စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့သစ်တော ပိုပြုန်းသွားနိုင်

0
1226
မြန်မာ့သစ်တော

စီးပွားရေး ပိတ်ဆို့မှု၊ ကုန်သွယ်ရေး ပိတ်ဆို့မှုများ၏ ဖိအားကြောင့် မြန်မာ့ တပ်မတော်သည် ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံနှုန်းများမရှိသော နိုင်ငံများ၊ စီးပွားရေးလုပ်ငန်းများကို သစ်လုပ်ကွက်များ ပိုချပေးလာနိုင်ကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်သူများက ပြောဆိုလိုက်သည်။

မြန်မာစစ်တပ်၏ အာဏာသိမ်းမှု နှင့် နိုင်ငံခြားတိုင်းပြည်များနှင့် စီးပွားရေး လုပ်ငန်းများက မြန်မာပြည်အပေါ် ကုန်သွယ်ရေးသပိတ်မှောက်မှု မြင့်လာခြင်းတို့မှာ မြန်မာပြည်၏ သစ်တော ပြုန်းတီးမှုကို အားပေးရာရောက်နိုင်သည်။

တစ်နည်းဆိုသော် ထိုသို့သော အခြေအနေသည် ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမည့် စံချိန်စံညွှန်းမျိုး မရှိ သော၊ အလေးမထားသော ရင်းနှီးမြှုပ်နှံ သူများလက်သို့ မြန်မာ့သစ်တောများ ပြန်ရောက်သွားနိုင်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး အုပ်စုများက သတိပေး ကြပါသည်။

နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို မြန်မာ့တပ်မတော်က ယခုလအတွင်း ဖြုတ်ချလိုက်ခြင်းနှင့်အတူ ဆယ်စုနှစ်တစ်ခုကြာရှည်ခဲ့သော ဒီမိုကရေစီအကူးအပြောင်းလည်း နိဋ္ဌိတံ သွားသည်။ ယင်းအပြင် ထို ဒီမိုကရေစီ အကူးအပြောင်း ကနဦးကာလများတွင် မြန်မာပြည်အပေါ် နိုင်ငံတကာ၏ ပိတ်ဆို့မှုများ ဖယ်ရှားပြီးနောက်တွင် မြန်မာပြည်ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော နိုင်ငံတကာကုမ္ပဏီများလည်း ရပ်သွားသည်။

အာဏာသိမ်းမှုဖြစ်ပြီးနောက်တွင် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါ နိုင်ငံတို့က အာဏာရယူထားသော မြန်မာ စစ်ဗိုလ်ချုပ်များကို ပိတ်ဆို့မှုများ ထပ်မံ ချမှတ်လိုက်ပြီဖြစ်သည်။ ဥရောပ သမဂ္ဂကမူ ပိတ်ဆို့မှုများချမှတ်ရန် ဆွေးနွေး နေဆဲဟုမျှော်လင့်ရသည်။

လူ့အခွင့်အရေးဆိုင်ရာတက်ကြွ လှုပ်ရှားသူများနှင့် စားသုံးသူများက ပိုမိုပြင်းထန်သော တုံ့ပြန်မှုများ လုပ်ဆောင်ရန်တောင်းဆိုမှုများကြောင့် အချို့သော စီးပွားရေးကော်ပိုရေးရှင်းကြီးများမှာ စစ်အုပ်စုနှင့် နှီးနွှယ်သော စီးပွားရေးလုပ်ငန်းများကို ရပ်တန့်လိုက် ပြီဖြစ်သည်။ သာဓကအနေဖြင့် ဂျပန်ပြည်၏ အဖျော်ယမကာ လုပ်ငန်းကြီးဖြစ်သော ကီရင်ကုမ္ပဏီက မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် အဆက်ဖြတ် ထားလိုက်ပြီ ဖြစ်သည်ဟုဆိုသည်။

အနောက်နိုင်ငံများမှ စီးပွားရေး လုပ်ငန်းများ၏ အကျိုးစီးပွားဖြစ်ရာလုပ်ငန်းများနေရာတွင် ဒေသတွင်း လုပ်ငန်း ရှင်များဖြင့် အစားထိုးခံရနိုင်ပြီး ကမ္ဘော ဒီးယားတွင် မြင်တွေ့ရသော အခြေအနေ မျိုးဖြစ်နိုင်ခြေများကြောင်း မြန်မာပြည်တွင် အလုပ်လုပ်ခဲ့သော ကုလသမဂ္ဂ၏ အာရှပစိဖိတ်သစ်တောရေးရာ အတိုင်ပင်ခံ တစ်ဦးဖြစ်သော သောမတ်အန်တာက သုံးသပ်သည်။

