မြန်မာနှင့် စစ်ဗိုလ်ချုပ်ကြီးများ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

နိုင်ငံတကာအစိုးရများသည် လတ်တလော ဆန္ဒပြမှုကို ထောက်ခံသင့်သော်လည်း လက်တွေ့မကျသည့်မျှော်လင့်ချက်များ မပေးသင့်ကြောင်း သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ခြင်းနှင့် ပတ်သက်၍ Foreign Policy မဂ္ဂဇင်းတွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဖော်ပြထားသော ဦးသိန်းစိန်အစိုးရလက်ထက် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ အဖွဲ့ဝင်ဖြစ်ခဲ့သူ သမိုင်းပညာရှင်လည်းဖြစ်သူ ဒေါက်တာသန့်မြင့်ဦးနှင့် အင်တာဗျူးကို ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။ ပြညောမေ သြတ ၏ဘာသာပြန်ဆိုချက်ကို ပြန်လည်ဖော်ပြထားခြင်း ဖြစ်ပါသည်။

မေး။ ။ ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး ဘယ်လို မျှော်လင့်ထားသလဲ။ အစိုးရက ဒီထက်ပြင်းပြင်း ထန်ထန် ဖြိုခွင်းနိုင်လား၊ ခုချိန်ထိတော့ ဖမ်းဆီးခံရမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေက ပြောသလောက် မဆိုးသေးဘူး။ တကယ်လို့ ပြင်းပြင်းထန်ထန်ဖြိုခွင်း ခံရရင် ဆန္ဒပြမှုတွေ ရပ်တန့်သွားနိုင်လား။

ဖြေ။ ။ ဆန္ဒပြမှုတွေအရ ပြည်သူလူထုက စစ်အုပ်ချုပ်မှုကို အခိုင်အမာ ဆန့်ကျင်နေတယ်ဆို တာ အထင်အရှားပါပဲ။ သန်းပေါင်းများစွာသော သာမန်ပြည်သူလူထုရဲ့ ခံစားချက်တွေကို ဖော်ညွှန်း နေတဲ့ ဒီဆန္ဒပြသမှုတွေက ကမ္ဘာက သိမြင်နေရတဲ့ အတွက် သာမန်ထက်ပိုပြီး အောင်မြင်နေပါတယ်။ ဆန္ဒပြမှုတွေရဲ့ ကြီးကျယ်မှုကြောင့် သာမက ဆန္ဒပြမှုတွေကို စည်းရုံးလှုံ့ဆော်တဲ့နည်းလမ်းတွေကြောင့် စစ်တပ် အာဏာပိုင်တွေဟာ အတော်လေး အကျပ်ရိုက်နေတဲ့ သဘောရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က လုပ်တာလည်း မဟုတ်ဘူး။ ခေတ်မီ နည်းပညာတွေ အသုံးပြုပြီး ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေက လုပ်နေတာဖြစ်ပါတယ်။

အာဏာရယူမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယာယီသဘောဖြစ်တယ်ဆိုတာမျိုး ပုံဖော်နေတဲ့အ တွက် စစ်တပ်က ဒီဆန္ဒပြမှုတွေကို အကြမ်းဖက် နည်းနဲ့ ဖြိုခွင်းရတာမျိုး ရှောင်ရှားလိုပါလိမ့်မယ်။ ဒါပေမဲ့ ဒီအာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲဆိုတာတော့ မသိနိုင်ပါဘူး။ ဒီအခြေအနေကို ထိန်းချုပ်ဖို့ဆို တော်တော်လည်း နည်းဗျူဟာမြောက်တဲ့နည်း ဖြစ်ပါလိမ့်မယ်။ အခြေအနေက အုပ်ချုပ်ရေးအသစ်အတွက် ခက်ခဲပါလိမ့်မယ်။

မေး။ ။ တပ်မတော်ရဲ့ ဗျူဟာက ဘာဖြစ်မလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDအပေါ်ထောက်ခံမှုတွေကို ခွာချနိုင်ဖို့ ဗိုလ်ချုပ်ကြီးတွေအနေနဲ့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို အသုံးချနိုင်လား။

