ရဲတပ်ဖွဲ့ဝင်ခြောက်ဦးက ဒိုင်းပြားများ ကိုင်ဆောင်ပြီး သတိအနေအထားဖြင့် ရပ်နေကြသည်။ ဒိုင်းပြား၏ နောက်ဘက်တွင် ရော်ဘာနံပါတ်တုတ်ထိုး ထားပြီး ရဲအရာရှိများက နောက်ဘက်တွင် ရပ်ကြည့်နေသည်။

ရဲတပ်ဖွဲ့ဝင်များက အဆောက်အအုံ တစ်ခု၏ အရှေ့လမ်းမကြီးတစ်ခြမ်းကို ဘယ်ရီဂိတ်များဖြင့်ပိတ်ပြီး လုံခြုံရေး ယူထားခြင်းဖြစ်သည်။

ထိုဘယ်ရီဂိတ်များအကြားတွင် ပထမစည်း ဒုတိယစည်း တတိယစည်း ဟုရေးသားထားသည့် ဗီနိုင်းပြားများ ထောင်ထားသည်။

ယင်းသတိပေး စည်းများက ပိတ်ထားသည့် လမ်းမတစ်ခြမ်းပေါ်တွင်သာ အကျုံးဝင်သည့် သဘောဖြစ်သည်။

ထိုမြင်ကွင်းကား ရန်ကုန်-ကော့သောင်း ပြည်ထောင်စုလမ်းမပေါ်ရှိ သရက်ချောင်းမြို့နယ်ထွေအုပ်ရုံးရှေ့တွင် ဖေဖော်ဝါရီလ ၂၄ ရက် ညနေပိုင်း အခြေအနေဖြစ်သည်။

သရက်ချောင်းမြို့တွင် စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်သည့်ဆန္ဒပြပွဲကို အင်အားဖြည့်ရန် ထားဝယ်မြို့မှ ပြည်သူများ၊ အင်ဂျင်နီယာများနှင့် ပညာရေး ဝန်ထမ်းများက ယင်းနေ့ နေ့လယ်ပိုင်းတွင် ကား၊ ဆိုင်ကယ်များဖြင့် ချီတက်ခဲ့ ကြသည်။

သရက်ချောင်းမြို့မှ ဒေသခံများအပြင် ကျေးရွာအသီးသီးနေ ပြည်သူများ ကလည်း မြို့အဝင်ဝရှိ မော်ရှည်ကုန်းရွာ သင်္ချိုင်းတွင် စုရပ်သတ်မှတ်ထားသည်။

မွန်းလွဲ ၂ နာရီခန့်တွင် မော်ရှည်ကုန်း သင်္ချိုင်းစုရပ်မှ ဆန္ဒပြသူများက သရက်ချောင်းမြို့အတွင်းသို့ စတင်ချီတက် ခဲ့သည်။

အင်အားလာဖြည့်သည့် ထားဝယ် စစ်ကြောင်းက မွန်းလွဲနှစ်နာရီခွဲခန့်တွင် ရောက်ရှိကာ သရက်ချောင်းဆန္ဒပြစစ်ကြောင်းနှင့်ပူးပေါင်းပြီး ဆန္ဒပြသူထောင် ပေါင်းများစွာက မြို့အတွင်းသို့ ဆက်လက် ချီတက်ခဲ့ကြသည်။

ပူးပေါင်းစစ်ကြောင်းက မြို့နယ် ထွေအုပ်ရုံးသို့ မရောက်မီ လမ်းခုလတ်တွင် လမ်းမပေါ်ဆေးဖြင့် စာလုံးရေးဆွဲ ခဲ့ကြသည်။

ထိုနောက် စာလုံးရေးဆွဲသူများကို ထားခဲ့ကာ ပူးပေါင်းစစ်ကြောင်းက မြို့နယ်ထွေအုပ်ရုံးရှေ့သို့ ဆက်လက်ချီ တက်ခဲ့သည်။

ထွေအုပ်ရုံးရှေ့တွင် ရဲတပ်ဖွဲ့ဝင် များက လမ်းတစ်ခြမ်းပိတ်ကာ နေရာယူ ထားချိန်တွင် ဆန္ဒပြသူများက အဆိုပါ ရုံးရှေ့တွင် ထိုင်သပိတ်ဆင်နွှဲကြသည်။

လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များ၏ ရှေ့တည့်တည့်တွင် ထားဝယ် ခရိုင်ပညာရေး ဆရာ ဆရာမများက ဆန္ဒပြဗီနိုင်းပြားများကိုင်ကာ ထိုင်သပိတ်စတင်ခဲ့သည်။

ထိုနောက် ထားဝယ်မှ အင်အားလာ ဖြည့်သည့် ဆန္ဒပြခေါင်းဆောင်အချို့က သုံးဘီးဆိုင်ကယ်ခေါင်မိုးပေါ်မှ လော်စပီကာဖြင့် မိနစ်အနည်းငယ်စီ ဟောပြောကြသည်။

ထိုအချိန်တွင် ထားဝယ်နှင့် မြိတ်သို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်နေသည့် ကုန်တင်ကားကြီးများ၊ အိမ်စီးကားများလည်း ထွေအုပ်ရုံးရှေ့ ဖွင့်ထားသည့် လမ်းတစ်ခြမ်းမှ မောင်းနှင်သွားလာနေ ကြသည်။

ယင်းအချိန်တွင် ထွေအုပ်ရုံးရှိ အခန်းတစ်ခုမှ အရပ်ဝတ်ဖြင့် လူတစ်ဦးထွက်လာပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲအရာရှိများနှင့် တီးတိုးစကားပြောနေသည်။

ထိုနောက် အမျိုးသမီးတစ်ဦး ဟောပြောနေချိန်တွင် ရဲအရာအရှိတစ်ဦး က လော်စပီကာဖြင့် စတင်ကြေညာ တော့သည်။

၎င်းတို့မြို့နယ်တွင် ပုဒ်မ-၁၄၄ ထုတ်ပြန်ထားသည့်အတွက် လူစုခွဲရန် လော်စပီကာဖြင့် သုံးကြိမ်ထက်မနည်း ကြေညာခဲ့သည်။

ဟောပြောသည့်အမျိုးသမီးနှင့် ရဲအရာရှိတို့က လော်စပီကာဖြင့် ပြိုင်တူ ပြောဆိုနေခြင်းဖြစ်သည်။

မိနစ်အနည်းငယ်ကြာ သီးခြားစီ ပြောဆိုကြပြီးနောက် ထိုင်သပိတ်လုပ်နေသည့် ဆရာ ဆရာမများက ထရပ်လိုက်ကြသည်။ ရဲအရာရှိကလည်း လူစုခွဲရန်သာ မိုက်ဖြင့် ကြေညာနေသည်။

ယင်းနောက် ဆန္ဒပြသပိတ်စစ် ကြောင်းဦးဆောင်သူများက လာလမ်းအတိုင်း ပြန်လှည့်လိုက်ပြီး ဆက်လက်ချီ တက်သွားသည်။

ထွေအုပ်ရုံးရှေ့မှ ဆန္ဒပြသူများ ထွက်ခွာပြီး မိနစ်အနည်းငယ်အကြာတွင် ထွေအုပ်ရုံးရှေ့တွင် ချထားသည့် ဘယ်ရီဂိတ်များကို ရဲတပ်ဖွဲ့က ဖယ်ရှားလိုက်သည်။

ဆန္ဒပြသူများကလည်း မူလစုရပ်ဖြစ်သည့် မော်ရှည်ကုန်းသင်္ချိုင်းဘက်သို့ ချီတက်သွားပြီးနောက် ငြိမ်းချမ်းစွာ လူစုခွဲလိုက်သည်။

သရက်ချောင်းမြို့၌ တပ်အာဏာသိမ်းပြီးနောက်ရက်များတွင် ဆန့်ကျင်ရေးဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့က ရဲစခန်းရှေ့တွင် ဘယ်ရီဂိတ်များဖြင့် လမ်းပိတ်ကာ လူစုခွဲရန် ကြေညာခဲ့ဖူးသည်။

သို့ရာတွင် ဆန္ဒပြသူများက ပိတ်ထားသည့် ဘယ်ရီဂိတ်ဘေးမှ ကွေ့ဝိုက်ကာ ဆက်လက်ချီတက်သွားခဲ့သည့် ဖြစ်စဉ်များလည်း ရှိသည်။