ဖေဖော်ဝါရီ ၂၀
(ဆန္ဒထုတ်ဖော်မှု ၁၄ ရက်မြောက်နေ့)

ပင်မသပိတ် စစ်ကြောင်းကြီးသည် မြို့သစ်လမ်းဆုံမှ ချီတက်ခဲ့ကြပြီး ကျဆုံးသွားသည့် မြသွဲ့သွဲ့ခိုင်အား လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ငြိမ်သက်စွာဖြင့် ဂုဏ်ပြုခဲ့ကြသလို WE LOVE MYEIK ဆိုင်းဘုတ်ရှေ့တွင်လည်း လွမ်းသူပန်းခွေနှင့် နှင်းဆီ ပန်းများချကာ ဆုတောင်းခဲ့ကြသည်။

ယင်းနောက် ကမ်းနားလမ်း မီးပြ တိုက်ရှေ့တွင် သပိတ်စစ်ကြောင်း ရပ်နားခဲ့ကြပြီး ဖျက်ဆီးခံခဲ့ရသည့် FREE OUR LEADERS စာတမ်းအား ပြန်ရေးခြင်း၊ သပိတ်မှောက်ခေါင်းဆောင်များမှ ဟောပြောခြင်းနှင့် စစ်အာဏာရှင် အလိုမရှိကြောင်း သံချပ်များထိုးကာ သပိတ်ရပ်နားလိုက်ကြသည်။

ဖေဖော်ဝါရီ ၂၁
(ဆန္ဒထုတ်ဖော်မှု ၁၅ ရက်မြောက်နေ့)

ပင်မသပိတ်စစ်ကြောင်း နံနက် ၈ နာရီခွဲတွင် ကန်ကြီးရေကန်ဘောင်မှ စထွက်ပြီး တပ်ပြင်၊ အထက်ရေပုန်း၊ ကြံတော၊ ရပ်ကွက်များကို ဖြတ်ကျော်ခဲ့ပြီး ကန်ဖျားရပ်ကွက် မိုးလုံလေလုံ အားကစားရုံရှေ့တွင် သပိတ်စစ်ကြောင်း ရုပ်သိမ်းခဲ့ကြသည်။

ဖေဖော်ဝါရီ ၂၂
(ဆန္ဒထုတ်ဖော်မှု ၁၆ ရက်မြောက်နေ့)

ကတ္တရာလမ်းမများ နေမခသည့်နေ့ သို့မဟုတ် တစ်ပြည်လုံးလမ်းပေါ် ထွက်ကြသည့် နွေဦးတော်လှန်ရေးအဖြစ်၊ မြိတ်သမိုင်းတွင် အထူးခြားဆုံး နေ့အဖြစ် မှတ်တမ်းတင်ရလိမ့်မည်။

လဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်၊ အိမ်ဆိုင်နှင့် ဈေးများအကုန်ပိတ်ထား ကြပြီး လမ်းပေါ် ထွက်လာကြသည်။

အချို့တစ်အိမ်လုံးပိတ်ပြီး ကလေး ပါမကျန်ထမ်းပိုးကာ လမ်းပေါ်ထွက် လာကြသည်။
ရွာများဖက်မှလည်း ကားကြီး ကားငယ် အသွယ်သွယ်နှင့် ထွက်လာကြသလို ပင်လယ်ရွာများဖက်မှလည်း လှေကြီးတက်မထောင်ကာ လှိုင်းလေ ဖြတ်ကူး ချီတက်လာကြသည်။

ဌာနစုံ၊ အဖွဲ့စုံ၊ ရပ်ကွက်ကျေးရွာ တွေကလည်း တော်တော်များများ ပါဝင်လာသည့် အလွှာစုံအထွေထွေသပိတ်ကြီးကို သုံးနာရီကြာအောင် မြို့ပတ် ဆင်နွဲခဲ့ကြသည်။
ယခင်နေ့များကလို လမ်းဘေးဝဲယာ မှ ကြည့်ရှုသူများလည်း သိပ်မတွေ့ရ တော့ဘဲ အများစုမှာ အထွေထွေသပိတ် စစ်ကြောင်းအတွင်း ဝင်ရောက်ပူးပေါင်း ဆင်နွဲနေကြပြီဖြစ်သည်။