ဖြေ။ ။ ဒီနေရာမှာ ရှင်းလင်းတဲ့နည်းဗျူဟာ ရှိပြီးသားဆို အံ့သြစရာပါပဲ။ စစ်အာဏာသိမ်းမှုက မလွဲဧကန်ဖြစ်ရမယ်ဆိုတာမျိုး၊ ဒါမှမဟုတ် လနဲ့ချီ တဲ့ စီစဉ်ဆောင်ရွက်မှုတွေနောက်မှာ တစ်ခုခု ရှိနေ တယ်လို့ ကျွန်တော်မထင်ပါဘူး။ စစ်ဗိုလ်ချုပ်ကြီး တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရယ် NLD ပါတီနဲ့ ပတ်သက်လို့ မကျေနပ်ချက်တွေ ရှိနေမှာပါပဲ။ ဒါပေမဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အတွက်တော့ နိုဝင်ဘာရွေးကောက်ပွဲဟာ သူ့သဘောအတိုင်း ဖြစ်မယ်လို့ ထင်ခဲ့ပါလိမ့်မယ်။ လက်ရှိဖွဲ့စည်းပုံအရ စစ်တပ်က ၂၅ ရာခိုင်နှုန်းရရှိထားပြီးဖြစ်တဲ့အတွက် စစ်တပ် လိုလားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ၂၅ ရာခိုင်နှုန်းကျော်ကျော်လေးပဲ နိုင်ဖို့လိုတာပါ။ ဒါပေမဲ့ ဒီအတိုင်းဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် ဒီဇင်ဘာလလယ်လောက်မှာ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေအများကြီးရှိတယ်ဆိုတဲ့ ပြည်ခိုင်ဖြိုးရဲ့ စွပ်စွဲချက်တွေကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က နားလည်သဘောပေါက်လက် ခံခဲ့တယ်။ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့တယ်။ NLD က အဲဒါကို ငြင်းပယ်တဲ့အခါ အခြေအနေက အဆိုးဆုံးအထိ တဖြည်းဖြည်းချင်း တင်းမာသထက် တင်းမာခဲ့တယ်။ ညှိနှိုင်းဖို့ကြိုးစားချက် မအောင်မြင်တဲ့အခါ အာဏာသိမ်းမှုဖြစ်တာပါပဲ။

ဆန္ဒပြတာတွေနဲ့ပတ်သက်လို့ ထပ်ပြောရရင် ဗိုလ်ချုပ်ကြီးတွေက အချက်သုံးချက်ကို အာရုံစိုက် နိုင်ပါတယ်။ ရွေးကောက်ပွဲအလွန်ကာလမှာ NLD ကို ဆန့်ကျင်တဲ့စွပ်စွဲချက်တွေကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်တာ၊ ဒေါ်လာဘီလျံပေါင်း များစွာပါတဲ့ စီမံကိန်းကြီးတွေနဲ့ ရုတ်တရက် စီးပွားရေးတက်လာ အောင်လုပ်တာ၊ တိုင်းရင်း လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသစ်တွေလုပ်တာမျိုးတွေပေါ့။ လူနည်းစု တိုင်းရင်းသားတွေရဲ့ ထောက်ခံမှု ရရှိအောင် ကြိုးပမ်းတာ မျိုးတွေရှိလိမ့်မယ်။ ဒါပေမဲ့ ဘယ်လောက်အထိ အောင်မြင်နိုင်မလဲဆိုတာ ခန့်မှန်းရခက်ခဲပါတယ်။

မေး။ ။ ဆန္ဒပြမှုတွေ အောင်မြင်မှုဖို့ ရဲတပ်ဖွဲ့ တွေ စစ်သားတွေ ပါဝင်လာဖို့ဆိုတာမျိုး ဖြစ်လာ နိုင်သလား၊ မဖြစ်လာဘူးဆိုရင် ဘာကြောင့်လဲ။

