နယ်စပ်ကုန်သွယ်ရေး အာဏာသိမ်းဂယက် မထိ

0
180
Dawei Watch, Dawei News, Dawei News Media

တပ်အာဏာသိမ်းမှုကြောင့် နယ်စပ် ကုန်သွယ်ရေးအပေါ် ထိခိုက်မှုမရှိဘဲ ပုံမှန်အတိုင်းပင် လည်ပတ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

တိုင်းအတွင်း နယ်စပ်ကုန်သွယ်ရေး အဓိကလုပ်ဆောင်နေသည့် အဓိက ဝင်ပေါက်သုံးခုရှိသည်။

ထားဝယ်ဒေသရှိ ထီးခီးနယ်စပ် ဂိတ်မှာ ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းကြောင့် ထိုင်းနိုင်ငံဘက်က ပိတ်ထားရာမှ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကုန်သွယ်ခွင့်ပြန်ပေးခဲ့ကြောင်း တိုင်းကုန်သည် စက်မှုအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆိုသည်။

မောတောင်နယ်စပ်ဂိတ်မှာ ကိုဗစ် ကပ်ဘေးကြောင့် ထိုင်းနိုင်ငံဘက်မှ ပိတ်ထားဆဲဖြစ်ပြီး ကော့သောင်းဝင်ပေါက် မှာမူ ယခင်ကတည်းက ပိတ်ထားခြင်း မရှိကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ထီးခီးနယ်စပ်ဂိတ်မှ ကြက်သွန်နီနှင့် ရေထွက်ကုန်ပစ္စည်းများ အဓိကတင်ပို့နေဆဲဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။

“အခုဆိုရင် ပုံစံကြည့်ရတာ ပုံမှန် အတိုင်းသွားနေတဲ့ သဘောရှိတာပေါ့နော်” ဟု ၎င်းက ပြောသည်။

ထီးခီးနယ်စပ်တွင် ရေထွက်ပစ္စည်း တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးကလည်း အာဏာသိမ်းဂယက်ကြောင့် နယ်စပ်ကုန်သွယ်ရေးအပေါ် သက်ရောက်မှု မရှိသေးဘဲ ယခင်အတိုင်းပင် တင်ပို့နေရ ဆဲဖြစ်သည်ဟု ဆိုသည်။

ထီးခီးနယ်စပ်ဂိတ်မှ ကြက်သွန်နှင့် ရေထွက်ပစ္စည်း အဓိကတင်ပို့ပြီး ဟင်းသီးဟင်းရွက်၊ အိမ်သုံးဂက်စ်နှင့် အခြား အသုံးအဆောင်များ ပြန်လည်တင်သွင်း လေ့ရှိသည်။

ကော့သောင်းဘက်တွင်လည်း ရေထွက်ကုန်အား အဓိကတင်ပို့ကြောင်း သိရသည်။