အင်တာနက်လိုင်းပြတ်ချိန်အတွက် အစားထိုးပေးမည်ဟု MBT ထုတ်ပြန်

0
178
Dawei Watch, Dawei News, Dawei News Media

အင်တာနက်လိုင်းပြတ်တောက် နေချိန်များကို အစားထိုးပေးမည်ဖြစ်ကြောင်း ထားဝယ်တွင် အင်တာနက်ဝန် ဆောင်မှုပေးနေသည့် MBTကုမ္ပဏီ ရုံးခွဲက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၄ ရက်မှစပြီး ည ၁ နာရီမှ မနက်ကိုးနာရီအထိ တစ်နေ့ ၈ နာရီ တပ်အာဏာရှင် အစိုးရက အင်တာနက်ဖြတ်တောက်လျှက် ရှိသည်။

တစ်နေ့ ၈ နာရီ အင်တာနက်ဖြတ် တောက်ချိန်များကို မှတ်သားထားပြီး အပိုဆောင်းအဖြစ် လေးနာရီထပ်တိုး ပေးကာ စုစုပေါင်း တစ်နေ့လျှင် ၁၂ နာရီနှုန်း အစားထိုးပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဥပမာ ဖေဖော်ဝါရီလကုန်ရက်တွင် အင်တာနက်ကြေးသွင်းရမည့် သူများအနေဖြင့် အစားထိုးရက် ၇ ရက်ရမည် ဖြစ်သည်။ ယင်းအတွက်ကြောင့် ဖေဖော်ဝါရီလကုန်ရက်တွင် အင်တာနက်ကြေးပေးသွင်းရန် မလိုသေးဘဲ မတ်လ ၇ ရက်မှ ပေးသွင်းရမည်ဖြစ်သည်။

“သုံးစွဲသူတွေဘက်ကနေပြီးတော့ တောင်းဆိုမှုတွေရှိလာတာကြောင့် ကျွန်မတို့ရဲ့ အထက်လူကြီးနဲ့ တိုင်ပင်ပြီး ဒီလိုအစားထိုးပေးဖို့ ဆုံးဖြတ်လိုက်တာ” ဟု MBTအင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီ ထားဝယ်ရုံးခွဲမန်နေဂျာ ဒေါ်ဟေမာန်ဝင်းစိုးက ဆိုသည်။

MBT ဖိုင်ဘာအင်တာနက်ဝန် ဆောင်မှုရယူသုံးစွဲရန်အတွက် စက်တန်ဖိုးပေးစရာမလို၊ သုံးလစာကြိုသွင်း ပုံစံဖြင့် ဝန်ဆောင်မှုပေးလျှက်ရှိသည်။ အိမ်သုံးဆိုပါက အနိမ့်ဆုံး နှစ်သောင်း ငါးထောင်ကျပ်မှ တစ်သိန်းကျော်အထိ အင်တာနက်မြန် နှုန်းအပေါ်မူတည်ပြီး အမျိုးမျိုးရှိသည်။