ပညာရှင်တို့ တန်ဖိုး

0
281

ကျွန်တော်တို့ ဆေးပညာနဲ့ပတ်သက်သော အသက်မွေးဝမ်းကျောင်းအလုပ်ကို မြင့်မြတ်သော အသက်မွေးဝမ်းကျောင်းလို့ အများက သိကြပါသည်။ လူသားတွေ ရဲ့ အသက်ကို ကယ်ကြရတာကိုး။

သည့်အတွက်လည်း တင်းကျပ်စွာ လိုက်နာကြရသော ဆေးပညာ ကျင့်ဝတ်နဲ့ ဟစ်ပိုခရေးတီးရဲ့ ကျိန်စာလို့ ဆိုရမည့် လိုက်နာစောင့်ထိန်းကျင့်ကြံအပ်သော သစ္စာတရားကို ဘွဲ့ရယူစဉ်ကတည်း က ကျိန်ဆိုပြီးမှ ဆေးပညာဘွဲ့ကို ရယူခဲ့ ကြရသည်။ သည့်အတွက်လည်း မြင့်မြတ်သော အသက်မွေး ဝမ်းကျောင်းအလုပ်၊ ကျွမ်းကျင်ပညာရှင်၊ ကျွမ်းကျင် သက်သေအဖြစ် အထူးတလည်အသိအမှတ်ပြုကြတာ လည်းဖြစ်သည်။

သည်ပညာရှင်တွေရဲ့ အခန်းကဏ္ဍသည် အရေးပါသလို သည်ကျွမ်းကျင် ပညာရှင်တွေရဲ့ တန်ဖိုးကလည်း မသေးလှပါ။ သည့်အတွက်လည်း သည်လူ့ဘောင်တွင် အများက တန်ဖိုးထားကြ၊ လေးစားသမှု ပြုကြတာလည်းဖြစ်သည်။

လတ်တလော ကျွန်တော်တို့ ပြုပြင် ပြောင်းလဲမှု ဖြစ်စဉ်တွေအပေါ် ရုတ်တရက် မည်သူကမှ စတင် တုံ့ပြန်မှု မပြုသေးချိန် မှာ မိမိတို့ရင်ထဲက ဆန္ဒကို ရဲရင့်စွာ ဖော်ထုတ်ပြသကြရာမှာ ဆေးပညာရှင်တွေ ကစခဲ့ကြသည်။ ပြည်သူ့အာဏာ ဖီဆန်မှု (Civil Disobedience Movement CDM) ဟုအမည် ရသည့် လှုပ်ရှားမှုကို ကျန်းမာရေးဝန်ထမ်းတွေက စခဲ့ကြပြီး လက်ရှိလည်း နိုင်ငံ့ဝန်ထမ်း အများအပြားပါဝင်သည့် လှုပ်ရှားမှုအဖြစ် နိုင်ငံ့အဝန်း ဆက်လက် ဖြစ်ပွားနေဆဲ လည်းဖြစ်သည်။

သည်အရေးသည် ပြည့်အရေး ဖြစ်သည့်အတွက် ရဲရဲရင့်ရင့် မိမိတို့ ဆန္ဒတွေ ထုတ်ဖော်ကြတာ လေးစားပါသည်။

အခြေအနေတွေအရ အာဏာကို ခေတ္တထိန်းသိမ်းထားပါသည်ဆိုသော တစ်ဘက်မှလည်း အဲသည် အာဏာ ဖီဆန်မှုကို ဖြိုခွင်းဖို့ ကြိုးစားနေသလို တစ်ဖက်မှ ပြည်သူတွေကလည်းသည် လှုပ်ရှားမှုကို ပိုမိုအရှိန်မြင့်ဖို့ တိုက်တွန်းနေကြသည်။ မိမိတို့ ရင်ထဲမှ ဆန္ဒမှန်ဖြင့် ထည့်ခဲ့သည့် မဲရလဒ်ကိုလည်း အသိအမှတ်ပြုဖို့ တောင်းဆိုတာဖြစ်သလို တရားမျှမျှတတဖြစ်ဖို့နဲ့ မိမိတို့လိုလားသည့် နိုင်ငံ့ခေါင်းဆောင်တွေ ပြန်လည် လွတ်မြောက်ရေး၊ မိမိတို့ မဲပေးခဲ့သည့် အစိုးရတင်မြှောက်နိုင်ရေးကို ဦးတည်ကြသည်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲတွေ ဖြစ်လာကြသည်။ ပါဝင်လာကြသည်။

