မွန်ဝန်ကြီးတစ်ဦး ပုဒ်မ ၅၀၅ ဖြင့် တရားစွဲခံရ

0
668
ဦးထွန်းမင်းအောင်

၀န်ထမ်းများနှင့် ပတ်သက်ပြီး စာထုတ်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင် မှာ ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံထားရသည်။

ဝန်ထမ်းများအားရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ အစိုးရအသစ် ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း၊ CDM တွင် ပါသည့် ဝန်ထမ်းများအား မှတ်တမ်း တင်ကြောင်းပါသည့် စာတစ်စောင်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဝန်ကြီးချုပ် ကိုယ်စား ဦးထွန်းမင်းအောင်က ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်စာနှင့် ပတ်သက်ပြီး ဦးထွန်းမင်းအောင်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) ဖြင့် မော်လမြိုင်မြို့နယ် တရားရုံးတွင် အမှုကြီးအမှတ် (၃၄၇/ ၂၀၂၁) ဖြင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဦးတိုက်လျှောက်ထားကြောင်း သိရသည်။

“ဝန်ထမ်းများအတွက် စာတစ် စောင်ထုတ်ပြန်ခဲ့ခြင်းဟူသော အကြောင်းပြချက်ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) တပ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့မှစတင်၍ လိုက်လံရှာဖွေနေကြောင်း သိရှိထားတယ်” ဆိုပြီး ဝန်ကြီး ဦးထွန်းမင်းအောင် က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အာဏာသိမ်းသည့်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး အများစုက ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရ သော်လည်း ဝန်ကြီး ဦးထွန်းမင်းအောင် က လွတ်မြောက်သွားပြီး ယနေ့အထိ တိမ်းရှောင်နေခဲ့ရသည်။

ပုဒ်မ ၅၀၅(ခ) ကျူးလွန်သည်ဟု သတ်မှတ်ခံရလျှင် ငွေဒဏ်ကျပ်နှစ်သိန်း ဖြစ်စေ ထောင်ဒဏ်အများဆုံး နှစ်နှစ် အထိဖြစ်စေ ချမှတ်နိုင်သည်။

လက်ရှိတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်ကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ဝန်ကြီးအများစုကိုမူ ဝန်ကြီးအိမ်ရာ ဝင်းအတွင်းတွင် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားသည်။