လန်ပိအဏ္ဍဝါ အမျိုးသားဥယျာဉ် ဝန်ထမ်းများ ဆယ်ရက်အတွင်း လုပ်ငန်းခွင်ပြန်ဝင်ရန် အသိပေး

0
208
Dawei Watch, Dawei News, Dawei News Media

မြိတ်ကျွန်းစုအတွင်းရှိ လန်ပိအဏ္ဍဝါအမျိုးသားဥယျာဉ်ဝန်ထမ်းများ ဆယ်ရက်အတွင်း လုပ်ငန်းခွင်ပြန်ဝင်ရန် ဖေဖော်ဝါရီလ ၂၅ ရက်က အကြောင်း ကြားခဲ့သည်။

ဥယျာဉ်ဝန်ထမ်းများ နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ပတ်သက်ခြင်း မပြုရန်၊ လုံလောက်သော အကြောင်းပြ ချက်မရှိဘဲ တာဝန်ချိန် ပျက်ကွက်ပါက အရေးယူခံရမည့်အကြောင်းနှင့် ဆယ် ရက်အတွင်း ရုံးတက်ခြင်းမရှိသူအား အရေးယူမည့်အကြောင်း အကြောင်း ကြားစာကို ဝန်ထမ်းများအား ပေးပို့ခဲ့ ခြင်းဖြစ်သည်။

ထိုအကြောင်းကြားစာအား သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနရုံးချုပ်မှ ပေးပို့လာသည့်အတွက် ဥယျာဉ်ဝန်ထမ်းများသိရှိစေရန် ထပ်ဆင့်အကြောင်းကြားခြင်းသာဖြစ်ကြောင်း အဆိုပါဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးကြည်ဦးက ဆိုသည်။

၎င်းအနေဖြင့် ဝန်ထမ်းများအား အမိန့်ပေးခြင်း၊ ညွှန်ကြားခြင်း မဟုတ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ ဝန်ထမ်းတွေကို အသိပေးတာပါ၊ ဒီလိုတော့ ရှိတယ် ဆိုတာကို သူတို့လည်း သိအောင်ပေါ့” ဟု ဦးကြည်ဦးက ပြောသည်။

လန်ပိအဏ္ဍဝါအမျိုးသား ဥယျာဉ် တွင် စုစုပေါင်းဝန်ထမ်း ၁၄ ဦးရှိပြီး ၎င်းအပါအဝင် အားလုံးမှာ အလုပ်မဆင်း အာဏာဖီဆန်မှု (CDM) လုပ်နေကြကြောင်း ဦးကြည်ဦးက ဆိုသည်။

တိုင်းအတွင်း မြို့နယ်အချို့ရှိ အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် သစ်တောဝန်ထမ်းအချို့လည်း ပူးပေါင်းပါ ဝင်နေသည်။