အာဏာသိမ်းမှုကို အခွင့်ကောင်းယူကာ ထားဝယ်စီမံကိန်းရှေ့ဆက်နိုင်ရန် ITD ကုမ္ပဏီ ကြိုးပမ်း

0
283
အီတာလျှံ-ထိုင်း

မြန်မာနိုင်ငံတွင် အာဏာသိမ်းထားမှုကို အခွင့်ကောင်းယူကာ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဆက်လက်အကောင်အထည်ဖော်ခွင့်ရရေး ဆက်လက်ဆွေးနွေးရန် အီတာလျံ-ထိုင်း ကုမ္ပဏီက စောင့်ဆိုင်းနေကြောင်း ထိုင်း သတင်းဌာနတစ်ခုဖြစ်သည့် ဘန်ကောက် စီးပွားရေး သတင်းဌာနက ရေးသားလိုက်သည်။

အာဏာသိမ်းပြီး ၅ ရက်အကြာတွင် အီတာလျံ-ထိုင်းကုမ္ပဏီသည် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် ဗွီဒီယို ကွန်ဖရင့်အစည်းအဝေးတစ် ရပ်ပြုလုပ်ခဲ့ကြောင်း အီတာလျံ-ထိုင်း ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ မစ္စတာ ဆုန်ချက်သင်နာပွန်က အထက်ပါ သတင်းဌာနကို ပြောဆိုထားသည်။

အီတာလျံထိုင်း ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် မြန်ထားဝယ် စက်မှု (Estate MyanDawei Industrial) ကုမ္ပဏီ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ မစ္စတာ ဆုန်ချက် သင်နာပွန်က အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၏ လက်ရှိအနေအထား၊ နိုင်ငံတွင်း အပြောင်းအလဲကြောင့် စီမံကိန်းကို ဦးဆောင်နေ သည့် ဝန်ကြီးများ အပြောင်းအလဲရှိသည့်အတွက် ကော်မတီ၏ ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့် ဆက်ရှိ၊ မရှိကို မေးမြန်းခဲ့ သည်ဟု ဆိုသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ကော်မတီအဖွဲ့ဝင်တစ်ဦးက ကော်မတီတွင် လုပ်ပိုင်ခွင့်ရှိနေသေးကြောင်းနှင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းသည် အစိုးရသစ်၏ မူဝါဒပေါ်မူတည်နေမည်ဟု ယုံကြည်ချက်လျော့ပါးစွာ ဖြေဆိုခဲ့သည် ဟု ဆိုသည်။

ကော်မတီ၏ ဖြေကြားချက်ကြောင့် မစ္စတာ ဆွန်ချက်က ထိုင်းအစိုးရအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန် ရှေ့ဆက်နိုင်ရန် မြန်မာအစိုးရအသစ်နှင့် မူဝါဒ ပိုင်းဆိုင်ရာအရ တွန်းအားပေးသင့်သည် ဟု ပြောဆိုထားသည်။

ယင်းအပြင် မြန်မာနိုင်ငံမှ ဖျက်သိမ်းလိုက်သော စာချုပ်များ၏ အခြေအနေကိုလည်း ရှင်းရှင်းလင်းလင်းသိရှိနိုင်ရန် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် အဓိက အချက်သုံးချက်ကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

စီမံကိန်း ကနဦးအဆင့် (၂၇ စတုရန်း ကီလိုမီတာ) အတွက် ချုပ်ဆိုထားသည့် စာချုပ် အရ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ခွင့်ကို အီတာလျံ-ထိုင်း ကုမ္ပဏီမှ လက်လွှဲယူမည့် ရင်းနှီးမြှုပ်နှံသူများသည် Ernst & Young စာရင်းစစ်ကုမ္ပဏီမှ တွက်ချက်ထားသည့် စီမံကိန်းအတွက် ကနဦး ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် ပိုင်ဆိုင်မှုများ အတွက် ဘတ်သန်း ၈၀ဝ၀ ကို ပေးဆောင်ရမည်ဟု သဘောတူထားသည်။

