တယ်လီနောဆင်းကတ် ဝယ်ရန် ခက်ခဲ

0
143

ဖေဖော်ဝါရီလ တတိယအပတ်မှ စပြီး ထားဝယ်ဈေးကွက်အတွင်း တယ်လီနောဆင်းကတ်များ ဝယ်ယူရန်ခက်ခဲလာ နေသည်။

ထားဝယ်မြို့ရှိ ဖုန်းဆိုင်သုံးဆိုင် တွင် တယ်လီနောဆင်းကတ်လိုက်ဝယ်ရာ မရောင်းတော့ကြောင်းပြောကြသည်။ ရင်းနှီး၊ ခင်မင်သူအချို့ကိုမူ ရောင်းချပေးနေသည့် ဆိုင်အချို့ရှိသည်။

ယခုလအတွင်း တယ်လီနောဆင်း ကတ်မှတ်ပုံတင်ရန်အတွက် အချိန်ကြာခြင်း၊ မှတ်ပုံတင်ပြီးသားဆင်းကတ်များ ကိုရက်ပိုင်းလောက်သုံးပြီးပါက အသုံးပြုမရခြင်းတို့ဖြစ်ပေါ်နေကြောင်း ဖုန်းအရောင်းဆိုင်ပိုင်ရှင်အချို့က ပြော သည်။

ယင်းသို့ တယ်လီနောဆင်းကတ် မှတ်ပုံတင်ရန် ခက်ခဲမှုရှိလာပြီးနောက် သုံးစွဲသူများက အဆင်သင့်မှတ်ပုံတင်ပြီးသား ဆင်းကတ်များကိုသာဝယ်ယူသုံးစွဲကြသည်။

“ဆင်းကတ် တစ်ကတ်ရောင်းရမှ ဘယ်လောက်မှအမြတ်ရတာလည်း မဟုတ်ဘူးဆိုတော့ မရောင်းတော့တာ။ မှတ်ပုံတင်ပေးနေရတာနဲ့ အဆင်မပြေဘူး။ ဖုန်းဝယ်ရင် လက်ဆောင်ပေးဖို့ နည်းနည်းချန်ထားတာတော့ရှိတယ်” ဟု ထားဝယ်မြို့ရှိ ဖုန်းဆိုင်ပိုင်ရှင်တစ်ဦး က ဆိုသည်။

တပ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း Mytel ဆင်းကတ်အသုံးမပြုလို တော့သည့် သုံးစွဲသူများက အခြားဆင်းကတ်များထက် တယ်လီနောဆင်းကတ်ကို ပြောင်းလဲဝယ်ယူမှုများလာသည်ကိုလည်း သတိထားမိကြောင်း ဖုန်းဆိုင် ပိုင်ရှင်အချို့က ဆိုသည်။

ထားဝယ်မြို့ခံတစ်ဦးဖြစ်သူ ကိုမင်းဆန်းကမူ ပြည်သူများလိုအပ်နေချိန်တွင် ဖုန်းဆိုင်များအနေနှင့် ဝန်ဆောင်မှုပေးရန် လိုအပ်သည်ဟုထင်ကြောင်း ပြောသည်။

“ပြည်သူတွေလိုအပ်နေတဲ့အချိန် မှာ ကိုယ်ဘက်ကရောင်းပေးနိုင်မယ်ဆိုရင်တော့ ရောင်းပေးတာကတော့ အကောင်းဆုံးပေါ့နော်” ဟု ကိုမင်းဆန်းက ဆိုသည်။

တယ်လီနောသည် နော်ဝေနိုင်ငံပိုင် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည်။