ထောင်ထဲမှာ သူ့ အမျိုးသား ရှိ၊ မရှိ မသေချာပေမဲ့ ဒေါ်ဖြူဝင်းကတော့ ပုံမှန်ထောင်ဝင်စာပို့နေပါတယ်။ ထားဝယ် အကျဉ်းထောင်ထဲမှာ သူ့အမျိုးသားကို ဖမ်းဆီး ထိန်းသိမ်းထားတယ် ဆိုတာကို ဒေါ်ဖြူဝင်းသေချာမသိပါဘူး။ ဒါပေမယ့် သူ ထားဝယ်အကျဉ်းထောင်ရှေ့ကို နေ့ တိုင်းရောက်ပါတယ်။ သူ့အမျိုးသားကို ထောင်ဝင်စာလာတွေ့တာပါ။

ဒေါ်ဖြူဝင်းရဲ့ အမျိုးသား နာမည်က ဦးစိုးမြိုင်ပါ။ အသက် ၃၅ နှစ် အရွယ်လောက်ရှိပါပြီ။ ဖေဖော်ဝါရီလ ၁၈ ရက် ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက်မှာ ပစ်ခတ်မှုဖြစ်တဲ့ညက ရဲ တပ်ဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာကို ခံခဲ့ရသူဖြစ်ပါတယ်။

ညပိုင်းမှာဖမ်းဆီးသွားပြီး မိသားစု နဲ့လုံးဝတွေ့ခွင့်၊ စကားပြောခွင့်မရဘဲ နောက်တစ်နေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) ညနေမှာ ထားဝယ်အကျဉ်းထောင်ကို ပို့လိုက်ပြီဆိုပြီး သတင်းကြားလို့ ဒေါ်ဖြူဝင်း နေ့တိုင်း ထောင်ဝင်စာသွားတွေ့နေတာ ဖြစ်ပါတယ်။

ထားဝယ်မြို့မရဲစခန်းက ထောင် ထဲပို့လိုက်ပြီလို့ဆိုတာကြောင့် ထားဝယ် အကျဉ်းထောင်ဆီသွားပြီး စုံစမ်းပေမယ့်လည်း ထောင်ထဲမှာ ဦးစိုးမြိုင်ရှိတယ်၊ မရှိဘူးဆိုတာကို ထောင်တာဝန်ရှိသူတွေ ကလည်း တိတိကျကျ မပြောဘူးလို့ဆိုပါတယ်။

“ကျွန်မယောကျာ်းကနေပြီးတော့ ငါတော့ဒီနေရာမှာရှိနေတယ်လို့ပြောလာ ရင်တော့ စိတ်အေးရတာပေါ့။ ထောင်ဝင်စာ သွားတွေ့နေရတာလည်း စိတ်ချမ်းသာနိုင်သေးတယ်။ အခုက ထောင်ဝင်စာ သာသွားပို့နေရတယ် ဘယ်မှာရှိနေမှန်းလည်း မသိရတော့ စိတ်မအေးရဘူး” လို့ ဒေါ်ဖြူဝင်းက ဆိုပါတယ်။

ဒေါ်ဖြူဝင်းသိထားတာက သူ့ အမျိုးသားဟာ ပုဒ်မ ၁၄၄ အရ ညမထွက်ရ အမိန့်ကို ဖောက်ဖျက်မှုနဲ့ အဖမ်းခံရတယ် ဆိုတာရယ်။ ထောင်တစ်လကျသွားပြီ ဆိုတာရယ်ပဲ သိထားပါတယ်။ ဘယ် တရားရုံးမှာ ဘယ်လိုအမိန့်ချပြီး ဘယ်ထောင်မှာလဲဆိုတာတွေ တစ်ခုမှမသိရ ဘူးလို့ ဆိုပါတယ်။