သည်အထိ ပြဿနာ မရှိသေး။ တစ်ဘက်မှ အဲသည် ဖီဆန်မှုတွေကို ဖြိုခွဲဖို့ ကြိုးစားကြသောအခါ မိမိတို့ နေအိမ်၊ ဌာန၊ တန်းလျားတွေမှ စွန့်ခွာလျက် ရှောင်ကြ၊ ရှားနေကြရသည်။ မိမိတို့ မူလ အလုပ်ဖြစ်သော လူနာပြုစု ကုသမှု မှ လစ်ဟင်းကြရသည်။ ပြည်သူ့အာဏာ ဖီဆန်မှု (CDM)နှင့် မိမိတို့ လုပ်ငန်း၊ ကျင့်ဝတ်တို့ ဝိရောဓိ ဖြစ်လာသည့်အခါ ခံယူချက်တွေ အမျိုးမျိုး၊ တုံ့ပြန်မှုတွေ အဖုံဖုံတွေ့ကြရသည်။ သည့်အတွက် နိုင်ငံရေး ကစားကွက်မှာ ပါဝင်နေကြသူ နှစ်ဘက်လုံးမှာ တာဝန်ရှိကြပါသည်။

ကျန်းမာရေးဝန်ထမ်းတွေဘက်မှာလည်း တစ်ဘက်မှ နိုင်ငံရေး ရင်ဆိုင်မှု က မပြီးပြတ်သရွေ့ မိမိတို့ ဌာနသို့ မပြန်နိုင်ဆိုသည့် သူတွေကတစ်ဘက် (သူတို့က အဲသလို တိုက်ရိုက်တော့မဆို၊ မိမိတို့ နိုင်ငံရေး ခေါင်းဆောင်နှင့် အစိုးရ တက်လာသောအခါမှ အလုပ်ပြန်လည် ဝင်ရောက်မည်ဟု ဆိုပါသည်။)၊ တစ်ဘက်မှ အချို့က မိမိတို့ ဌာနကိုမစွန့်ပါဘဲ မိမိတို့ အသက်မွေးဝမ်းကျောင်းအပေါ် ထားသည့် သစ္စာနှင့် ကျင့်ဝတ်အရ မိမိတို့ ဌာနမှာ ရှိသင့်သည်ဆိုသည့် သူတွေက တစ်ဘက်ဖြစ်ပါသည်။ အဲသည်မှာ အချင်းချင်း ပြစ်တင်ကြ ရှုတ်ချကြသည်။

ဖြိုခွင်းကြတဲ့ နည်းလမ်းမျိုးစုံ။ အခြားတစ်ဘက်မှလည်း နည်းလမ်း မျိုးစုံဖြင့် ဝန်ထမ်းအသီးသီးကို အလုပ် ခွင်ဝင်ရောက်ဖို့ တိုက်တွန်းတာ၊ ချော့တာ၊ ခြိမ်းခြောက်တာ၊ အကျပ်ကိုင်တာ မျိုးစုံ ပြုလုပ်နေတာ တွေ့ရပါသည်။

အဆိုးဆုံးသော အဖြစ်တွေလည်း များစွာ ဖြစ်ပျက်နေကြသည်။ တရားမဲ့ ပြုကျင့်ဖို့ ကြိုးစားတာတွေလည်း တွေ့ရ သည်။ မြင်နေကြရသည်။ သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ထမ်းတွေကို နွားနဲ့ခိုင်း နှိုင်းကာ စားကျက် မြေထွန်ဖို့ ချော့သင့် ချော့၊ ခြောက်သင့် ခြောက်၊ ရိုက်သင့်ရိုက်ကာ ခိုင်းရမယ်ဆိုသည့် အသုံးအနှုန်းသည် ရိုင်းပြသလို ဝန်ထမ်း စည်းမျဉ်း စည်းကမ်းအရသာ အရေးယူကြသင့်သည့် အရေးအရာတွေကို ဥပဒေပ ခဏ လိုက်ခဲ့ပါ ဟုဆိုပြီး ဖမ်းဝရမ်းမပါပါဘဲ အင်အားသုံး ခြိမ်းခြောက်ဖမ်းဆီးဖို့ ကြိုးစားတာ နေပြည်တော်နဲ့ ထားဝယ်မှာ ဖြစ်ခဲ့ကြသည်။ သို့သော် လူထု ကြောင့်သာ အထမမြောက်ခဲ့ကြ။

