မြိတ်မြို့ရှိ ရွှေဆိုင် ထက်ဝက်ကျော် ရပ်နား

0
222
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့ပေါ်ရှိ ရွှေအရောင်းဆိုင်ထက်ဝက်ကျော်ခန့်မှာ ပြီးခဲ့သည့် ရက်ပိုင်းခန့်မှစပြီး ရပ်နားထားကြောင်း ယင်းရွှေအရောင်းဆိုင် အသိုင်းအဝိုင်း ထံမှ သိရသည်။‌

မြန်မာပြည်တွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစပြီး တပ်အာဏာသိမ်းပြီးနောက် နေရာအနှံ့ ဆန္ဒထုတ်ဖော် လျက်ရှိရာ မြိတ်မြို့တွင် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ခြောက်ရက် ဆက်တိုက် ဆန္ဒထုတ်ဖော်နေကြသည်။

ယင်းကဲ့သို့ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုမရှိခြင်းကြောင့် ရွှေအရောင်း ဆိုင်တို့ ရပ်နားထားရခြင်းဖြစ်ကြောင်း မြိတ်ဆိပ်ငယ်ဈေးကြီးရှိ ရွှေအရောင်း ဆိုင်အချို့မှ သိရသည်။

“ရောင်းတဲ့ဆိုင်တွေတောင် နေ့တစ် ဝက်လောက်ပဲ ဖွင့်ကြတာ” ဟု ဆိပ်ငယ် ဈေးကြီး အပြင်ဘက်ရှိ လက်ဝတ်ရတနာ အရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

ထို့ပြင် ဆိုင်ဖွင့်ထားသော်လည်း ဘဏ်များဖွင့်လှစ်ခြင်းမရှိသည့်အတွက် အရောင်းအဝယ်နည်းပါးကြောင်း မြို့သစ်ဈေးရှိ ရွှေဆိုင်ရှင်တစ်ဦးက ပြောပြာသည်။

နိုင်ငံရေးအခြေအနေအပြောင်းအလဲကြောင့် ငွေစက္ကူတစ်သောင်းကျပ်နှင့် ငါးထောင်ကျပ်တန်တို့ ဖျက်သိမ်းမည့် ကောလဟလသတင်းကြောင့် ရွှေထည် ဝယ်ယူသူများခဲ့ပြီး အခေါက်ရွှေတစ် ကျပ်သားလျှင် တစ်ဆယ်လေးသိန်း အထိ မြင့်တက်ခဲ့ကြောင်း ရွှေဆိုင်အသိုင်းအဝိုင်းမှ သိရသည်။

လက်ရှိ အခေါက်ရွှေ တစ်ကျပ်သားလျှင် တစ်ဆယ်သုံးသိန်းခြောက်သောင်း ကျပ်ခန့်ရှိကြောင်း သိရသည်။