ရွေးကော်ဥက္ကဋ္ဌများ ကိုးရက်ကြာသည်အထိ ပြန်မလွတ်သေး

0
241
Dawei Watch, Dawei News, Dawei News Media

တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ ကိုးရက်ကြာ သည်အထိ ပြန်မလွတ်သေးကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။

အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းတွင် ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲဥက္ကဋ္ဌများအား ဖမ်းဆီးထားခြင်းဖြစ်ပြီး အချို့မှာ မိသားစုနှင့် အဆက်အသွယ်ပင်မရသေးကြောင်း သိရသည်။

ထားဝယ်ခရိုင်ရွေးကော်ဥက္ကဋ္ဌ ဦးထွန်းကြည်ကို လက်ရှိအချိန်ထိ မည်သည့် နေရာတွင် ဖမ်းထားသည်ကို မသိရသလို အဆက်အသွယ်လည်း မရသေးကြောင်း သားဖြစ်သူ ကိုကြည်သာထွန်းက ဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်ည ၁၀ နာရီခွဲ ဝန်းကျင်တွင် နေအိမ်သို့ စစ်ကားနှစ်စီး နှင့် ရဲကားတစ်စီးရောက်လာပြီး အပေါ် လူကြီးမှ ခဏတွေ့ချင်သည်ဟု ဆိုကာ လာခေါ်ကြောင်း ကိုကြည်သာထွန်းက ဆိုသည်။

“ကျွန်တော်တို့လည်း လက်လှမ်းမီသလောက် မေးကြည့်တယ် အဆက်အသွယ်မရဘူးခင်ဗျား” ဟု ၎င်းက ဖေဖော်ဝါရီလ ၁၉ ရက် ညနေပိုင်းတွင် ပြောသည်။

လောင်းလုံးနှင့် ရေဖြူမြို့နယ်ရွေး ကော်ဥက္ကဋ္ဌများကိုလည်း ဖမ်းဆီးထား ဆဲဖြစ်ကြောင်း ၎င်းတို့၏ မိသားစုဝင် များထံမှ သိရသည်။

အဆိုပါမြို့နယ်ဥက္ကဋ္ဌများကိုမူ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို သိရသော်လည်း မိသားစုနှင့် တွေ့ဆုံခွင့်မရဘဲ လိုအပ်သည့်ပစ္စည်းများ ပေးခွင့်ပြုထားသည်ဟု မိသားစုဝင် များက ပြောသည်။

ရေဖြူမြို့နယ် ရွေးကော်ဥက္ကဋ္ဌကို ကျောက်ကညာကျေးရွာရှိ အမြောက်တပ်တွင် ဖမ်းဆီးထားပြီး လောင်းလုံးမြို့နယ် ရွေးကော်ဥက္ကဋ္ဌကိုမူ တောရှည်ကျေးရွာရှိ ၁၀၄ ခြေလျင်တပ်ရင်းတွင် ဖမ်းဆီးထားသည်ဟု သိရကြောင်း မိသားစုဝင်များထံ မှ သိရသည်။