ဖမ်းဆီးပြီး မဆိုင်သော ပုဒ်မတွေနဲ့ တရားစွဲထောင်ချဖို့ ကြိုးစားတာ မဲဇလီ ကုန်းတိုက်နယ်မှာ ကြုံနေရသည်။ ဆေးပညာအရ လိုက်နာကြရမည့် ဆေးပညာ ကျင့်ဝတ်ကို ချိုးဖောက်သည့် အချို့ ဆရာဝန်တွေရဲ့ မှတ်ချက်ကိုအခြေခံလျက်၊ အခြား ပုဒ်မတွေတပ်ကာ ကျင့်ဝတ် ကိုဖောက်ဖျက်လျက် ငွေတောင်းခံကြောင်း၊ လူနာရဲ့ ရောဂါလည်း မသက် သာသဖြင့် အရေးယူဖို့ တိုင်ကြားလာကြောင်း၊ သို့အတွက် အမှုဖွင့်ကာ ဖမ်းဆီး အရေးယူဖို့ ပြင်ဆင်နေကြောင်း နိုင်ငံပိုင်ရုပ်သံမှာ ဆေးပညာရှင်ကို တရားခံသဖွယ် ဓာတ်ပုံဖော်ပြလျက် ဖော်ပြရှုတ်ချ အရေးယူ ကြဖို့ ကြိုးစားတာတွေ ပြည်မြို့မှာ ဖြစ်လာသည်။ ပခုက္ကူမှာလည်း သည်နည်း ကြုံနေရသည်။

အခြားတစ်ဖက်မှာလည်း တည်ဆဲ စည်းကမ်းတွေအရ အလုပ်သမားဝန်ကြီး ဌာနမှ ကျန်းမာရေး ဝန်ထမ်း ၅၆ ဦးကို စနစ်ကျကျ အရေးယူဖို့ လုပ်လာတာ မျိုးလည်းတွေ့ရသည်။ ပထမ ခွင့်မဲ့ ပျက်ကွက် သတ်မှတ်ပြီး အဲသည်ကာလမှာ လစာတစ်ဝက်သာပေးမည်ဖြစ်ပြီး ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးနည်းလမ်းအရ အဆင့်ဆင့်အရေးယူမည်ဟု ဆိုသည်။

အဲသည် ဖြေရှင်းတာတွေအနက် အောက်ဆုံးမှ ရုံးလုပ်ထုံး လုပ်နည်းတွေနဲ့အညီ အဆင့်ဆင့် အရေးယူဆောင်ရွက် တာမျိုးကသာ နည်းမှန်လမ်းမှန် ဖြစ်ပါသည်။ ပညာရှင်တို့ရဲ့ တန်ဖိုး။

မိမိတို့ ဌာနကို စွန့်ခွာပြေးနေကြရသည့် အဖြစ်မျိုးကို ဖန်တီး ခြိမ်းခြောက် အကျပ်ကိုင်ခဲ့သည့် အဖြစ်မျိုးကို အာဏာ ထိန်းသိမ်းသူတို့ဘက်မှ မလုပ်သင့်သလို နှုတ်အရာဖြင့် စော်ကားပြောဆိုသည့် အဖြစ်ကိုလည်း လက်မခံနိုင်ပါ။ ပထမ သတင်းပေး တိုင်ကြားချက်အရ အမှုဖွင့်ကာ မျှဖြင့် တရားခံအဖြစ် သတ်မှတ်မရ သလို စွပ်စွဲခံရသူ၏ ဓာတ်ပုံတွေပါ ဖော်ပြလျက် နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ကြေညာခြင်း သည် မလျော်ကန် လှပါ။ သည့်အတွက်လည်း တရားဝင် တောင်းပန်သင့်ပါသည်။ ဆေးပညာရှင်ဘက်မှ တာဝန်ရှိသည့် အဖွဲ့အစည်းတွေ ဘက်မှလည်း မားမား မတ်မတ် ရပ်တည်ဖြေရှင်းပေးသင့်ပါသည်။

