အာဏာဖီဆန်ရေးလုပ်သည့် ထွေအုပ်ဝန်ထမ်းများ ထုချေဖြေရှင်းရန် စာပို့

0
335
Dawei Watch, Dawei News, Dawei News Media

တပ်အာဏာသိမ်းသည့်အပေါ် အာဏာဖီဆန်ရေးလုပ်ပြီး ဆန့်ကျင်သည့် ထွေအုပ်ဝန်ထမ်းများ ထုချေဖြေရှင်းရန် စွဲချက်စာပို့ခံရကြောင်း ကာယကံရှင် ဝန်ထမ်းအချို့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်အထိ စာရင်းအရ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်သည့် တိုင်းအတွင်းမှ ထွေအုပ် ဝန်ထမ်း ၃၇ ဦးရှိပြီး ဝန်ထမ်း အချို့ထံ ထုချေဖြေရှင်းရန် စာပို့ခံထားရကြောင်း တိုင်းထွေအုပ်မှ ယာဉ်မောင်း-၅ ဖြစ်သူ ဦးမြတ်မင်းထွေးက ဆိုသည်။

၎င်းထံသို့လည်း စွပ်စွဲချက်စာလာပို့ သော်လည်း စာကိုလက်မခံခဲ့ကြောင်း ၎င်းက ပြောသည်။

စစ်အစိုးရလက်အောက်တွင် အလုပ်ဆက်မလုပ်လိုတော့သဖြင့် CDM လုပ်ခြင်းဖြစ်ပြီး ပြည်သူရွေးချယ်သည့် အစိုးရ အုပ်ချုပ်ချိန်မှသာ အစစ်ဆေးခံ နိုင်မည်ဖြစ်ကြောင်း ဦးမြတ်မင်းထွေးက ဆိုသည်။

“အခုစစ်အာဏာရှင်ရဲ့ အောက်မှာတော့ ကျွန်တော်တို့ အစစ်ဆေးမခံနိုင်ဘူး ခင်ဗျား” ဟု ၎င်းက ပြောသည်။

CDM လှုပ်ရှားမှုတွင် ပါဝင်သည့် အတွက် စွဲချက်လွှာပို့ခံရသည့် ထွေအုပ်ဝန်ထမ်း ဒေါင်းငူရပ်ကွက် ရပ်ကျေး စာရေးဖြစ်သူ ဦးအေးမင်းဌေး ကလည်း ၎င်းအပါအဝင် ထားဝယ်မြို့နယ်အတွင်း မှ ထွေအုပ်ဝန်ထမ်း ၁၁ ဦးထံ ပေးပို့ ခံရသည်ဟု ဆိုသည်။

ထွေအုပ်ရပ်ကျေးစာရေး ၈ ဦးနှင့် ထားဝယ်မြို့နယ်ထွေအုပ်ရုံးမှ ၃ ဦးဖြစ် သည်ဟု ဆိုသည်။

ယင်းသို့စွဲချက်လွှာပို့ခံရသည့် အပေါ် တစ်စုံတစ်ရာ ပြန်လည်ထုချေ မည်မဟုတ်ကြောင်း ဦးအေးမင်းဌေးက ပြောသည်။

“ကျွန်တော့်ဆန္ဒကတော့ ကြိုက်တဲ့ စာပို့ချင် ပို့နေပါစေ။ အဲလောက် အာရုံ မလာဘူးခင်ဗျား” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဃြီ တွင် ပါဝင်သည့် ထွေအုပ်ဝန်ထမ်းအချို့ကို ထားဝယ်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဌာနဆိုင်ရာစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း ပေးပို့ထားသည့် စွဲချက်စာတွင် ဖော်ပြထားသည်။

အဆိုပါစာတွင် ပါတီနိုင်ငံရေး မကင်းရှင်းခြင်း၊ CDM တွင် ပါ၍ ခွင့်မဲ့ပျက်ကွက်ခြင်း၊ နိုင်ငံတော် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် လှုပ်ရှားမှုတွင် ပါဝင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီခြင်း စသည့် အချက်သုံးချက်ဖြင့် စွပ်စွဲထားသည်။