လမ်းလျှောက် သပိတ် စစ်ကြောင်း အစအဆုံး သုံးနာရီကြာမှ ပြီးဆုံးခဲ့ပြီး ၎င်းတို့တစ်သက် ယင်းလောက်များပြားသည့် လူပင်လယ်ကြီး မတွေ့ဖူးဟု အသက်အရွယ်ကြီးသည့် မြို့ခံများက ပြောပြကြသည်။

နံနက် ၈ နာရီခွဲမှ စပြီးမြို့ပတ်ခဲ့သည့် သပိတ်စစ်ကြောင်းကား မွန်းတည့် ၁၂ နာရီအချိန်မှ ပြီးဆုံးခဲ့သည်။

သပိတ်စစ်ကြောင်း ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့သော်လည်း ယင်းညတွင်တော့ သပိတ်ခေါင်းဆောင်များအား တပ်နှင့်ရဲ များက လိုက်လံဖမ်းဆီးကြသည်။

အနည်းဆုံးခေါင်းဆောင် ငါးဦး ခန့်ရှိနေအိမ်များအား လိုက်လံဖမ်းဆီးခဲ့ကြပြီး ၎င်းတို့ကို မတွေ့သဖြင့် သားသမီးများ၊ တူများကို ဖမ်းဆီးခဲ့ကြသည်။

ဖမ်းဆီးရာတွင် နေအိမ်အချို့အား ချိုးဖျက်ကာ ဝင်ရောက်ခဲ့ကြသည်။

အသက် ၁၈ နှစ်ခန့် လူငယ်နှစ်ဦး နှင့် အသက် ၃၀ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြပြီး တစ်ည ထိန်းသိမ်းပြီး နောက်တစ်နေ့ နံက် ၉ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြသည်။

လာရောက်ဖမ်းဆီးရာတွင် တပ်ကားဆယ်စီးခန့်နှင့် ရဲအပါအဝင် တပ်မတော်သား သုံးဆယ်ခန့် အင်အား သုံးကာ လာရောက်ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်သားများက ပြောပြသည်။

ဖေဖော်ဝါရီ ၂၃
(ဆန္ဒထုတ်ဖော်မှု ၁၇ ရက်မြောက်နေ့)

ဒီနေ့တော့ လမ်းလျှောက်ရသည့်နေ့များလာသည့်အတွက် ကန်ကြီး ရေကန်ပေါင်ပေါ် ညနေ ၃ နာရီမှ ညနေ ၅ နာရီခွဲအထိ ထိုင်သပိတ် ပြုလုပ်ရန် ခေါင်းဆောင်များက ဆုံးဖြတ် ခဲ့ကြသည်။

သို့သော် မွန်းလွဲ သုံးနာရီတောင် မထိုးသေးမီ ရဲကား၊ ရေကား အပါအဝင် စစ်ကားတစ်ဆယ်ကျော် ရေကန်ပေါင်ပေါ် အသင့်ရောက်ရှိနေကြပြီဖြစ်သည်။

ထိုင်သပိတ်လုပ်မည့်ပြည်သူများ တစ်ဖွဲဖွဲရောက်လာချိန်တွင်တော့ရဲ ကားမှ လော်စပီကာဖြင့် “ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသဖြင့် လူစုလူဝေးမလုပ်ရန်” မနားတမ်းအော်တော့သည်။

ပြည်သူများမှလည်း လမ်းလျှောက် သူလျှောက်၊ လေ့ကျင့်ခန်းလုပ်သူလုပ်၊ လူငယ်တွေကလည်း ဂစ်တာတီးသူတီးနှင့် ငြိမ်းချမ်းစွာဖြင့် အခြေအနေကို စောင့်ကြည့်နေကြသည်။

နောက်တစ်နာရီလောက် အကြာတွင်တော့ ကြာဆံကြော်၊ အအေးနှင့် မုန့်များ လာရောက်ကျွေးမွေးကြပြီး ထိုင်သပိတ်ပွဲကို စတုဒီသာကျွေးပွဲအဖြစ် ခေါင်းစဉ်တပ်လိုက်ကြသည်။

ညနေ ၅ နာရီအချိန်တွင်တော့ ပြည်သူများကိုယ့်အိမ်ကိုယ်ပြန်ခဲ့ကြသည်။

စိတ်ရှည်လက်ရှည် စောင့်ဆိုင်း ပေးနေသည့် စစ်ကားကြီးများမှလည်း ထိုအချိန်ကျမှ “မိဘပြည်သူ အပါင်းတို့ ခင်ဗျား” ဟု လော်စပီကာဖွင့်ပြီး ပြန်ကုန်ကြသည်။