မိမိတို့ ရင်မှာရှိသည့် ဆန္ဒနှင့် လိုလားချက်ကို ဖော်ထုတ်ပြသခဲ့သဖြင့် ကမ္ဘာကလည်း သိခဲ့ကြပါပြီ။ မိမိတို့ ဌာနတွေကို မိမိတို့မစွန့်ခွာဘဲနေခဲ့ ကြပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေရော၊ လမ်းပေါ်အထိ ဆန္ဒဖော်ထုတ်ခဲ့ ကြသူတွေပါ မိမိတို့ အသက်မွေးဝမ်းကျောင်း သဘော သဘာဝနဲ့ ကျင့်ဝတ်အရ မိမိတို့ ဌာနကိုပြန်ကာ မိမိတို့ မူရင်းတာဝန်ဖြစ် သည့် လူနာကုသမှုတွေ၊ ပြုစုစောင့် ရှောက်မှုတွေ ပြန်လုပ်ဖို့ တစ်ချိန်ချိန်မှာ လိုအပ်ပါသည်။ တစ်ချိန်ချိန်မှာ အဲသည် ပညာရှင်တွေ နေရာမှန်မှာ လူနာတွေကို ပြုစုကုသ စောင့်ရှောက်မှု ပေးနိုင်ကြဖို့ မဖြစ်မနေ လိုပါသည်။

တန်ဖိုး မဖြတ်နိုင်သော ပညာရှင်တို့ နေရာမှန်မှာ ရှိပါမှ တန်ဖိုး ရှိမည်ဖြစ်ပါသည်။ CDM သည် ပြည်သူ့အာဏာ ဖီဆန်မှုကို ဆိုလိုရင်းဖြစ်ပါသည်။ လုပ်ငန်းခွင်မှ သော့ခတ်လျက် စွန့်ခွာတာမျိုးထက် အခြား လူနာကုသမှုမပျက် ဆန္ဒဖော် ထုတ်သော နည်းလမ်းမျိုးကို ရွေးကြစေ လိုပါသည်။ သည်စကားကို ဆိုသည့် သည့်အတွက်သည်အချိန်မှာ အမြင်လွဲခံ ရနိုင်ပါသည်။ တိုက်ခိုက် ရှုံ့ချခံရနိုင်ပါ သည်။ သို့သော် အမှန်တရားလည်း ဖြစ်ပါသည်။

အဲသည် ပညာရှင်တို့ ပညာရှင် နေရာမှန် ပြန်ရောက်ဖို့တာဝန်မှာ လိုအပ်ချက်အရ အာဏာကို ခေတ္တထိန်းထားပါ သည်ဆိုသော အဖွဲ့နှင့် ပြည်သူ့အရွေး ကောက်ခံဆိုကြရမည့် နှစ်ဘက်လုံးမှာ တာဝန်ရှိသလို ပညာရှင်တို့ဘက်မှလည်း အမြင်မှန်လို့ အမှန်မြင်လာဖို့ လိုအပ် ပါသည်။

မိမိ ဌာနမှာ မိမိတို့သည် ကျွမ်းကျင် ပညာရှင်တွေ ဖြစ်ကြသလို တရားခွင်မှာလည်း ကျွမ်းကျင်ပညာရှင် သက်သေအဖြစ် လက်သင့်ခံထားကြရသော အသက်မွေးဝမ်းကျောင်းပညာရှင်တွေ ဖြစ်သည့် အားလျော်စွာ မိမိတို့ လိုက်နာ စောင့်ထိန်းအပ်သော ကျင့်ဝတ်ဘောင် အတွင်းမှ မိမိတို့ ဆန္ဒကို ပြသခွင့်လည်း ရှိကြသည်မှာ အမှန်ဖြစ်ပါသည်။

သာဓကဆိုရလျှင် တရားရုံးမှ သက်သေခံအဖြစ် ဆင့်ခေါ်သည်ကို မလာပါက ဝရမ်းထုတ်ခွင့် ရှိသည် ဆိုစေကာမူ ဆေးပညာရှင်တို့ အနေဖြင့် လူနာကို ကုသနေပါသဖြင့် မလာနိုင်ပါက ယင်းသို့ ထုတ်ဆင့်ခွင့် မရှိပါချေ။

