ဒီမိုကရေစီ သားလျှောခြင်းလော၊ ဖျက်ချခံရခြင်းလော

0
213
Dawei Watch, Dawei News, Dawei News Media

ဖေဖော်ဝါရီလ (၁)ရက်နေ့ မနက် ခြောက်နာရီလောက်မှာ ဖုန်း Ringtone သံတစ်ခုက အိပ်ပျော်နေတာကို လှုပ်နှိုး လိုက်သည်။ ဖုန်းခေါ်ဆိုသူကိုကြည့် လိုက်တော့ ရင်းနှီးသည့်ဆရာတစ်ယောက် ဖြစ်နေသည်။

ဖုန်းကိုင်လိုက်သည်နှင့် “အိပ်နေ တုန်းလား. . .၊ အာဏာသိမ်းလိုက်ပြီနော်” ဆိုသည့် စကားကို ဗြုန်းစားကြီး ကြားလိုက်ရတော့သည်။ ဆရာ့အနေနဲ့ နောက်ထပ် ဆက်ပြောသည့် စကားလုံး များကို ကျွန်တော်ကြားနိုင်စွမ်း မရှိ တော့ပါ။ အာဏာသိမ်းလိုက်ပြီနော် ဆိုသည့် စကားရပ်ကို ကြားလိုက်ရသည် နှင့် တစ်ပြိုင်နက် စိတ်ရောကိုယ်ပါ လေးလံထိုင်းမှိုင်းသွားတော့သည်။ ဦး နှောက်တစ်ခုလုံးလည်း အစိုင်အခဲတစ်ခု လို တောင့်တင်းသွားရတော့သည်။ တကယ် လုပ်လိုက်ပြီပဲဆိုသည့်အသိက လူကို ဆွံ့အ၊ မှင်သက် သွားစေခဲ့သည်။ မျက်လုံး တို့က အိပ်ပျော်နေဆဲဖြစ်သည့် အပြစ် ကင်းလှသေးသော သားနဲ့သမီးတို့ဆီ အလိုလိုရောက်သွားခဲ့သည်။ သူတို့ အိပ်ပျော်နေတုန်းမှာ သူတို့ရဲ့အနာဂတ် ကို သိမ်းယူခြင်းခံလိုက်ရပြီဆိုတာကို သူတို့မသိကြသေးပေ။

“အာဏာသိမ်းသည်” ဆိုသော စကားရပ်ကို ကျွန်တော့သက်တမ်း တစ်လျှောက် ဒုတိယအကြိမ်မြောက် ကြားလိုက်ရခြင်း ဖြစ်သည်။ ပထမ တစ်ကြိမ်တုန်းက ၁၁ နှစ်သားအရွယ်မို့ ခံစားချက်က သိပ်မပြင်း။ အခု ဒုတိယ အကြိမ်မှာတော့ အသက် ၄၄ နှစ်အရွယ် ဆိုတော့ ဆို့နင့်ကြေကွဲပြီး အသည်းနှလုံးတို့ ကွဲအက်လုမတတ် ခံစားလိုက်ရတော့ သည်။ ကိုဗစ် ဒုတိယလှိုင်း မဆုံးတဆုံး လေးမှာ ခေါင်းထောင်ထလာသည့် ယိုင်နဲ့နဲ့မျှော်လင့်ချက်တို့က အရုပ် ကြိုးပြတ် ဒလိမ့်ခေါက်ကွေး ပြုတ်ကျ သွားတော့သည်။
ပထမတစ်ကြိမ်နှင့်မတူ အခုဒုတိယ အကြိမ်က ဒီမိုကရေစီ၏ မပြည့်တပြည့် အနှစ်သာရလေးကို မြည်းစမ်းခွင့်ရပြီးမှ လက်လွှတ်လိုက်ရခြင်းကြောင့် ပိုပြီးတော့ ခံစားရသည်။ အာဏာသိမ်းသည့် အကြောင်း ဖုန်းဆက်မေးကြ၊ ပြောကြ၊ လွှတ်တော်အမတ်တစ်ယောက်ကို စစ်သားတွေက လာရောက်ဖမ်းဆီးသည့် ဗီဒီယိုမှတ်တမ်းလေးကို အချင်းချင်း မျှဝေနေကြတုန်းမှာပဲ အင်တာနက်လိုင်းရော၊ ဖုန်းလိုင်းပါ ပြတ်တောက်သွား သည်။

ရုပ်မြင်သံကြားလိုင်းတွေ အကုန် ပြတ်တောက်သွားပြီး မြဝတီတစ်လိုင်း သာ ကြည့်လို့ရတော့သည်။ အဲဒီ နောက်မှာတော့ မြန်မာ့အသံမှာ အာဏာ သိမ်းသည့်ဖြစ်စဉ်နှင့် ပတ်သက်သည့် သတင်းနှင့် စစ်သည်တေးတွေကိုသာ ထပ်ခါထပ်ခါ ထုတ်လွှင့်နေတော့သည်။ လွန်ခဲ့သည့် နှစ်သုံးဆယ်ကို စိတ်ထဲက အလိုလိုပြန်ရောက်သွားခဲ့တော့သည်။ အဲဒီတစ်နေ့တာအတွင်းတော့ အာဏာ သိမ်းခြင်းနှင့်အတူ အစာစားချင်စိတ်ပါ ပျောက်သွားခဲ့ရတော့သည်။