ဖေဖော်ဝါရီ ၂၄
(ဆန္ဒထုတ်ဖော်မှု ၁၈ ရက်မြောက်နေ့)

မြို့သစ်လမ်းဆုံမှ နံက် ၈ နာရီခွဲ တွင် စထွက်ပြီး နောက်လယ်၊ တလိုင်း စု၊ ဆိပ်ငယ်၊ ထားဝယ်စု ရပ်ကွက်မှတစ်ဆင့် ကမ်းနားလမ်းတွင် သပိတ်ရပ်နားခဲ့ကြသည်။ ယင်းနေ့က လူအင်အား သိသာစွာလျော့ကျခဲ့သည်။

ဖေဖော်ဝါရီ ၂၅ သနပ်ခါးတိုက်ပွဲ ရက် မြို့သစ်လမ်းဆုံတွင် တပ်နှင့်ရဲများ မှ ပိတ်ဆို့တားဆီးမှုများလုပ်ခဲ့သည်။ သို့သော် ပြည်သူများမှ ထိပ်တိုက်ရင် ဆိုင်ခြင်းမပြုဘဲ အခြားလမ်းမှ ရှောင်ကွင်းကာ မြိတ်ကမ်းနားလမ်းအထိ ချီတက်ခဲ့ကြပြီးလူအင်အား ယခင်နေ့ ထက်ထပ်တိုးလာသည်။ ယင်းနေ့နံနက်တွင် သပိတ်မှောက်ရန် ကျောက်ဖျာရွာမှ ထွက်လာသည့် သပိတ် ခေါင်းဆောင်လေးဦး ကျွဲကူးတံတားတွင် အဖမ်းခံခဲ့ရ သည်။

ဖေဖော်ဝါရီ ၂၆
(ဆန္ဒထုတ်ဖော်မှု ၂၀ ရက်မြောက်နေ့)

ဒီနေ့တော့ ယခင်နေ့ကလို အတားအဆီးများ မတွေ့ရတော့။ ငြိမ်းချမ်းစွာဖြင့် မြို့ပတ်ကာ ကမ်းနားလမ်းသို့ ချီတက်ခဲ့ကြသည်။

ယင်းချီတက်ပွဲတွင် လူဦးရေ တစ်သိန်းနီးပါးခန့် ထပ်တိုးလာပြီး ဖမ်းဆီးထားသည့် ၈၈ ငြိမ်း/ပွင့် မှ ကိုမိုးသူအောင်၊ ကိုတူးတူးနှင့် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များဖြစ်ကြ သည့် ကိုချမ်းမြေ့နိုင်နှင့် ကိုရဲကျော်ဖြိုး တို့ လေးဦးအား အမြန်ဆုံးပြန်လွှတ်ပေး ရန် ပြည်သူများမှ တောင်းဆိုခဲ့ကြသည်။

ယင်းနေ့နေ့လယ် ၁ နာရီခန့်တွင် တပ်မတော်ထောက်ခံသည့် ရာချီသော လူအုပ်ကြီး မြိတ်လေယာဉ်ကွင်းမှ တစ်ဆင့် မြို့တွင်းသို့ချီတက်လာကြသည်။

ပြည်သူရာချီမှလည်း သံပုံးတီးကာ ချီတက်ရာလမ်း တစ်လျှောက် ဆန့်ကျင်အော်ဟစ်ခဲ့ကြသည့်အတွက် မြို့တွင်းသို့ မဝင်တော့ဘဲ ကြံတောလမ်း မှတစ်ဆင့် လေယာဉ်ကွင်းလမ်းအတိုင်း စုရပ်သို့ပြန်သွားခဲ့ကြသည်။

တပ်မတော်စစ်ကားများနှင့် ရဲတပ်ဖွဲ့များလည်း လမ်းဆုံလမ်းခွများတွင် လုံခြုံရေးအပြည့်ဖြင့် လိုက်လံ စောင့်ရှောက်နေသည်ကို တွေ့ရသည်။ စုစုပေါင်းကြာမြင့်ချိန် ၁ နာရီခန့်ရှိခဲ့ပြီး နှစ်ဖက်စလုံး ပြသနာတစ်စုံတစ်ရာ မရှိဘဲ ပြီးဆုံးခဲ့သည်။