ဖြေ။ ။ ခေတ်သစ်မြန်မာ့သမိုင်းမှာ စစ်တပ်က ရာထူးအတန်းအစားတွေ ထူးထူးခြားခြား ခွဲခြားသတ် မှတ်ဖို့ဆိုတဲ့ အကြံပြုချက်မျိုး မရှိပါဘူး။ စစ်တပ်က ၇၅ နှစ်ကျော် အဆက်မပြတ် တိုက်ခိုက် နေခဲ့တာဖြစ်ပါတယ်။ ကမ္ဘာဘယ့်နေရာမှ မရှိတဲ့ အကြမ်းတမ်းဆုံး အဆိုးရွားဆုံး စစ်ဆင်ရေးတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ရဟန်းသံဃာတွေ အပါအဝင် ဆန္ဒပြအရပ်သားတွေရှေ့ကို လက်နက် တပ်ဆင်ထားတဲ့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ ဝန်မလေး ခဲ့ဖူးတဲ့ စစ်တပ်ဖြစ်ပါတယ်။ လူငယ်တွေဟာ ၁၇ နှစ်သား စစ်သားဘဝကတည်းက စစ်တပ်ဆိုတာ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်တဲ့သူတွေလို့ ပုံသွင်းခံခဲ့ရတာ ဖြစ်ပါတယ်။ စစ်တပ်ဟာ ပွင့်ပွင့် လင်းလင်းပြိုကွဲနိုင်တဲ့အထိ စိတ်ဝမ်းကွဲပြားမှု မျိုးတွေ အခါအားလျော်စွာ ကြုံခဲ့ပြီးဖြစ်ပါတယ်။ တချို့ရဲတပ်ဖွဲ့ဝင်တွေ ဘက်ပြောင်းတာမျိုးရှိလာနိုင်ပေမဲ့ ဒါကနေပြဿနာ မဖြစ်နိုင်ဖို့ စစ်တပ်က သေသေချာချာ လုပ်ဆောင်ထားပြီးဖြစ်ပါတယ်။

မေး။ ။ စစ်အာဏာသိမ်းမှုအရ မြန်မာနိုင်ငံရဲ့ စမ်းသပ်ခံဒီမိုကရေစီဟာ ကျရှုံးခဲ့ပြီလို့ ဆိုနိုင် သလား၊ ဒါမှမဟုတ် ဒီမိုကရေစီက ထိန်းချုပ်ဖို့ပိုခက်ခဲတယ်ဆိုတာမျိုးလား။

ဖြေ။ ။ ၂၀၁၀ မှာ စစ်တပ်ဗိုလ်ချုပ်မျိုးဆက် တစ်ခု အနားယူခဲ့တယ်။ သူတို့ရဲ့ အနားယူရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ စစ်တပ်နဲ့ ရွေးကောက်ခံ နိုင်ငံရေးသမားတွေ အာဏာခွဲဝေထားတဲ့ စပ်ကြား အုပ်ချုပ်ရေးမျိုးကို ချန်ထား ခဲ့တယ်။ ဒါကို ဗိုလ်ချုပ်ကြီးတွေက ညတွင်းစဉ်းစား ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။ နှစ်ပေါင်း ၂၀ လောက် သူတို့စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ကနေ ၂၀၁၅ အထိ အုပ်ချုပ်ခဲ့တဲ့ ဦးသိန်းစိန် အစိုးရဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ပင်မှုတွေ နောက်ပြန်သွားစေခဲ့တဲ့ မကြုံစဖူး နိုင်ငံရေးလွတ်လပ်မှုတွေကို တွန်းအားပေးဆောင် ရွက်ခဲ့တယ်။ ၂၀၁၆ ကစပြီး ဒေါ်အောင်ဆန်းစုကြည် ဟာ မျိုးဆက်သစ်ဗိုလ်ချုပ်ကြီးတွေနဲ့ အာဏာခွဲဝေ အုပ်ချုပ်ခဲ့ရတယ်။ ဒီအစပိုင်းမှာကတည်းက မကျေလည်မှုတွေ တင်းမာမှုတွေ ရှိခဲ့ပါတယ်။ ဒါက ဒီမိုကရေစီ မဟုတ်ပါဘူး။ ဒါက နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနဲ့ ပုံစံသစ် မြန်မာလူ့အဖွဲ့ အစည်းဖြစ်စေခဲ့တဲ့ နိုင်ငံရေးအခင်းအကျင်းသစ် တစ်ခုသာ ဖြစ်ပါတယ်။ အလျင်အမြန် ပြောင်းလဲဖြစ်ပေါ်နေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအနေနဲ့ ဒီလို အာဏာနဲ့အုပ်ချုပ်တာမျိုးကို ခုခံနိုင်မလားဆိုတာ အချိန်ကပဲ စကားပြောပါလိမ့်မယ်။