Generation Xတစ်ယောက်အတွက် အာဏာသိမ်းလိုက်ပြီဆိုသည့် အသိနှင့်ကပ်လျက်တွဲပါလာသည်က အကြောက်တရားဖြစ်သည်။ ဘာမှ မလုပ်ပြရသေးခင်ကို အရင်တုန်းက ခံစားခဲ့ရသည့် အတွေ့အကြုံကိုအခြေခံပြီး ကြောက်စိတ်က သူ့အလိုလို ရောက်လာခြင်းဖြစ်သည်။ အင်တာနက် လိုင်းပွင့်သည်နှင့် ပထမဆုံးလုပ်ဖြစ် သည်က ဖေ့စ်ဘွတ်ခ်ပေါ်က အချို့သော ပို့စ်တွေကို ပြန်ဖျက်ခြင်းဖြစ်သည်။ အဲဒီ နောက်မှာတော့ ဖေ့စ်ဘွတ် Privacy Setting ကို ပြောင်းပစ်ရသည်။ မိမိအတွက် လုံခြုံမှုရှိဖို့ဖြစ်သည်။ ဆိုတော့ လူဟာ အရေးကြုံလာသည့်အခါ မိမိရဲ့ လုံခြုံမှုကို အရင်စဉ်းစားပါလားဆိုသည့် အသိတစ်ခုကို ရလိုက်တော့သည်။ နောက် ပြီးမှ တစ်ပါးသူတွေအတွက် စဉ်းစားချင် စဉ်းစားနိုင်သည်။ မစဉ်းစားဘဲလည်း နေနိုင်ကြသေးသည်။

Generation Z နှင့် Generation X တို့အကြား သိသိသာသာကွာခြားစေသည့် အချက်က အကြောက်တရားဖြစ်သည်။ Generation Z တို့က မကြောက်ရသည့် ခေတ်တွင် မွေးဖွားလာကြရသဖြင့် မကြောက်ကြတော့ခြင်းလည်း ဖြစ်နိုင်သည်။ သူတို့ခေတ်မှာ ဆရာကအစ ဘယ်သူ့ကိုမှ မကြောက်ကြရတော့ ကြောက်စိတ်ကင်းကြသည်။ ကျွန်တော် တို့ခေတ်တုန်းကတော့ ဆယ်အိမ်ခေါင်း ကအစ ကြောက်ခဲ့ကြရသည်။ ကျန်တာ တွေကတော့ ဆိုဖွယ်ရာမရှိတော့ပေ။

မြန်မာ့မြေမှာ ဒီမိုကရေစီသီးပွင့်ခွင့် ရခဲ့သည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သည်။ နှစ်ကြိမ်စလုံး သိပ်ကြာကြာမခံပါဘဲ ပျက်ပြယ်သွားခဲ့ရသည်။ ပထမတစ် ကြိမ်ကို မမီလိုက်ပေမယ့် အခုဒုတိယ အကြိမ်ကိုတော့ မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီဖြစ်သည်။ ဒီမိုကရေစီစနစ် မပီပြင်သေးခင်၊ မခိုင်မာသေးခင်မှာပဲ ပျက်ပြယ်သွားခဲ့ရပြီဖြစ်သည်။

ဒီမိုကရေစီကိုယ်ဝန် မရင့်မာ၊ မခိုင်မာသေးခင်မှာ ပျက်ကျ၊ လျှောကျ (Miscarriage) ဖြစ်ခြင်းလော သို့တည်း မဟုတ် ဖျက်ချခြင်း (Abortion) လုပ်ခံ လိုက်ရခြင်းလော စဉ်းစားမရအောင်ပင် ဖြစ်သည်။ သေချာတာ တစ်ခုကတော့ ဒီမိုကရေစီပဋိသန္ဓေ တည်ဖို့ တစ်ခါပြန် ကြိုးစားနေကြရပြီ ဖြစ်သည်။ ဒီတစ်ကြိမ်တော့ အရင်တုန်းကလို မကြာချင်တော့ပါ။

ဆရာအောင်ထွဋ်ရှိသေးရင်တော့ ဒီမိုကရေစီချောတိုင်ကို နောက်တစ်ကြိမ် ပြန်တက်ကြဖို့ တိုက်တွန်း နေပေလိမ့်ဦး မည် ထင်သည်။

ဆရာအောင်ထွဋ်ခင်ဗျား ကျွန်တော် တို့နိုင်ငံမှာ အခုထိ ဒီမိုကရေစီချောတိုင် တက်နေကြရဆဲဖြစ်ကြောင်း ပါခင်ဗျား။

သန်းဇော်ဦး(ရလိုင်)