အရေးအခင်းကာလ ရဲ

0
221
အရေးအခင်းကာလ ရဲ

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် လူပေါင်းသိန်းချီပါသည့် ဆန္ဒပြပွဲတွင် “စစ်အာဏာရှင် အလိုမရှိ” ၊ “ဒီမိုကရေစီရရှိရေး . . . ဒို့အရေး” ၊ “သပိတ် သပိတ် မှောက်မှောက်” စသည့် ကြွေးကြော်သံများဟစ်ကြွေးနေကြသည်။

ယင်းဆန္ဒပြပွဲတွင် ဆန္ဒပြသူများနှင့် ရောနှောပြီး သာမန်အရပ်ဝတ်ဖြင့် နှာခေါင်းပိတ်တပ်ထားသူအချို့ လိုက်ပါနေသည်။

၎င်းတို့က ဆန္ဒပြပွဲ အခင်းအကျင်းနှင့် ဦးဆောင်ပါဝင်သူများအား ဓာတ်ပုံ ရိုက်နေသည် ။

သပိတ်စစ်ကြောင်းပါ ဆန္ဒပြသူများ၏ ရင်ထဲတွင် စစ်အာဏာရှင်ဆန့် ကျင်ရေးရည်မှန်းချက်များဖြင့် ချီတက် နေကြသော်လည်း ၎င်းတို့နှင့် ရည်ရွယ်ချက် ရည်မှန်းချက်ချင်းကား မတူညီပေ။

ထိုသူများကား ရဲတပ်ဖွဲ့ဝင်များနှင့် ထောက်လှမ်းရေးအဖွဲ့ဝင်များဖြစ်ပြီး ဆန္ဒပြပွဲမှရရှိသည့် အချက်အလက်များကို အထက်အရာရှိထံ ပုံမှန်အစီရင်ခံ တင်ပြနေသည်။

၎င်းတို့သည်လည်း လူသားပင်ဖြစ်သည့်အတွက် စိတ်မလုံခြုံမှု၊ စိုးရိမ် ပူပန်မှု၊ စိတ်ဖိအားများစွာခံစားနေရသည်ဟု ဖွင့်ဟကြသည်။

ဆန္ဒပြသူဦးရေ သိန်းချီပါဝင်သည့် သပိတ်စစ်ကြောင်းအကြား ထိုကဲ့သို့ သတင်းယူချိန်တွင် ၎င်းတို့အား ရဲတပ်ဖွဲ့ ဝင်မှန်း သိသွားမည်ကို စိုးရိမ်မိကြောင်း အရာရှိအဆင့်ရှိ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထိုသို့အခင်းအကျင်းတွင် တာဝန် မကျေပွန်ပါက အထက်အရာရှိအဆင့်ဆင့်၏ ဖိအားပေးခံရမည့်အရေးနှင့်လည်း ရင်ဆိုင်နေရသည်ဟု ဆိုသည်။

]]ကြာလာတော့လည်း စိတ်ပါညစ် လာတယ်။ နှစ်ဖက်ကြားမှာ ညှပ်နေသလို ခံစားရတယ်}}ဟု အထက်ပါ အရာရှိက ပြောသည်။

၎င်းတို့တွင် တွယ်တာရမည့် မိသားစု သာမရှိပါက မည်သို့သော ဆုံးဖြတ်ချက်မျိုး ချမိမည်ကို မခန့်မှန်းတတ်ကြောင်း ၎င်းက ညည်းတွားသည်။

ထို့အပြင် ရဲနှင့်ပြည်သူကြား ဆယ်စုနှစ်တစ်ခုကြာ တည်ဆောက်လာခဲ့သည့် ဆက်ဆံရေးမှာ လက်ရှိအာဏာသိမ်း ဂယက်ကြောင့် တစ်စုံတစ်ရာထိခိုက် သွားပြီဖြစ်ကြောင်း တပ်ကြပ်ကြီးအဆင့်ရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“အစကဆိုရင် ကိုယ့်အလုပ်ကို ပုံမှန်အတိုင်းလေး လုပ်နေရုံပဲ၊ အခုဆိုရင် ကိုယ့်ကိုသူကြောက် သူ့ကိုကိုယ်ကြောက် ဖြစ်နေရတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိထားဝယ်မြို့ ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့က တိုင်းအစိုးအဖွဲ့ရုံးရှေ့နှင့် ရဲစခန်းအရှေ့တွင်သာ အခိုင်အမာ လုံခြုံ ရေးယူထားပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့ အထိ သပိတ်စစ်ကြောင်းများကို ဟန့်တား ခြင်း၊ ဖမ်းဆီးခြင်း မရှိသေးပေ။