မေး။ ။ ဒီနေ့ဆန္ဒပြနေတဲ့သူတွေက အရင်ခေတ် မျိုးဆက်တွေနဲ့ ခြားနားနေသလား။ သူတို့က ဒီမိုကရေစီ ပြန်ရဖို့ပဲ တိုက်ပွဲဝင်နေကြတာလား ဒါမှမဟုတ် စီးပွားရေးခြွတ်ခြုံကျမှုနဲ့ တိုင်းရင်းသားတွေရဲ့ အခန်း ကဏ္ဍအတွက်ရောပဲလား။ သူတို့ရဲ့ နည်းဗျူဟာတွေက အတိတ်ကထက် ပိုကောင်းနေ သလား။

ဖြေ။ ။ သန်းပေါင်းများစွာသော လူတွေ၊ ဆန္ဒပြနေတဲ့သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ သူသာလျှင် တိုင်းပြည်ရဲ့ တရားဝင်ခေါင်းဆောင်လို့ သူတို့ယုံကြည် ထားကြတယ်။ တခြား သူတွေကတော့ သူနဲ့ NLD အပေါ် သစ္စာရှိမှုဆိုတာထက် စစ်တပ်ကြီးစိုးမှုကို ခါးခါးသည်းသည်း မုန်းတီးကြလို့ ဖြစ်ပါတယ်။ သူတို့ဘဝတွေဟာ သူတို့မိဘတွေခေတ်ကလို ဖြစ်လာပြီး စိတ်အခန့် မသင့်ရင် မသင့်သလို ရက်စက်တဲ့ စစ်အုပ်ချုပ်ရေးအောက်ကို တစ်ကျော့ပြန်ရောက် လာမယ်ဆိုတဲ့ စိုးရိမ် မှုတွေကြောင့် ပါဝင်လာတာ ဖြစ်ပါတယ်။ မျိုးဆက်သစ် ဆန္ဒပြသူတွေဟာ ပိုပြီးယုံကြည်မှုတွေရှိတယ်၊ နည်းပညာသစ်တွေနဲ့လည်း ပိုပြီးယဉ်ပါးကြတယ်။ နောက်ပြီး အတိတ် မှာ ဆုံးရှုံးခဲ့တာတွေအားလုံးကို ပြန်အရယူမယ် ဆိုတာမျိုး ရှိကြတယ်။ သူတို့နည်းဗျူဟာတွေက အတော်ကိုထိရောက်နေပါတယ်။ ဒါပေမဲ့ အမှန်တကယ်အပြောင်းအလဲ ဖြစ်လာနိုင်အထိ တကယ့် နည်းဗျူဟာလားဆိုတာတော့ ကွဲကွဲပြားပြား မမြင်ရသေးပါဘူး။ ဒီနေရာမှာ ပျောက်နေတာက တိုင်းရင်းသားကိစ္စတွေ၊ ခွဲခြားဆက်ဆံခံရမှု တွေ၊ ဖွံ့ဖြိုးမှုနောက်ကျတာတွေ၊ မညီမျှတွေကို ဖြတ်တောက်ပြီး တကယ်စုစည်းခိုင်မာတဲ့ အလွှာစုံ လူ့အဖွဲ့အစည်းဖြစ်လာဖို့ဆိုတဲ့ ထပ်ဆင့်ထပ်ဆင့် တိုးတက်ဖြစ်ပေါ်နေမဲ့ အစီအစဉ်မျိုးပါပဲ။

မေး။ ။ စစ်တပ်က တစ်နှစ်အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုရော ဘယ်လိုထင်လဲ၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲလို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အတွက် အောင်မြင်မှုမျိုး ရနိုင်မလား။

