” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ကော့သောင်းတရားရုံးရှိ ဂိုဒေါင်တွင် လောင်ကျွမ်းသည့်မီးကြောင့် သိမ်း ဆည်းဆိုင်ကယ်များ အပါအဝင် တရားရုံး အဆောက်အအုံနေရာအချို့လည်း လောင်ကျွမ်းခဲ့ကြောင်း အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။

“တရားစီရင်ခန်းမှာရှိတဲ့ ပစ္စည်းတွေလည်း လောင်သွားတယ် အောက်ထပ်ပေါ့။ အပေါ်ထပ် ကြမ်းခင်းလောင်တယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

အဆိုပါ တရားရုံးတွင် ညစောင့်ရှိပြီး ကော့သောင်းမြို့မရဲစခန်းနှင့် နီးကပ်ကြောင်း ကော့သောင်းဒေသခံ အချို့ထံမှ သိရသည်။