တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲသည် ထားဝယ်မြို့၏ အစည်ကားဆုံးရိုးရာပွဲတော်တစ်ခုဖြစ်ပြီး လူသိန်းချီ စုဝေးဖူးမြော် လေ့ရှိသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားများကိန်းဝပ်ရာ ဘုရားကြီးဝင်းအတွင်းတွင် လမ်းလျှောက် သွား၍မရသည်အထိ စည်ကားလေ့ရှိသည်။

သို့သော် ဘုရားကြီးဝင်းမှလွဲ၍ မြို့တွင်းအခြားနေရာများတွင် လူစည် ကားသည်ဆိုသော်လည်း တိုးဝှေ့ရသည့် အခြေအနေမရှိခဲ့ပေ။

လက်ရှိတွင် အာဏာသိမ်းပြီး ၂၂ ရက်မြောက်နေ့၌ အဆိုပါဘုရားပွဲ၏ လူစည်ကားသည့်စံချိန်ကို ချိုးလိုက် သည်။

နံနက်စောစောအချိန်ကတည်း ကပင် ထားဝယ်လေးမြို့နယ်နေ ပြည်သူများက ကား၊ ဆိုင်ကယ်ကိုယ်စီဖြင့် ထားဝယ်မြို့အတွင်း ချီတက်လာခဲ့သည်။

ပုံမှန်ဖွင့်နေကျ လက်ဖက်ရည်၊ ထမင်း(ကြမ်း) ဆိုင်၊ မုန့်ဟင်းခါးဆိုင်များ လုံးဝမဖွင့်သည့်အတွက် ဆန္ဒပြလိုက် မည့်သူရော မလိုက်သူရော၊ ဝန်းရံသူ အများစုပါ မနက်စာငတ်ခဲ့ကြသည်။

သမိုင်းဝင်ဥတ္တံတားကြီးလမ်းဆုံမှ အဓိကပင်မသပိတ်စစ်ကြောင်း စထွက်လေ့ရှိသည့် နံနက် ၈ နာရီခွဲခန့်တွင်မူ အနီးအနားဝန်းကျင်ရှိ လမ်းကြီး လမ်းငယ်တို့တွင် ဆန္ဒပြစစ်ကြောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

ထို့အပြင် နယ်ဘက်မှဆန္ဒပြသူများကို တင်ဆောင်လာသည့်ကားများက ဘုန်းကြီးကျောင်းများ၊ လမ်းဆုံလမ်းခွများတွင် အသီးသီးရပ်နားထားကြသည်။

ပင်မစုရပ်ဖြစ်သည့် ဥတ္တံတားကြီး လမ်းဆုံမှ လှမ်းကြည့်လိုက်လျှင် မြင်နေရသည့် အလှသစ်စင်တာလမ်းဆုံတွင်မူ ခါတိုင်းရက်များနှင့် မတူတော့ဘဲ စည်းများ သတ်မှတ်ထားသည်။

တိုင်းပညာရေးမှူးရုံးရှေ့တွင် ပထမစည်းဟု ရေးထားသည့် ဗီနိုင်း တစ်ခုကို ထောင်ထားသည်။

အလှသစ်စင်တာအနီးမရောက်မီ နေရာတွင် ဒုတိယစည်းနှင့် လမ်းဆုံတွင် တတိယစည်းဆိုသည့်စာသားပါ ဗီနိုင်းပြားတစ်ခုလည်း ထောင်ထားသည်။

နောက်ဆုံးတွင် နောက်ခံအဖြူ ရောင်ပေါ်တွင် “လူစုခွဲ ထွက်ခွာခြင်း မပြုပါက ကျည်စစ်ကျည်မှန်ဖြင့် ပစ်မည်” ဆိုသည့် စာလုံးအနီကြီးက အထင်းသားပင်။

ထိုစည်းများ၏ အနောက်တွင်မူ ရေသယ်ကားတွင် ရေပိုက်ခေါင်းတပ် ထားသည့် ရေသယ်ကားတစ်စီးရပ် ထားပြီး ကားတစ်စီးနှင့် ရဲတပ်ဖွဲ့ဝင် များက အဆင်သင့်နေရာယူထားသည်။