ဖြေ။ ။ ရွေးကောက်ပွဲဆိုတဲ့ အစီအစဉ်ချထားမှုဟာ တစ်နှစ်ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်သော်လည်းကောင်း NLD သော်လည်းကောင်း ပါဝင်မှာ မဟုတ်ပါဘူး။ နည်းလမ်းတစ်ခုအနေနဲ့ ဒါက ဖွဲ့စည်းပုံအရ ပထမ ဆုံးကျင်းပခဲ့တဲ့ ၂၀၁၀ တုန်းက ရွေးကောက်ပွဲမျိုး ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်ချခံထားရပြီး NLD လည်း ဝင်ပြိုင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ရွေးကောက်ပွဲတွေက လွတ်လပ်တယ်။ မျှတတယ်ဆိုတာမျိုး မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ အံ့အားသင့်စရာက ပြုပြင်

ပြောင်းလဲရေးဦးတည်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း တွေနဲ့ အစိုးရတော့ ဖြစ်လာ ခဲ့ပါတယ်။ မတူတာက ၂၀၁၀ ဟာ အခုဆိုရင် အသက် ၈၀ လောက်ရှိပြီဖြစ် တဲ့ စစ်တပ်အကြီးအကဲ ဦးသန်းရွှေအတွက် ထွက်ပေါက် အစီအစဉ်ပါ။ လက်ရှိ စစ်တပ်အကြီးအကဲက ၆၄ နှစ်ပဲ ရှိပါသေးတယ်။ အရပ်သားဝတ်စုံနဲ့ အာဏာလိုချင်သေးတယ်ဆိုတဲ့ အနေအထားရှိ နိုင်ပါတယ်။

မေး။ ။ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရဟာ စစ်အာဏာသိမ်းခေါင်းဆောင်တွေကို အရေးယူ ပိတ်ဆို့မှု အသစ်တွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဒါကရော အပြောင်းအလဲဖြစ်နိုင်လား။ တရုတ်နဲ့ ရုရှား က စစ်ဗိုလ်ချုပ်ကြီးတွေကို ထောက်ခံခဲ့ပြီးလည်း ဖြစ်တယ်။

ဖြေ။ ။ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ ကမ္ဘာ့ဘယ်နေရာမှမရှိတဲ့ အထီးအကျန်ဆုံးသော လူ့မလိုင် နိုင်ငံရေးသမားတွေဖြစ်ခဲ့တယ်။ သူတို့ မိတ်ဆွေတွေနဲ့ ရန်သူတွေ၊ အိပ်မက်တွေနဲ့ အိပ်မက်ဆိုး တွေအားလုံးဟာ မြန်မာနိုင်ငံတစ်ခု တည်းမှာပဲ ဖြစ်ခဲ့တယ်။ အများစုက နိုင်ငံခြား တစ်ခါမှ မသွားခဲ့ဖူးဘူး။ နိုင်ငံခြားဘာသာစကားလည်း မပြောဖူးဘူး။ ပြည်ပမှာလည်း ဘာပိုင်ဆိုင်မှု မှ မရှိခဲ့ဘူး။ ဒီစစ်ဗိုလ်ချုပ်ကြီးတွေဟာ တိုင်းပြည် ထဲက ပြည်ပမှာ အလုပ်ထွက်လုပ်ရတဲ့ ဆင်းရဲတဲ့လူ တွေထက်အောင် ပိုပြီး အထီးကျန်ခဲ့တယ်။ ရည်ရွယ်ချက်နဲ့ အရေးယူပိတ်ပင်မှုတွေက ဗိုလ်ချုပ်ကြီးတွေရဲ့ အခြေခံ နိုင်ငံရေးရေချိန်ကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ ကျယ်ပြန့်တဲ့ စီးပွားရေးပိတ်ဆို့မှု တွေက မြောက်မြားလှစွာသော စီးပွားရေးအရ အထိနာမှုတွေကိုသာ ဖြစ်စေမှာပါ။ အဲဒီလိုဆိုရင် သန်းပေါင်းများစွာသော သာမန်ပြည်သူတွေကို အထိနာစေပါလိမ့်မယ်။

