အာဏာသိမ်းပြီးနောက် ဓာတ်ဆီတစ်လီတာလျှင် နှစ်ရာကျပ်ခန့် ဈေးတက်

0
168
Dawei Watch, Dawei News, Dawei News Media

တပ်အာဏာသိမ်းပြီးနောက် ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ်နှစ်ရာခန့် ဈေးတက်သွားကြောင်း ထားဝယ်ခရိုင်အတွင်း ရှိ စက်သုံးဆီဆိုင်များထံမှ သိရသည်။

အာဏာမသိမ်းမီ ဇန်နဝါရီလတွင် ၉၂ အမျိုးအစား ဓာတ်ဆီတစ်လီတာလျှင် ၆၅၀ ကျပ်ခန့်သာရှိရာမှ လက်ရှိတွင် ၈၄၅ ကျပ်အထိ ဈေးတက်သွားကြောင်း ယင်းဆီဆိုင်အချို့ထံမှ သိရသည်။

စက်သုံးဆီဈေးနှုန်းမှာ တည်ငြိမ် မှုမရှိဘဲ တဖြည်းဖြည်းဈေးတက်လာနေကြောင်း ထားဝယ်မြို့ ကမြောကင်းလမ်းရှိ ရနံ့သစ်ဆီဆိုင်မှ မန်နေဂျာက ဆိုသည်။

“ဈေးကတော့ ပုံမှန်မရှိဘူး။ တစ်နေ့ တစ်မျိုး မြင့်တက်နေတယ်။ ကျတယ် မရှိဘူး” ဟု အထက်ပါ မန်နေဂျာက ပြောသည်။

စက်သုံးဆီဈေးနှုန်းမြင့်တက်လာသည့်နည်းတူ အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲများလည်း ထားဝယ်မြို့ တွင် နေ့စဉ်ဖြစ်ပွားနေသည်။

ထိုကြောင့် သွားလာသူနည်းပါးပြီး ဝင်ငွေထိခိုက်လာကြောင်း ဈေးကြီး တောင်ဘက်တွင် ဂိတ်ထိုးပြေးဆွဲနေ သည့် သုံးဘီးယာဉ်မောင်းတစ်ဦးက ဆိုသည်။

“နယ်ကလူတွေက အရင်လို မလာ ကြတော့ဘူး။ ဆီဈေးကလည်း တက်နေတယ်။ အရင်လို တွက်ခြေမကိုက်တော့ဘူး” ဟု ၎င်းက ပြောသည်။

ဇန်နဝါရီလအတွင်းက ၉၅ ဓာတ်ဆီ တစ်လီတာလျှင် ၇၅၀ ကျပ်ဈေးပေါက်ရာ မှ လက်ရှိတွင် ၉၄၅ ကျပ်အထိ ဈေးတက်သွားသည်။

ထို့အတူ ဒီဇယ်ဈေးလည်း တစ်လီတာလျှင် ငွေကျပ်နှစ်ရာခန့် ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။