စစ်အစိုးရနှင့် အဆက်အသွယ်ဖြတ်ရန် စွမ်းအင်ကုမ္ပဏီများကို တောင်းဆို

0
256

ကံပေါက်ဒေသရှိ ရတနာ၊ ရဲတံခွန်၊ ဇောတိက ဓာတ်ငွေ့စီမံကိန်း ၃ ခုကို လုပ်ကိုင်နေသည့် ကုမ္ပဏီများအနေဖြင့် တပ်အာဏာသိမ်း အစိုးရနှင့် စီးပွားရေးအရ ဆက်သွယ်ခြင်း မပြုလုပ်ရန် ဒေသခံများက ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့ကြသည်။

ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာ သိမ်းလိုက်မှုကြောင့် ယင်းပိုက်လိုင်း ကုမ္ပဏီများအနေဖြင့် အာဏာသိမ်း အုပ်စုများနှင့် ဆက်လက် အလုပ်မလုပ်ကိုင်ရန် ကံပေါက်၊ အုန်းပင်ကွင်းနှင့် သဘွတ်ချောင်း စသည့် ကျေးရွာအုပ်စုများမှ ဒေသခံ ၂၀ဝ ခန့်က တောင်းဆိုမှုများကို ပြုလုပ်ခဲ့သည်။

၁) ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ၃ ခုစလုံးရှိ ကမ်းလွန်နှင့် ကုန်းတွင်း ဝန်ထမ်းများအားလုံး CDM တွင် ပါဝင် ပေးရန်၊

၂) ဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသည့် ဝင်ငွေများကို မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) သို့ ပေးဆောင် ခြင်း မပြုရန်၊

၃) စစ်အာဏာရှင်အစိုးရနှင့် မည်သည့် ပူးပေါင်းဆောင်ရွက်မှုများကို မပြုလုပ်ရန် စသည့်အချက်များကို တောင်း ဆိုခဲ့ကြသည်။

Petronas(မလေးရှား)၊ PTTEP (ထိုင်း)၊ TOTAL (ပြင်သစ်)၊ Chevron (အမေရိကန်) နှင့် JX (ဂျပန်) စသည့် ကုမ္ပဏီတို့ပါဝင်သည့် ၁၉၉၅ ခုနစ် နောက်ပိုင်းတွင် စတင်ခဲ့သည့် ရတနာ၊ ရဲတံခွန်၊ ဇောတိက ဓာတ်ငွေ့စီမံကိန်းများမှ ရရှိသည့် ဘီလျံချီ ဒေါ်လာငွေများ သည် စစ်အစိုးရအတွက် ဘဏ္ဏာတိုက် ဖြစ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

စီမံကိန်းစတင်စဉ်ကတည်းက ထို ဒေသပတ်ဝန်းကျင်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးထိခိုက်မှုများ ဖြစ်ပွားခဲ့သည်။

၁၉၉၆ ခုနစ်တွင် ပြင်သစ်အခြေစိုက် Total (တိုတယ်) ကုမ္ပဏီ ဦးဆောင်သည့် ရတနာစီမံကိန်း၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပါဝင်လုပ်ကိုင်သည့် မိတ်ဖက် Unocal ကုမ္ပဏီကို ဒေသခံများက အမေရိကန်နိုင်ငံတွင် တရားစွဲ ဆိုမှုများလည်း ရှိခဲ့သည်။ ၁၉၉၀ ခုနစ် များအတွင်း ကုမ္ပဏီအတွက် လုံခြုံရေးရ ယူပေးသည် စစ်တပ်က ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် Unocal ကုမ္ပဏီက ဒေသခံများအား လျော်ကြေးပေးဆောင်ရန် သဘောတူခဲ့သည်။