“အခြားနိုင်ငံတွေက ဒီ လစ်လပ် သွားတဲ့ ဟာကွက်ကို ဝင်ဖြစ်သွားမှာ။ ပြောရရင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ် နဲ့ မလေးရှားပေါ့။ သူတို့တွေက မြန်မာ ပြည်က ဆီအုန်းနဲ့ သစ်လိုမျိုးကုန်စည်တွေကို ဝယ်မယ့်သူတွေ၊ ဒါမှမဟုတ်လည်း မြန်မာပြည်ထဲဝင်ပြီး ရင်းနှီးမြှုပ်နှံ ဖို့ အလားအလာရှိတဲ့ နိုင်ငံတွေပေါ့” ဟု အန်တာက သောမဆင်ရိုက်တာ ဖောင်ဒေး ရှင်းကို ပြောဆိုသည်။

“အဲဒီနိုင်ငံတွေက လူအခွင့်အရေး အပေါ် အလေးထားမှုတွေ၊ လုပ်ငန်းတွေကြောင့် ဖြစ်လာနိုင်တဲ့ လူမှုစီးပွား ထိခိုက်မှုတွေကို စိတ်ဝင်စားမှု တအားနည်းတယ်။ မြန်မာပြည်ထဲမှာတော့ ဒီ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးတွေကြောင့် ဖြစ်လာနိုင်တဲ့ ပတ်ဝန်းကျင်အရေးနဲ့ ဆိုင်ပြီး လုပ်ကြကိုင်ကြ အလေးထားကြတာတွေတော့ နည်းကျသွားမှာ အသေ အချာပါပဲ” ဟု သူက ဆက်ပြောသည်။

၇၀ ရာခိုင်နှုန်းခန့်သော မြန်မာ ပြည်သူတို့မှာ ကျေးလက်ဒေသတွင် နေထိုင်ကြကာ ဟက်တာပေါင်း ၂၉ သန်းခန့် (ဧကပေါင်း ၇၂ သန်းခန့်) ရှိသော သစ်တောများကို ယင်းတို့၏ အခြေခံ စားဝတ်နေရေးလိုအပ်ချက်များ အတွက် အမှီပြုနေရသည်။

မြန်မာ့သစ်တောများမှာ အဖိုး ထိုက်တန်လှဆုံးသော သဘာဝ အရင်းအမြစ်များထဲမှ တစ်ခုဖြစ်သည်။ သို့သော် သစ်တောများမှ အဆင်ခြင်မဲ့ သစ်ထုတ်ခြင်းခံခဲ့ရပြီး ထိုမှရရှိသော ဝင်ငွေများသည် လွန်ခဲ့သော ၂၀၁၁ ခုနှစ် မြန်မာပြည်၏ ဒီမိုကရေစီ အရွေ့များ မဖြစ်မီ အချိန်အထိ မြန်မာပြည်ကို ၄၉ နှစ်ကြာ ခြယ်လှယ်ခဲ့သော စစ်အုပ်ချုပ်ရေးအတွက် ဘဏ္ဍာငွေရရေး အထောက်အကူ ပြုခဲ့သည်။

မွဲနာစွဲနေသော မြန်မာနိုင်ငံသည် စိုက်ပျိုးမြေများတိုးချဲ့ခြင်း၊ အခြေခံ အဆောက်အအုံများနှင့် လျှပ်စစ်ဓာတ် အားစီမံကိန်းများ၊ သတ္တုတူးဖော်မှုများ နှင့် သစ်ထုတ်လုပ်ခြင်းတို့ကြောင့် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှုအများဆုံးသော နိုင်ငံများအနက် တစ်နိုင်ငံလည်းဖြစ်ကြောင်း ကုလ၏ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ကြီး၏ အဆိုအရ သိရသည်။

သစ်တောပြုန်းတီးစေသည့်အခြားသော အကြောင်းအရင်းများမှာ ဥပဒေ စိုးမိုးမှု အားနည်းခြင်း၊ အားပျော့သော စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ယန္တရားများ၊ အဂတိလိုက်စားမှု၊ အသေအချာ စီစဉ် အုပ်စုဖွဲ့ကျူးလွန်သော မှုခင်း၊ လူမျိုးနွယ်စု ပဋိပက္ခများနှင့် ကန့်သတ်ထားသော မြေယာအခွင့်အရေးများလည်း ပါဝင်သည်ဟု သစ်တောရေးရာ ကျွမ်းကျင် သူများက ဆိုသည်။