ဘေဂျင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရမ်းကောင်းမွန်တဲ့ ဆက်ဆံရေးရှိသလို ဒုတိယအကြိမ် NLD သက်တမ်းအတွက် မျှော်လင့်ချက် အကြီးကြီးရှိတယ်။ ဘေဂျင်းရဲ့ စစ်တပ်နဲ့ဆက်ဆံရေးဟာ ကွဲလွဲချက်တွေရှိနေသလို အန္တရာယ်တွေလည်း ရှိနေတယ်။ စစ်တပ်ဆိုတာ တရုတ်အတွက် သတိအနေအထားနဲ့ ဆက်ဆံနေရတဲ့ နိုင်ငံရေး အင်စတီကျူးရှင်းတစ်ခုပဲ။ ဘာကြောင့်ဆို တရုတ် က နှစ်အတန်ကြာ ဆန့်ကျင်တိုက်ခိုက်နေရတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အဓိကကျောထောက်နောက်ခံဖြစ်နေလို့ပဲ။ ဖြစ်နိုင်မယ်ဆို တရုတ်နဲ့ စစ်တပ်ဟာ နှစ်ဦးနှစ်ဘက်အကျိုးကျေးဇူး ရှိစေမယ့် အခွင့်အလမ်းသစ်တွေကို မျှော်လင့်နေကြမှာပါပဲ။

မေး။ ။ ဘယ်လိုဟာမျိုးတွေလဲ၊ တရုတ်က မြန်မာနိုင်ငံမှာ ဘာဖြစ်စေချင်တယ်လို့ ထင်လဲ။

ဖြေ။ ။ တရုတ်-မြန်မာဆက်ဆံရေးဟာ အလွန်ရှုပ်ထွေးတဲ့ သမိုင်းကြောင်းရှိတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက တရုတ်အမျိုးသားရေး အစိုးရရဲ့ တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ကူမင်တန်တွေဟာ အမေရိကန်ရဲ့ အကူအညီနဲ့ တရုတ်နိုင်ငံ ယူနန် ပြည်နယ်ကတစ်ဆင့် မြန်မာကို ကျူးကျော်ပြီး အရှေ့ဘက်ပိုင်း ကုန်းမြင့်ဒေသတွေကို သိမ်းပိုက်ခဲ့တယ်။ မြန်မာစစ်တပ်အနေနဲ့ ဒီခြိမ်းခြောက်မှုကို ဆယ်စု နှစ်နဲ့ချီပြီး တုံ့ပြန်ခဲ့တယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်းမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်ရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ ကွန်မြူနစ်တပ်တွေဟာ ယူနန်ကနေတစ်ဆင့် မြန်မာကိုကျူးကျော်ခဲ့ ကြပြန်တယ်။ ၁၉၈၉ ခုနှစ်မှာ ကွန်မြူနစ် တော်လှန်ပုန်ကန်မှု ကျဆုံးပြီး သူတို့ကိုဆက်ခံတဲ့ တရုတ်နဲ့အဆက်အသွယ်ရှိတဲ့ နောက်ထပ် လက်နက်ကိုင်တပ်ဖွဲ့တွေ ကျန်စေခဲ့တယ်။ အဲဒီလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်ပိုင်းဟာ တရုတ်စကား ပြောတဲ့သူတွေချည်းဖြစ်သလို ထိပ်ပိုင်းရာထူးရှိ သူတွေဟာလည်း တရုတ်အနွယ် ဝင်တွေချည်းပဲ။ အဲဒီနေရာတွေဟာ အမေရိကန်ဒေါ်လာ ၇၅ သန်းတန် မက်သာဖက်တမင်းလုပ်ငန်း ကြီးထွားရာနေရာ တွေဖြစ်သလို ရာနဲ့ချီတဲ့ တရုတ်လူမျိုးတွေ ဝင်ထွက်သွားလာနေတဲ့ ကာစီနိုတွေရှိရာဒေသတွေ ဖြစ်တယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်အတွင်း မြန်မာနိုင်ငံမှာ တရုတ်ရဲ့ အခြေကျစီးပွားရေးဟာ တည်တည် ငြိမ်ငြိမ်တိုးတက်ခဲ့တယ်။ ခါးပတ် တစ်ကွင်း လမ်းတစ်စင်းဆိုတဲ့ တရုတ်ရဲ့ ရည်မှန်း ချက်ကြီးမားလွန်းတဲ့ ၂၁ ရာစု ပိုးလမ်းမစီမံကိန်းနဲ့ ဆိုင်တဲ့ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်း တွေကတော့ မြန်မာရဲ့ လေးတိလေးကန်ဖြစ်မှု ကြောင့် မြေပြင်မှာ နှေးကွေးလေးလံခဲ့တယ်။ ဒါပေမဲ့ နယ်စပ်ကုန်သွယ်ရေးအရ တခြား ရင်းနှီး မြှုပ်နှံမှုတွေ၊ ထောင်နဲ့ချီတဲ့ အလယ်အလတ်နဲ့ အသေးစား တရုတ်ကုမ္ပဏီတွေကတော့ မြောက်မြားစွာ ပေါ်ထွက်ခဲ့တယ်။ တရုတ်ရဲ့ အကျိုးစီးပွားကတော့ အမြဲတမ်း ဒီတိုင်းပါပဲ။ အထူးသဖြင့် နယ်စပ်တစ်လျှောက် တည်ငြိမ်ဖို့ရယ်၊ မြန်မာက သူ့ရဲ့ပြိုင် ဘက်နိုင်ငံတွေနဲ့ မဟာမိတ်ဖြစ်တာကို တားဆီး ဖို့ရယ်၊ စီးပွားရေးအရ ပိုပြီးခိုင်မာတဲ့ ချည်နှောင်မှု တွေ ဖြစ်စေဖို့ပဲ။ တစ်ချိန်တည်းမှာပဲ တရုတ်အနေနဲ့ ပြည်သူလူထုသဘောထားအရ ဘက်မှားမရပ်တည် မိစေဖို့ ဂရုပြုမှာပဲ။

