ဆန္ဒပြရာတွင် ပါဝင်သည့် ဘုတ်ပြင်းမြို့နယ် NLD ပါတီဝင်သုံးဦး တရားစွဲခံရ

0
191

အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြရာတွင်ပါဝင်သည့် ဘုတ်ပြင်းမြို့နယ်မှ NLD ပါတီဝင်သုံးဦးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားစွဲလိုက်ကြောင်း တရားစွဲခံရသူ တစ်ဦးဖြစ်သည့် ဦးနီရဲထံမှ သိရသည်။

ဖေဖော်ဝါရီလ ၈ ရက်က ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်သည်ဟု ဆိုကာ တရားစွဲခဲ့ခြင်းဖြစ်ပြီး တရားရုံး၏ ဆင့်ခေါ်စာ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ရောက်ရှိလာကြောင်း ဦးနီရဲက ပြောသည်။

NLD ပါတီဝင်များဖြစ်သည့် ဦးနီရဲ၊ ဦးသော်ဇာအောင်နှင့် ဒေါ်ညွန့်ညွန့်ထွေး တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဆန္ဒပြတယ်ဆိုတာက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ကြတာလေ။ အာဏာသိမ်းတာကို တော်လှန်တဲ့ သပိတ်တိုက်ပွဲမှာ ကျွန်တော်က ပူးပေါင်းခဲ့တယ် ဆိုတဲ့အနေအထားပဲရှိတာပါ” ဟု ဦးနီရဲက ပြောသည်။

၎င်းတို့အနေဖြင့် တရားစွဲဆိုမှုကို ရင်ဆိုင်/မဆိုင်ကို မဆုံးဖြတ်ရသေးကြောင်း ၎င်းက ပြောသည်။

ပုဒ်မ ၁၈၈ မှာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျထုတ်ပြန်သောအမိန့်ကို ဖီဆန်သည့်အမှုဖြစ်သည်။

ဘုတ်ပြင်းမြို့နယ်တွင် အာဏာသိမ်းမှုဆန့်ကျင်ရေး နေ့စဉ် လူအင်အား ထောင်ချီ လမ်းပေါ်ထွက် ဆန္ဒပြလျက်ရှိသည်။