အဲဒီအချက်တွေကိုလည်း ထားဝယ် မြို့မရဲစခန်းကနေ နှုတ်နဲ့ပြောဆိုလိုက်တာကြောင့်သိထားရတာဖြစ်ပါတယ်။

မျှော်လင့်ခြင်း ထောင်ဝင်စာ

“သူတို့ဘာသာသူတို့ ပုဒ်မတပ်ပြီး ဖမ်းနေတဲ့ကိစ္စမှာတော့ ကျွန်မယောကျာ်းအတွက်စိုးရိမ်တယ်” လို့ ဒေါ်ဖြူဝင်းက ဆိုပါတယ်။

သေနတ်ပစ်ခတ်တာတွေဖြစ်တဲ့ ညက ဦးစိုးမြိုင်ရဲ့ညာဘက်ပုခုံးကို သေနတ်မှန်တာကို မျက်မြင်တွေ့တဲ့ သူတွေ ရှိတယ်လို့ဆိုပါတယ်။ ဒေါ်ဖြူဝင်း ကိုယ်တိုင်ကလည်း အဲလိုသတင်းတွေ ကြားတယ်လို့ဆိုပါတယ်။ အတည်ပြု နိုင်ခြင်းတော့မရှိပါဘူး။

ကိုစိုးမြိုင်ဟာ ကြက်စားပြင်ရပ် ကွက်သားတွေနဲ့ပေါင်းပြီး ရပ်ကွက်လုံခြုံရေးအတွက် ကင်းစောင့်တာတွေလုပ်နေတဲ့သူပါ။

အဖမ်းခံရတဲ့ညက ဦးစိုးမြိုင်ဟာ ညကင်းစောင့်ရာကနေ အိမ်မှာထမင်း ပြန်လာစားနေတယ်လို့ဆိုပါတယ်။ အဲဒီအချိန်မှာပဲ ရပ်ကွက်ထဲ သံပုံးတီး သံတွေထွက်ပေါ်လာလို့ ထမင်းစားနေရင်း ကနေ ကိုစိုးမြိုင်တစ်ယောက်တည်း ထထွက် သွားတယ်လို့ ဆိုပါတယ်။

သံပုံးတီးတာက ထားဝယ်သပိတ် ခေါင်းဆောင်တစ်ယောက် ကြက်စားပြင် ရပ်ကွက်မှာရှိတယ်ဆိုပြီး ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေတာကြောင့် ရပ်ကွက်သားတွေက တီးနေကြတာဖြစ်ပါတယ်။

အဲလိုသံပုံးတီးနေတာကို ထွက်ကြည့် ရာကနေ ရဲတပ်ဖွဲ့နဲ့တည့်တည့်တိုးမိပြီး ကိုစိုးမြိုင်အဖမ်းခံလိုက်ရတာဖြစ်တယ်လို့ ဒေါ်ဖြူဝင်းက ဆိုပါတယ်။ ဦးစိုးမြိုင် အဲလိုအဖမ်းခံလိုက်ရတာကို သံပုံး တီးနေကြတဲ့လူအုပ်စုက သတိမထားမိကြဘူးလို့ ရပ်ကွက်သားအချို့က ဆိုပါတယ်။

ရဲတပ်ဖွဲ့ပြန်သွားပြီး ကင်းစောင့်တဲ့လူတွေစစ်ကြည့်တော့မှ ကိုစိုးနိုင် တစ်ယောက်မရှိတာကိုသတိထားမိပါတယ်။ အဲမှကားရဲကားပေါ်ပါသွားတာ ကိုစိုးမြိုင်ဆိုတာကိုသိသွားကြတာဖြစ်ပါတယ်။

မနက်ရောက်တော့ ဒေါ်ဖြူဝင်းက ထားဝယ်မြို့မရဲစခန်းကိုလိုက်သွားပြီး သူ့အမျိုးသားနဲ့တွေ့ခွင့်ရဖို့ကြိုးစားခဲ့ပါ သေးတယ်။ အစပိုင်းမှာ ဦးစိုးမြိုင်ဒီမှာ မရှိဘူးလို့ ရဲတပ်ဖွဲ့ကငြင်းခဲ့ပါတယ်။