မေး။ ။ မြန်မာစစ်ဗိုလ်ချုပ်တွေအနေနဲ့ ဒီမိုကရေစီ ပြန်အသက်သွင်းဖို့ ဝါရှင်တန်နဲ့ ဘေဂျင်း အတူတကွ အလုပ်လုပ်မယ်လို့ ထင်လား။

ဖြေ။ ။ လုံးဝမဖြစ်နိုင်ပါဘူး။ ဝါရှင်တန်နဲ့ ဘေဂျင်းနှစ်ဦးလုံးက စစ်အာဏာသိမ်းမှုမတိုင်မီက အခြေအနေနဲ့ပဲ ပိုပြီးကျေနပ်ကြမှာပါ။ ဝါရှင်တန် ဖြစ်ဖြစ် ဘေဂျင်းဖြစ်ဖြစ် မတည်မငြိမ်ဖြစ်နေမှာကို လိုလားမှာ မဟုတ်ပါဘူး။ ဒါက အိန္ဒိယနဲ့ ဂျပန် အတွက်လည်း အတူတူပဲဖြစ်မှာပါ။ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီနဲ့ ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်မယ်ဆို ပိုပြီးအောင်မြင်နိုင်မှာပါ။ တစ်ချိန်တည်းမှာပဲ တရုတ် အနေနဲ့ သူရဲ့နောက်ဖေး အပိုင်နေရာတစ်ခုအဖြစ် မြင်နေတဲ့ နိုင်ငံမှာ တခြားပြင်ပနိုင်ငံတစ်ခုခုနဲ့ အတူတွဲ လုပ်နိုင်ဖို့ သဘောတူမလားဆိုတာ ခန့်မှန်းရခက်ပါတယ်။

မေး။ ။ ဒါဆို ပြင်ပ နိုင်ငံတကာအစိုးရတွေအနေ နဲ့ အကူအညီဖြစ်စေတာမျိုး တစ်ခုခု လုပ်နိုင်မလား။