ထိုသို့သော အခင်းအကျင်းတွင်ပင် ရဲတပ်ဖွဲ့နှင့် ပြည်သူ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုလျော့ရဲနေခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၄ ရက်ညတွင်မူ ထားဝယ်မြို့ပေါ် ရပ်ကွက်အားလုံးနီးပါး တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကလည်း ယုံကြည်မှုကို ပိုအားလျော့စေသည်။ ရပ်ကွက်များတွင် မသမာသူလူတစ်စုက မီးထုပ်လိုက်ပစ်နေသည်ဟုဆိုကာ ရပ်ကွက်အလိုက် လမ်းအလိုက် ပြည်သူများ တုတ်ကိုယ်စီကိုင်လျက် တစ်ရုန်းရုန်း ဖြစ်ခဲ့သေးသည်။

ထိုသို့သော အခင်းအကျင်းတွင် မီးတန်းကား အပါအဝင် အခြားကား များဖြင့် ရဲတပ်ဖွဲ့ဝင်နှင့် စစ်သားများက ကင်းလှည့်နေသော်လည်း ယင်းမသမာ သူများကို ဟန့်တားနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

လက်ရှိတွင် ထားဝယ် သပိတ်၌ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ ပြင်းထန်သော ထိပ်တိုက်တိုးချိန်များမတွေ့ရသေးပေ။

ဥပမာ ဆန္ဒပြပွဲ လေးရက်မြောက်နှင့် ငါးရက်မြောက်နေ့တို့တွင် လမ်းပိတ်ထားသည့် သံဆူးကြိုးတပ်ဘယ်ရီဂိတ်များကို ဆန္ဒပြသူများက ဖယ်ရှားချိန်တွင် ရဲတပ်ဖွဲ့က တစ်စုံတစ်ရာ တုံ့ပြန်ဆောင် ရွက်ခြင်းမျိုး မရှိသေးပေ။

ထိုကဲ့သို့ အနေအထားတွင် ဆန္ဒပြ ပြည်သူများက “ပြည်သူ့ရဲ” ၊ “ပြည်သူ့ရဲ” ၊ “ပြည်သူ့ရဲ” ဟု ကြွေးကြော်ပြီး လက်ခုပ် တီးကြသည်။

ထို့အပြင် ဆန္ဒပြသူများက နှင်းဆီပန်း ပေးခြင်း၊ ရေသန့်ဘူးများ ဝေငှခြင်းများ ပြုလုပ်ကြသည်။

ဖေဖော်ဝါရီလ ၁၄ ရက် ဆန္ဒပြပွဲ တွင်မူ ရဲတပ်ဖွဲ့ဝင် ခုနှစ်ဦး ဆန္ဒပြသူ များနှင့် ပူးပေါင်းပါဝင်လာသည်ကိုလည်း တွေ့ရသည်။

လက်ရှိတွင် အာဏာသိမ်းပြီးနောက် ပြည်သူလူထုနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများတွင် စိတ်ပူပန်မှုများ၊ စိုးရိမ်မှုများ၊ မယုံကြည်မှု၊ အကြပ်အတည်းများက လွှမ်းထုံလာသည်။

ထိုကဲ့သို့ လူတန်းစားအလွှာအလိုက်၊ အဖွဲ့အစည်းအလိုက် ကြုံတွေ့နေရသည့် အကြပ်အတည်းများ၏ အဆုံးသတ်ကို မည်သူမှ ခန့်မှန်းနိုင်ခြင်း ရှိနိုင်မည် မဟုတ်ပေ။