ကျွန်တော်ကိုယ်တိုင် ကိုယ်တွေ့ ကိုယ့်ဌာနကို မစွန့်ဘဲ ရဲရဲဆန့်ကျင်ခဲ့သည့် အဖြစ်မျိုး ကြုံခဲ့ရဖူးပါသည်။ တုံ့ပြန်မှုမှာ ကျင့်ဝတ်ဘောင်အတွင်းမှ ဖြစ်သဖြင့် အရေးမယူပိုင်ခဲ့တာ ဖြစ်ပါသည်။ ပင်လယ်ပိုင်း တိုက်နယ်တစ်ခုမှာ တိုက်နယ်ဆရာဝန်အဖြစ် တာဝန်ကျစဉ်က အခြားကျွန်းတစ်ခုပေါ်တွင် သစ်ပင်ပိသေသော လူသေမှုတစ်ခုအတွက် တိုက်နယ်ဆရာဝန်ကို ညအချိန်မတော် အဲသည်ကျွန်းပေါ်သို့ သွားရောက်ကာ ရင်ခွဲစစ်ဆေးခိုင်းသည့် အဖြစ်မျိုးမှာ ကြုံခဲ့ရဖူးပြီး ကျွန်တော် ဆန့်ကျင်ခဲ့ဖူးသည်။ ညဘက်အတင်းအကျပ် လာခေါ် ပေမဲ့ မသင်္ကာသဖြင့် နောက်နေ့ မနက် အစောကြီးမှသွားဖို့ မြို့နယ်ဆရာဝန်ကြီး ကို ခွင့်တောင်းကာ အချိန်ကို စောင့်ရင်း သွားကာနီးအချိန်မှ ခွဲစိတ် မွေးဖွားရမည့် အသည်းအသန် မွေးလူနာ ရောက်လာကာ ကုသနေစဉ် ဌာနချုပ်မှူးအမိန့်ဟုဆိုကာ ချက်ချင်းဌာနမှထွက်ခွာဖို့ ခြိမ်း ခြောက် အကျပ်ကိုင်ခံရသော်လည်း မလိုက်ဖြစ်ခဲ့ပါ။

“တိုက်နယ်ဆရာဝန် တစ်ယောက် တည်းသာရှိနေတဲ့ တိုက်နယ်ဆေးရုံမှာ တိုက်နယ်ဆရာဝန်အတွက် ဌာနချုပ်ဖြစ် သလို လူနာကုသဖို့ ဆိုတာလည်း ငါ့ ဝတ္တရားပဲ ဖြစ်တယ်။ မင်းတို့ လိုအပ် တယ်ထင်လို့ အလောင်းကို ဆေးရုံ သယ်မလာဘဲ ငါ့ကို လာခေါ်တာမျိုးအတွက် ငါ့အနေနဲ့ ကူညီဖို့ ဝန်မလေးဘူး။ သို့သော် အကူအညီတောင်းတာနဲ့ အမိန့်ပေးတာ (Request and Command) ကို မင်းတို့ ကွဲပြားဖို့ လိုအပ်တယ်။ အဲသာကို မကွဲပြားရင် ငါမလိုက်နိုင်ဘူး။ကြိုက်သလို အရေးယူနိုင်တယ်” လို့ ပြတ်ပြတ်ပြောခဲ့ပြီး နောက်မှသာလျှင် တောင်းပန်စကားနဲ့ ချိုသာစွာ ပြောလို့သာ ပြန်ပြီး ကူညီခဲ့ဖူးပါသည်။ အဲသည် အချိန်က စစ်အုပ်ချုပ်ရေးအာဏာ တအားပြင်းထန်နေဆဲကာလ ဖြစ်ပါ၏။ သည့်အတွက် အရေးယူခံရခြင်းတော့ မရှိခဲ့ပါချေ။

မိမိဌာနနှင့် မိမိအသက်မွေးဝမ်း ကျောင်းအလုပ်ကို အစဉ်စွန့်ဖို့ စဉ်းစားလျှင်လည်း မိမိရွေးချယ်ခွင့်သာ ဖြစ်ပြီး မစွန့်နိုင်ပါက မိမိဌာနကို အကြောင်းမဲ့ လက်လွှတ်စွန့်ခွာဖို့ စဉ်းစားချင့်ချိန်ကြစေလိုလှပါသည်။

တာဝန်ယူ တာဝန်ခံကြရမည့်အချိန် မှာလည်း ကျွန်တော်ရဲရဲရင့်ရင့်တာဝန်ခံခဲ့ပါသည်။ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆန္ဒခံယူပွဲတွင် တိုင်းအတွင်း ဌာန ဆိုင်ရာအားလုံး အမှန်ခြစ်နေကြချိန်မှာ ကျွန်တော့်တိုက်နယ်က အများစု ကြက်ခြေခတ် ခဲ့ပါသည်။ မိမိလက်အောက်ဝန် ထမ်းတွေရဲ့ ဆန္ဒအတွက် မိမိတွင် တာဝန်ယူ တာဝန်ခံဖို့ တာဝန် ရှိသည်ဟု မြင်ကာ အရေးယူခံရနိုင်သည်ကို သိပါလျက် တာဝန်ခံခဲ့ပြီး အဲသည် အချိန်က တိုင်းကျန်းမာရေး ဦးစီးဌာနမှူးကို ချက်ချင်း အရေးယူဖို့ စစ်တိုင်းမှူးမှ ဖိအားပေး ခံခဲ့ရဖူး ပါသည်။