ဖြေ။ ။ ပထမဆုံးအနေနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ဒီဆန္ဒပြမှုတွေကို ထောက်ခံကြောင်း ဖော်ပြဖို့ အရေးကြီးပါတယ်။ တစ်ချိန် တည်းမှာပဲ ဆန္ဒပြသူတွေက စစ်ရေးအရ နိုင်ငံတကာက ဝင်ရောက်စွက်ဖက်မှုတွေကို တောင်းဆို နေချိန်မှာ ပြင်ပကမ္ဘာအနေနဲ့ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ မပေးဖို့ အရေးကြီးပါတယ်။ ဒုတိယအနေနဲ့ ရှင်သန်နေထိုင်ရေးနဲ့ဆိုင်တဲ့ အကူအညီတွေပေးဖို့ အရမ်းကို အရေးကြီးပါတယ်။ ဥပမာအနေနဲ့ ကိုဗစ်နိုင်တင်းနဲ့ ဆက်စပ်တဲ့ အစီအစဉ်တွေကို ကူညီကာကွယ်ထားရပါမယ်။ တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေးအခြေအနေဟာ ထိန်းမနိုင်သိမ်းမရ ချာလပတ်ယမ်းနေတဲ့အချိန် သန်းနဲ့ချီတဲ့လူတွေဟာ ပိုက်ဆံလည်းမရှိ၊ ဘာမှလည်း ရွေးချယ်စရာ မရှိတဲ့အချိန် ဒီမိုကရေစီဟာလည်း နောက်တစ်နေ့မှာ မယုံနိုင်စရာ ထွက်ပေါ်လာ မယ်ဆိုရင်။

မေး။ ။ မြန်မာနိုင်ငံမှာ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေ က ဘာတွေလွဲချော်နေသလဲ၊ လွတ်ကင်းနေသလဲ၊ ဘာလို့ ကျွန်တော်တို့လုပ်သင့်တာတွေကို ကျွန်တော်တို့ နားမလည်ဖြစ်နေလဲ။

ဖြေ။ ။ နိုင်ငံရေးအကျပ်အတည်းက တခြားများလှတဲ့ အကျပ်အတည်းတွေကြားမှာ ဖြစ်နေတာ ပါ။ ဒီလူ့အဖွဲ့အစည်းဟာ ဆယ်စုနှစ်ပေါင်းများစွာ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေနဲ့ စိတ်ဒဏ်ရာ ရနေတာပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပေါင်းများစွာလည်း ရှိနေတယ်။ ဒုက္ခသည် တစ်သန်းလောက် လည်းရှိနေတယ်။ နောက်ပြီး ယာယီထွက်ပြေးခိုလှုံနေရတဲ့ စစ်ဘေးရှောင်ထောင် ပေါင်းများစွာလည်း ရှိနေတယ်။ နေရာအနှံ့မှာရှိနေတဲ့ နိုင်ငံတော်အဆင့် အင်စတီကျူးရှင်းတွေဟာ လည်း အားနည်းနေတယ်။ လူထုအတွက် ကျန်းမာရေးနဲ့ အခြားဝန်ဆောင်မှုတွေလုပ်ဖို့ အခွန်ကောက်ခံနိုင်ခြင်း မရှိဘူး။ ဆင်းရဲချမ်းသာမညီမှုနဲ့အတူ လူမျိုးရေးနဲ့ ဘာသာရေးခွဲခြားဆက်ဆံမှု တွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်။ ပြီးခဲ့တဲ့နှစ်က နိုင်ငံတွင်းမှာ ကိုဗစ်နိုင်တင်းဖြစ်ခဲ့တဲ့အတွက် စီးပွားရေးက ပြိုလဲမတတ် ဖြစ်ခဲ့တယ်။ မြန်မာ့စီးပွားရေးဟာ တရုတ်အပေါ်မှာ မူတည်နေရတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးဟာ အဆိုးဆုံး အခြေအနေမှာ ရှိနေတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ဒီနိုင်ငံရေး၊ စီးပွားရေးအခြေအနေကို ကျယ်ကျယ်ပြန့်ပြန့် နားလည်ဖို့ လိုအပ်နေတယ်။