ထိုရေကား၏ ရှေ့လေကာမှန်တွင် သံဇကာတပ်ထားသည်။

ဥတ္တံတားကြီးလမ်းဆုံမှ ဆေးရုံ လမ်းအတိုင်းချီတက်သွားသည့် ပင်မသပိတ်စစ်ကြောင်း၏အနောက်တွင် လူတန်းကြီးက မျက်စိတစ်ဆုံး ချီတက် လာကြသည်။

ထူးခြားချက်အနေဖြင့် ပင်မသပိတ် စစ်ကြောင်းတွင် ဆန္ဒပြသူအချို့က သံပြားနှင့် ကော်ပုံးပြာကို ဒိုင်းသဖွယ်ဖန်တီးကာ အသုံးပြုလာပြီး လက်လုပ်ကျည်ကာ အင်္ကျီများလည်း ဝတ်ဆင်လာကြသည်။

ဆေးရုံလမ်း အုန်းတောလမ်းဆုံမှ ကရပ်ပြင်လမ်းဆုံဘက်သို့ ချီတက်ရာ တွင်လည်း အာဇာနည်လမ်းတစ်လျှောက် သပိတ်စစ်ကြောင်းငယ်များကလည်း တဖွဲဖွဲ ချီတက်နေကြသည်။

ပင်မသပိတ်စစ်ကြောင်းစထွက်သည့် ဥတ္တံတားကြီးလမ်းဆုံတွင်လည်း ထိုင်သပိတ်ဆင်နွှဲနေသူ ရာပေါင်းများစွာ ကျန်နေခဲ့ပြီး ဆန္ဒဖော်ထုတ်နေကြသည်။

ပင်မသပိတ်စစ်ကြောင်း ဗဟို လမ်းဆုံသို့ ရောက်ရှိချိန်တွင် ဆန္ဒပြ ခေါင်းဆောင်များအကြား သဘောထား ကွဲလွဲမှု အနည်းငယ်ဖြစ်ပေါ်ခဲ့သည်။

အကြောင်းမှာ ခေါင်းဆောင်အချို့ က ဗဟိုလမ်းဆုံမှ ဥတ္တံတားကြီးလမ်းဆုံသို့ ချီတက်လိုပြီး အချို့က ဆန်းချီ လမ်းဆုံဘက်သို့ ဆက်သွားလိုကြသည်။

ထိုကြောင့် ဗဟိုလမ်းဆုံတွင် မိနစ် အနည်းငယ်ကြာ အငြင်းပွားပြီးနောက် ညှိနှိုင်းမှုပြေလည်ကာ ဆန်းချီလမ်းဆုံ ဘက်သို့ ဆက်လက်ချီတက်ခဲ့ကြသည်။

အဆိုပါသပိတ်စစ်ကြောင်းတွင် ရပ်ကွက်/ကျေးရွာ စစ်ကြောင်းများ၊ ဌာနဆိုင်ရာဝန်ထမ်းအချို့၏ စစ်ကြောင်းများ၊ မြန်မာ့မီးရထားဝန်ထမ်း စစ်ကြောင်းများ ပါဝင်လာသည်။

ထို့အပြင် သပိတ်စစ်ကြောင်းတွင် နေ့စဉ်နီးပါး လိုက်ပါနေကြဖြစ်သည့် ကျန်းမာရေး ပညာရေးကဲ့သို့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ဘီးစီးဝါသနာရှင်များ၊ တက္ကသိုလ်အသီးသီးမှ စစ်ကြောင်းများနှင့် အခြားအဖွဲ့အစည်းများ၏ စစ်ကြောင်းများလည်း ပါဝင်နေသည်။

ပင်မသပိတ်စစ်ကြောင်း ဖြတ်သန်းရာ ဆန်းချီလမ်းဆုံတွင် ထမင်းဘူးများကို လူတိုင်းစေ့ဝေငှနေသည်။ ဆန်းချီလမ်းဆုံမှ ဆန်းချီရပ်ကွက်အတွင်းဖြတ်ကာ ဥတ္တံတားကြီးသို့ ဆက်လက်ချီတက်ခဲ့ကြသည်။