တန်ဖိုး မဖြတ်နိုင်သော ပညာရှင်တို့ နေရာမှန်မှာ ရှိပါမှ တန်ဖိုး ရှိမည်ဖြစ် ပါသည်။ ဃြီ သည် ပြည်သူ့အာဏာ ဖီဆန်မှုကို ဆိုလိုရင်းဖြစ်ပါသည်။ ကျန်းမာရေးဝန်ထမ်း၊ ဆေးပညာရှင်များ အနေဖြင့် အချိန်အတိုင်းအတာမထားပါဘဲ လုပ်ငန်းခွင်မှ သော့ခတ်လျက် စွန့်ခွာ တာမျိုးထက် အခြား လူနာကုသမှုမပျက် ဆန္ဒဖော်ထုတ်သော နည်းလမ်းမျိုးကို ရွေးကြစေလိုပါသည်။

သည်စကားကို ဆိုသည့်သည့် အတွက် နှစ်ဘက်လုံးမှ အမြင်လွဲခံရနိုင်ပါသည်။ တိုက်ခိုက် ရှုတ်ချခံရနိုင် ပါသည်။ အမုန်းခံရနိုင်ပါသည်။ သို့သော် အမှန် တရားလည်း ဖြစ်ပါသည်။ တစ်ချိန်ကျပါ မှသာ အမှန်တရားအဖြစ် လက်သင့်ခံ လာကြမည့် အခြေလည်း ရှိပါသည်။သို့သော် အမုန်းခံလျက် ဆိုချင်ပါသည်။

အချို့အရာတွေကို အညမည သဘောအရ ဆွဲညှိလို့မရနိုင်ကောင်းပါ။ ရန်၊ ငါ ကွဲပြားဖို့ လိုအပ်သလို မိမိတို့ ပြုလုပ်သင့်သော အလုပ်နှင့် စောင့်ထိန်း အပ်သော ကျင့်ဝတ်ကို မေ့လျော့လို့မရ နိုင်ပါချေ။

ဓမ္မနှင့် အဓမ္မကို ကွဲကွဲပြားပြား သိလျက် လက်မခံကြောင်း ကမ္ဘာသိ ဖော်ထုတ်ခဲ့ကြပြီး ကမ္ဘာကလည်း သိခဲ့ကြ၊ မြင်ခဲ့ကြပြီးပါပြီ။ အနိုင်အရှုံး မကွဲပြားနိုင်သေးသော အဆုံးမဲ့ ထွက် ပေါက်မရှိသည့် နိုင်ငံရေး အကျပ်အတည်း ကြားမှာမှာ ဆေးပညာနဲ့ ကျင့်ဝတ်တွေ ကို ချစတေးလို့ မရနိုင်ပါချေ။

အရပ်သားဆေးပညာရှင်တွေ မရှိသဖြင့် တပ်ဖက်မှ ဆေးပညာရှင်တွေ က ကူညီရင်း အရပ်ဘက် ဆေးရုံတွေ အသိမ်းပိုက်ခံရမှာ မမြင်လိုပါ။ မိုးကျ အလိုမရှိ ဆိုသည့် Black Ribbon Movement ကို ထောက်ခံပါဝင်လက် မှတ်ရေးထိုးခဲ့ဖူးသူ တစ်ယောက်အဖြစ် နှင့်ရော၊ ဝန်ထမ်းမဟုတ်သည့် အရပ်သား ဆေးပညာရှင်တစ်ယောက် အနေဖြင့်ပါ တစ်ချိန်ချိန်မှာ ဆေးပညာရှင်တို့ မိမိတို့ ဌာနကို ဂုဏ်သိက္ခာရှိစွာ ပြန်လာလျက် လူနာတွေကို ပြုစုကုသပေးနိုင်သည့် အခြေအနေမျိုး ဖန်တီးပေးဖို့ နှစ်ဘက် လုံးကို တိုက်တွန်းလိုပါသည်။

ကိုရိုးဆေး