ညံ့ဖျင်းသော စီမံခန့်ခွဲမှု
မြန်မာရှိ သဘာဝသစ်တော လက်ကျန် အများစုမှာလည်း နယ်စပ်ဒေသများတွင် ရှိနေပြီး ယေဘုယျအားဖြင့် ထိုင်းနှင့် တရုတ် နယ်စပ်တစ်လျှောက်တွင် ရှိနေ သေးသည်။
အကယ်၍ နိုင်ငံတကာစီးပွားရေး ပိတ်ဆို့မှုများ ပိုမို၍တင်းကျပ်လာခဲ့လျှင် စစ်တပ်အနေနှင့် ယင်းတို့၏ အစိုးရ ဘဏ္ဍာရေးတောင့်တင်းရေးအတွက် သစ်ပိုထုတ်ရန် တွန်းအားပေးသလို ဖြစ်သွားနိုင်သည်။ ယင်းကြောင့် ၂၀ဝ၀ ခုနှစ် အစောပိုင်းကာလများတွင် အမေရိကန်ကလုပ်ဆောင်ခဲ့သော သွင်းကုန်ပိတ်ဆို့မှုများ နောက်တွင် ဖြစ်ခဲ့သလို ဖြစ်နိုင်သည်ဟု သဘာဝပတ်ဝန်းကျင်ရေးရာ လုပ်ဆောင်သူများက ဆိုသည်။

အခြေအနေမှာ အင်မတန်စိုးရိမ် ဖွယ်ဖြစ်နေပြီး သစ်တောစောင့်ကြည့်ရေး၊ စီမံအုပ်ချုပ် ခန့်ခွဲရေး ယန္တရားစနစ်များ ပျက်ပြယ်ရပ်တန့်သွားချိန်တွင် သစ်တောပြုန်းတီးစေသည့် အကြောင်း အရင်းများ ပိုမိုများပြားလာစေနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန် အခြေစိုက် အကျိုးအမြတ်မယူ သော အဖွဲ့တစ်ခု ဖြစ်သည့် Forest Trends အဖွဲ့မှ မူဝါဒလေ့လာသုံးသပ်သူ ကယ်ဗင် ဝုဒ်က ဆိုသည်။

“သမိုင်းအရပြောရရင် မြန်မာ့ သစ်တောတွေက စစ်အုပ်ချုပ်ရေးအောက်မှာ ဆိုးဆိုးဝါးဝါး စီမံခန့်ခွဲမှု၊ ကာကွယ်မှု မျိုးနဲ့ ရှိခဲ့တာပါ။ အထူးသဖြင့် အရင် စစ်အုပ်ချုပ်ရေးနဲ့ အပြည့်အဝ အုပ်ချုပ်ခဲ့တဲ့ နောက်ဆုံး ဆယ်စုနှစ်ဖြစ်တဲ့ ၂၀ဝ၀ ခုနှစ်တွေမှာပါ” ဟု ဝုဒ်ကဆို သည်။ တိုင်းရင်းသား ပဋိပက္ခများကလည်း သစ်တောကာကွယ်ရေးအတွက် အဟန့်အတား ဖြစ်စေကြောင်းလည်း ထပ်လောင်းပြောသည်။

သို့သော်လည်း ကျယ်ကျယ်ပြန့် ပြန့်ဖြစ်နေသော သစ်တောပြုန်းတီးမှုက မြန်မာ့ သစ်တောများကို ဆိုးဆိုးရွားရွား ထပ်ဖြစ်စရာ မလိုတော့လောက်အောင်ပင် ပြုန်းတီးနေနှင့်ပြီးကြောင်း အန်တာက ဆိုသည်။

တစ်ချိန်တည်းတွင်ပင် အနောက် နိုင်ငံများက ချမှတ်လာမည့် မည်သည့် ကုန်သွယ်ရေးပိတ်ဆို့မှုအသစ်မျိုး မဆို ယခင်က ပိတ်ဆို့မှုများလောက်ပင် ထိရောက်လွှမ်းမိုးမှုရှိမည်မဟုတ်ဟုလည်း သူက ဖြည့်ပြော၏။

ဗီယက်နမ်၊ အိန္ဒိယနှင့် တရုတ်တို့သည် မြန်မာ့ပစ္စည်းများ၏ အဓိက ဝယ်လက်များဖြစ်ကာ မလေးရှားနှင့် ထိုင်းတို့ကလည်း ဆီအုန်းစိုက်ပျိုးရေးတွင် ရင်းနှီးမြှုပ်နှံရန် အကွက်ချောင်းနေကြောင်း သူကဆိုသည်။