သပိတ်စစ်ကြောင်းတပ်ဦးထိပ်က ဥတ္တံတားကြီးလမ်းဆုံအနီးသို့ ပြန်ရောက်နေပြီဖြစ်သော်လည်း ဗဟိုလမ်းဆုံတွင် စစ်ကြောင်းများကျန်ရှိနေသည်အထိ လူတန်းကြီးက ရှည်လျားလှသည်။

ဥတ္တံတားကြီးလမ်းဆုံ အနီးတစ်ဝိုက်ရှိ လမ်းတိုင်းနေရာတိုင်းတွင် လမ်းလျှောက်သွား၍မရနိုင်တော့ဘဲ လူပင်လယ် ကြီးအတွင်း မျောပါနေသကဲ့သို့ပင်။

လူအုပ်ကြီးက တိုးမနိုင်အောင်များပြား နေသည့်အပြင် အပူရှိန်ကလည်း ပြင်းလှသည့်အတွက် ဆန္ဒပြသူ သို့မဟုတ် ဝန်းရံသူ အနည်းဆုံး ငါးဦးထက်မနည်း မူးမေ့ကြသည်။
ထိုသူများကို အရေးပေါ်ကားများဖြင့် သယ်ဆောင်နေရသည်က အခေါက်ခေါက်အခါခါ။

ထိုနေရာတွင် ဆန္ဒပြခေါင်းဆောင်များက မိနစ်အနည်းငယ်စီ ဟောပြောနေကြပြီး ယင်းနေရာနှင့် ပေလေးရာခန့်သာ ကွာသည့် အလှသစ်စင်တာအနီးတွင်မူ ရဲတပ်ဖွဲ့က အဆင်သင့်နေရာယူ ထားသည်။

တတိယစည်းအဖြစ် သတ်မှတ် ထားသည့် အလှသစ်စင်တာလမ်းဆုံမှာ မြို့တွင်းရပ်ကွက်မှ မြောက်ရွာရပ်ကွက် သို့လည်းကောင်း၊ ဥတ္တံတားကြီးဘက်မှ လာသည့်နေရာဖြစ်ခြင်းကြောင့်လည်းကောင်း ဆိုင်ကယ်၊ ကားများ ဖြတ်သန်း နေကြသည်။

ဆန္ဒပြပွဲမှလာသူများက အလံများ၊ ဗီနိုင်းများကိုင်ဆောင်ပြီး ဖြတ်သန်းနေကြရာ တတိယစည်းအတွင်းမှ သွားလာနေသည့် သဘောဖြစ်နေသည်။

ထိုကြောင့်လမ်းဆုံတွင် ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ် အဖွဲ့သားများအပြင် ပြည်သူအချို့က စောင့်နေကြပြီး ထိုနေရာတွင် ဆန္ဒပြသည့်အဆောင်အယောင်များသိမ်းဆည်းပြီးမှ သွားလာကြရန် ဆော်သြနေရသည်။

ရေအမြောက်ကား အရှေ့ခန်း အတွင်း ရဲတပ်ဖွဲ့ဝင်သုံးဦးထိုင်နေပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် အခြားရဲတပ်ဖွဲ့ဝင်များက လူနေအိမ်ရှေ့ရှိ ဈေးဆိုင်တွင်ထိုင်နေပြီး အခြေအနေကို စောင့်ကြည့်နေကြသည်။

တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုမှာ ၂ ငါးလုံးရက်တွင် အာဏာပိုင်များက ဖြိုခွင်းနိုင်သည်ဆိုသည့် စိုးရိမ်မှုရေအမှတ် အမြင့်ဆုံးသို့ ရောက်ခဲ့သည်။

သို့သော်လည်း နေ့လယ် ၁၂ နာရီခန့်တွင် ငြိမ်းချမ်းစွာ လူစုခွဲနိုင်ခဲ့ပေသည်။