သို့သော်လည်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက အသစ်ရင်းနှီးမြှုပ်နှံမည့် သူများသည် ထိုပမာဏကို ပေးဆောင်ရန်မလိုဟု စည်းကမ်းအသစ်များချမှတ်ခဲ့သည်။ အီတာလျံ-ထိုင်းကုမ္ပဏီက စီမံကိန်း၏ လုပ်ငန်းအများအပြားတွင် ရင်းနှီးမြှုပ်နှံ ထားပြီး ဖြစ်သည့်အတွက် ယင်းစည်းမျဉ်းများမှာ လက်ခံနိုင်ဖွယ် မရှိဟု ဆို သည်။

အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက အီတာလျံ-ထိုင်း ကုမ္ပဏီသည် စီမံကိန်းကို အကောင်အထည်ဖော် ရာတွင် နှောင့်နှေးခဲ့သည်ဟု ဆိုထားသည်။ အီတာလျံ-ထိုင်းက ထိုနှောင့် နှေးမှုမှာ ကုမ္ပဏီတွင် မြေယာပိုင်ဆိုင်ခွင့် မရရှိခြင်းကြောင့်ဟု ပြန်လည်ရှင်းလင်း ထားသည်။ ယင်းကြောင့် စီမံကိန်းကို အကောင်ထည်ဖော်မှု နှောင့်နှေးရာတွင် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတွင်လည်း တာဝန်ရှိပြီး ကုမ္ပဏီအား အပြစ်မတင်သင့်ဟု ဆိုထားသည်။

အီတာလျံ-ထိုင်းကုမ္ပဏီသည် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ သို့ အမေရိကန် ဒေါ်လာ ၁၇ သန်း ပေးဆောင်ရန် ရှိပြီး အီတာလျံ-ထိုင်း ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၀ သန်း ပေးဆောင်ပြီး ဖြစ်သည်။ ကျန်ပေးဆောင် မှုများကို မြေယာလွှဲပြောင်းမှု နှောင့်နှေး နေခြင်းကြောင့် ပေးဆောင်ရန် ရပ်ဆိုင်း ထားသည်ဟုဆိုသည်။

“ဒီကိစ္စအတွက် အဖြေ သုံးခုရှိပါ တယ်၊ ပဋိပက္ခကို ညှိနှိုင်းဆွေးနွေးတာ (Arbitration)၊ တရားရုံးကို သွားတာ၊ စာချုပ်အတိုင်းပြန်သွားတာ။ တကယ်လို့ ညှိနှိုင်းဆွေးနွေးနိုင်မယ့် အဖြေရှိမယ် ဆိုရင် နှစ်ဦးနှစ်ဘက် သဘောတူညီချက်ကို ပြန်ကြည့်ဖို့ လိုမှာပေါ့။ အခုအခြေ အနေမှာ ကျွန်တော်တို့ အစိုးရအနေနဲ့ ညှိနှိုင်းဆွေးနွေးဖို့အတွက် အားသာချက် တွေ အများကြီး ရှိနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ထိုင်းအစိုးရအနေနဲ့ စီမံကိန်းကို ရှေ့ဆက်လုပ်ဆောင်သွားဖို့ မြန်မာအစိုးရကို ရှင်းလင်းတဲ့ သတင်း စကားတော့ ပေးရပါမယ်” ဟု အီတာလျံ -ထိုင်း ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ မစ္စတာ ဆုန်ချက် သင်နာပွန်က ပြောဆို ထားသည်။

အီတာလျံ-ထိုင်းကုမ္ပဏီက အထူး စီးပွားရေးဇုန် ကော်မတီနှင့် ဆွေးနွေးခဲ့သည့် အစီရင်ခံစာတစောင်ကို ထိုင်းနိုင်ငံ ၏ လက်ရှိ ဝန်ကြီးချုပ် ပရာယု ချန်အိုချာ နှင့် ဒုဝန်ကြီးချုပ် ဆူပတ်သနပွန် ပန်မီးချောင်၊ စွမ်းအင်ဝန်ကြီးတို့ထံ ပေးပို့ သွားရန်ရှိသည်ဟု ဆိုထားသည်။

မြန်မာ တပ်ကောင်စီက ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ မည်သို့သော ထုတ်ပြန်ချက်မျှ မရှိသေးဘဲ အထူးစီးပွားရေးဇုန် ကော်မတီကို မည်သို့ ရှေ့ဆက်မည်ကိုလည်း ဖေဖော်ဝါရီ ၂၅ ရက်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။