ညနေပိုင်းရောက်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်နဲ့ လာထုတ်ပါဆိုပြီး ရဲစခန်းဘက်ကပြောလာ တယ်လို့ဆိုပါတယ်။ ခက်တာက ကြက်စားပြင် ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူးမရှိပါဘူး။

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအားလုံး စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အမိန့်နဲ့ ဖေဖော်ဝါရီလ ၁၄ ရက်ကတည်းကနေ တာဝန်ကနေ ရပ်နားခံထားရတဲ့အချိန် ဖြစ်ပါတယ်။

ဒါပေမယ့် အုပ်ချုပ်ရေးမှူးဟောင်း က ကူညီပြီးလိုက်ပေးလို့ ရဲစခန်းရောက် သွားပေမယ့် သူ့အမျိုးသားဦးစိုးမြိုင်ကို ဒေါ်ဖြူဝင်းမတွေ့ရတော့ပါဘူး။ ထောင်ထဲ ပို့လိုက်ပြီဆိုတဲ့သတင်းပဲ ကြားရပါ တော့တယ်။

ဦးစိုးမြိုင်ဟာ ဖေဖော်ဝါရီလ ၁၈ ရက် ည ၁၁ နာရီမှာ အဖမ်းခံရပြီး ဖေဖော်ဝါရီလ ၁၉ ရက် ညနေပိုင်းမှာ ထောင်ထဲတန်းရောက်သွားတဲ့ သဘောဖြစ်ပါတယ်။ အဖမ်းခံရပြီး ၂၄ နာရီ မပြည့်ခင် ထောင်ထဲရောက်သွားတာပါ။

ဒေါ်ဖြူဝင်းတို့မိသားစုက လက် လုပ်လက်စား အခြေခံလူတန်းစားတွေ ဖြစ်ပါတယ်။ ထောင်ကျသွားတဲ့ ဦးဝင်းမြိုင် က ဆိပ်ကမ်းကုန်ထမ်းသမား၊ ဒေါ်ဖြူဝင်း က စက်ချုပ်တဲ့သူ။ သားနှစ်ဦးရှိပါတယ်။ အဖေကိုခင်တွယ်တဲ့ အသက် ၁၃ နှစ်အရွယ်သားအကြီးကတော့ ညတိုင်းငိုနေတယ်လို့ ဒေါ်ဖြူဝင်းက ရင်ဖွင့်ပါတယ်။

ဒေါ်ဖြူဝင်းကိုယ်တိုင်ကတော့ သူ့အမျိုးသားဟာ မူးယစ်ရမ်းကားတာ လည်းမဟုတ်၊ ခိုးဆိုးနေတာလည်း မဟုတ်ဘဲ လိုအပ်နေတဲ့အချိန် ရပ်ရွာလုံခြုံ ရေးအတွက် ပြည်သူတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ရင်း ထောင်ကျ သွားတာဖြစ်တဲ့အတွက် ဝမ်းမနည်းဘူး လို့ဆိုပါတယ်။

“ကျွန်မယောကျာ်းထောင်ကျ သွားတာကို ဝမ်းနည်းတာမရှိဘူး။ စိတ်ပူတာ ပဲရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူလုပ်သွားတာတွေသည် မကောင်းတဲ့ လုပ်ရပ်တစ်ခုမဟုတ်ဘူး” လို့ ဒေါ်ဖြူဝင်း က ဆိုပါတယ်။

သူ့ယောကျာ်း ထောင်ထဲမှာ ရှိ၊ မရှိ မသေချာပေမဲ့ သူကတော့ ထောင်ဝင်စာ ဆက်ပို့နေဦးမှာပါ။