ကမ္ဘာ့ကုန်သွယ်ရေးကို မြှင့်တင်ရန် တရုတ်က ဖော်ဆောင်နေသော ရပ်ဝန်းနှင့် ပိုးလမ်းမ (Belt and Road Initiative -BRI) ၏အစိတ်အပိုင်းပါ အခြေခံ အဆောက်အဦ စီမံချက်များ တိုးချဲ့ရန် ဒါဇင်ချီသော သဘောတူညီမှုများ မြန်မာနှင့် တရုတ်နိုင်ငံတို့ ယမန်နှစ်က လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာက သစ်တောပြုန်းတီးမှုကို လျှော့ချရန် သစ်အလုံးလိုက်တင်ပို့မှုကို ၂၀၁၆ ခုနှစ်တွင် စတင်ရပ်ဆိုင်းပိတ်ပင် ခဲ့သည်။ သို့သော် နယ်စပ်ဒေသအများအပြားတွင် တရားမဝင် သစ်ထုတ်လုပ်မှုများ ရှိနေဆဲဖြစ်ကြောင်း သစ်တောဆိုင်ရာ တက်ကြွလှုပ်ရှားသည့်အုပ်စုများကဆိုသည်။

သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ အောင်မြင်နေသည့် နိုင်ငံများကို

ငွေကြေးထောက်ပံ့သော ကုလ၏ REDD+ အစီအစဉ်ကိုလည်း မြန်မာက ပါဝင် ထားသည်။

သို့သော်လည်း မကြာသေးမီနှစ်များက နိုင်ငံအတွင်း အခြေခံအဆောက်ဦ ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ် ရေးလုပ်ငန်းများတွင် ဦးစားပေးလုပ် ကိုင်နေခဲ့ဖြင့် သစ်တောထိန်းသိမ်းရေး တွင် အရှိန်အဟုန်လျော့ခဲ့ကြောင်း သဘာဝထိန်းသိမ်းရေးအုပ်စုများ၏ အဆိုအရ သိရသည်။

တပ်အတွက်ငွေလား
မြန်မာပြည်အပေါ် နိုင်ငံတကာသို့ သစ်ကုန်သွယ်မှု တားမြစ်ပိတ်ဆို့ခြင်းမှာ မြန်မာ့သစ်ထုတ်လုပ်ရေးကဏ္ဍကို မှောင်ခို ခိုးထုတ်သော အခြေအနေသို့ ရောက်သွားစေနိုင်ပြီး အမျိုးမျိုးသော ပိတ်ဆို့မှုများကြောင့် မြန်မာ့လူထုကို ထိခိုက်နိုင်ကြောင်း ပတ်ဝန်းကျင်အရေးလှုပ်ရှားသူ များက ဆိုကြသည်။

အရပ်ဘက်အဖွဲ့အစည်းများ အနေဖြင့် သစ်တောများနှင့် ဒေသခံဌာနေ ရပ်ရွာအသိုင်းအဝိုင်းများကို ဆက်လက် စောင့်ကြည့် ကာကွယ်ခွင့်ပြုရန် ၎င်းတို့ က တောင်းဆိုခဲ့ကြသည်။

စစ်တပ်အနေဖြင့် ယခင်က အာဏာ ပိုင်များ ဖမ်းဆည်းရမိခဲ့သော တရား မဝင် ကျွန်းသစ်များကို အလုံးအရင်းနှင့် ထုတ်ရောင်းကောင်းထုတ်ရောင်းနိုင်ကြောင်း လန်ဒန်အခြေစိုက် ပတ်ဝန်းကျင် ဆိုင်ရာ စုံစမ်းလေ့လာမှုများပြုသော အေဂျင်စီမှ ခေါင်းဆောင် ဖိတ်ဒိုဟာတီက ဆိုသည်။

“ဖေဖော်ဝါရီ ၁ ရက်ကတည်းက စစ်တပ်က နိုင်ငံကို စပြီး ထိန်းချုပ် လိုက်ပြီးနောက်ပိုင်းမှာတော့ ဘယ် စီးပွားရေး လုပ်ငန်းမှ ဝင်မလုပ်နေတဲ့ ဒီသစ်ထုတ်လုပ်ရေးကြောင့် စစ်တပ်ကို ချမ်းသာလာစေမှာပဲ” ဟု ဒိုဟာတီက ဆိုသည်။ ယင်းအပြင် သစ်လုံးဝယ်နေ သောနိုင်ငံများကို ယင်းတို့၏ သွင်းကုန် ဆိုင်ရာ စည်းကမ်းချက်များကို တင်းကျပ်ရန် သူက တောင်းဆိုသည်။

“ကျွန်တော်ပြောချင်တာကတော့ စစ်တပ်က သဘာဝသယံဇာတ အရင်း အမြစ်တွေကို ထိန်းချုပ်ခြယ်လှယ် နေတာကို မဖယ်ရှားသေးသရွေ့တော့ မဝယ်ကြပါနဲ့”

Thomson Reuters Foundation ၏ ဆောင်းပါးကို ဝေယံထွဏ်း ဘာသာပြန်ဆိုသည်။