ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ဗားရှင်း ၂

အိပ်ရာက နိုးလာတော့ ဖုန်းကို ဖွင့်ကြည့်တဲ့အခါမှာ သတင်းတွေဟာ စိတ်မကောင်းဖွယ်ရာတွေနဲ့ စောင့်ကြို နေတယ်။ ညတုန်းက နိုင်ငံတစ်ဝန်းမှာ ပေါ်ပေါက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဖေ့ဘုတ်လူမှုကွန်ရက်ပေါ် မှာ သူတစ်မျိုး၊ ငါတစ်မျိုး ရေးကြသားကြ၊ ဝေဖန်ကြ၊ သုံးသပ်ကြနဲ့။ ဘယ်လို ပဲ ဖြစ်ဖြစ် မြင်တွေ့ကြားသိရတာတွေကတော့ ထိတ်လန့်ဖွယ်ရာတွေပါပဲ။ စိုး တထိတ်ထိတ်နဲ့ အိပ်ရာဝင်ခဲ့ရပြီး အိပ်မက်တွေ အိပ်မက်ဆိုးတွေ မက်ခဲ့ရ၊ နိုးလာချိန်မှာလည်း သာယာချမ်းမြေ့ ဖွယ်ရာကို မတွေ့ရ။ ဒီလိုညတွေ အခုဆို ဘယ်နှညရှိခဲ့ပြီလဲ။ ဘယ်လောက်ကြာအောင် ရှည်လျားဦးမှာလဲ။ မှန်းဆနိုင်စွမ်း မရှိခဲ့။

စိတ်ညစ်ညူးစွာနဲ့ပဲ လက်ဖက်ရည် ဆိုင်ကိုထွက်လာရင်း “အိပ်မက်” ဆိုတဲ့ စကားလုံးဟာ အတွေးထဲကို ဝင်ရောက် လာတယ်။ လူတိုင်းမှာ အိပ်မက်ကိုယ်စီ ရှိကြမယ်။

အိပ်မက်ဟာ ဘဝတစ်ခု ဖြစ်တယ်လို့တောင် ဆိုကောင်း ဆိုနိုင်ပါ လိမ့်မယ်။ အိပ်မက်မရှိရင် ဘဝ မရှိ၊ အိပ်မက်ပျက်ရင် ဘဝလည်း ပျက်။ အိပ်မက်ဆိုတာ တကယ်တော့ မျှော်လင့် ချက်ပါပဲ။

တာရာမင်းဝေရဲ့ ဝတ္ထုတစ်ပုဒ်ထဲ က စကားလုံးတစ်ခုကို မှတ်မိနေသေးပါတယ်။ တာရာမင်းဝေဆိုတာက အခု အသက် ၃၀ ကျော်၊ ၄၀ ကျော် စာဖတ်သမားတွေအပေါ်မှာ တော်တော်ကိုလွှမ်း မိုးနိုင်ခဲ့ပါတယ်။

သူဟာ ၁၉၈၈ အရေးတော်ပုံနဲ့ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင် ခဲ့တဲ့ ကျောင်းသားလူငယ်လေးဖြစ်ပြီး နောက်ပိုင်းတော့ ဖမ်းဆီးခံရ၊ ထောင်ကျ ခဲ့တယ်။ အဲဒီကာလဟာလည်း လူငယ်ထုအတွက် အမှောင်ထုထဲကို တိုးဝင်နေရ သလို ဖြစ်မှာပါပဲ။ စိတ်ကူးတွေ ပျက်သုဉ်း၊ လမ်းတွေ ပျောက်ဆုံး။

အဲဒါကို ဖော်ကျူးနိုင်မယ့် အနုပညာ စကားလုံးတစ်ခုကို သူ ဖော်စပ်လိုက်ပြီး ဝတ္ထုထဲတစ်ခုထဲမှာ ထည့်ဖျော်ခဲ့တယ်။ “ရက်ရက်စက်စက် ပဲခွပ်နဲ့အခုတ်ခံရတဲ့ အိပ်မက်” တဲ့။

အဲဒီစကားလုံးရဲ့နောက်မှာ နာကျည်း ခံပြင်းမှုတွေ၊ ဆွေးမြည့်ဆို့နင့်မှုတွေ ဘယ်လောက်တောင် ပါဝင်နေမလဲ ဆိုတာကို အဲဒီဝတ္ထုကို ဖတ်ရစဉ် ကတည်းက ခံစားကြည့်မိခဲ့တယ်။

အခုလည်း မရေမတွက်နိုင်တဲ့ လူငယ်တွေဟာ လမ်းပေါ်မှာ။ ရက်တွေ ကြာမြင့်လာနေပြီ။ သူတို့တစ်တွေဟာ သံပြိုင်တေးပေါင်းများစွာကို တက်ညီ လက်ညီနဲ့ ထပ်ခါထပ်ခါ ရေရွတ်မြည် ကြွေးနေကြတယ်။ အဲဒီဟာတွေထဲကနေ အဓိကသတိပြုမိပြီး သဘောလည်း ကျမိတဲ့တစ်ခုက “ကျွန်တော်တို့ဟာ လူငယ်တွေပါ၊ ကျွန်တော်တို့မှာ အနာဂတ် ရှိတယ်” ဆိုတဲ့ အော်သံပါပဲ။

“ကျွန်တော်တို့ဟာ လူငယ်တွေပါ”
“ကျွန်တော်တို့မှာ အနာဂတ်ရှိ တယ်”

လူအုပ်စုကြီးကနေ စုပေါင်းပြီး အော်လိုက်တဲ့အဲဒီအသံတွေဟာ လမ်းမ တွေထက်မှာ တုန်ခါလွင့်ပျံ့လို့နေတယ်။

သူတို့ရည်မြော်တဲ့ အနာဂတ်က ဘာဖြစ်မလဲ။
ခပ်သွက်သွက်ကလေး ပြန်ပြေး ကြည့်လိုက်မယ်ဆိုရင် သူတို့အများစုဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ကောင်းကောင်းကြီး လူလားမြောက်ခဲ့ ကြသူဖြစ်တယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ ပြောရရင် ၂၀၁၀ ပြည့်နှစ်ရဲ့ ဒီမှာဘက်နှစ်တွေပေါ့။

အဲဒီနှစ်တွေဟာ တင်းပြည့် ကျပ်ပြည့်မဟုတ်တောင်မှ လွတ်လပ်ပွင့် လင်းခွင့်တွေကို အတန်အသင့်ရခဲ့ပြီး ဒီမိုကရေစီဆိုတာ ဘာလဲလို့ မြည်းစမ်း ခွင့်ရခဲ့ကြတဲ့ ကာလတစ်ခုဖြစ်ပါတယ်။ အဲဒီကာလကြီးထဲမှာ သူတို့ ကြီးပြင်း ခဲ့ကြတယ်။ ကျွန်တော်တို့ကြီးပြင်းခဲ့ကြရ တဲ့ ၁၉၉၀ ပြည့်နှစ်တွေနဲ့စာရင် နှစ် ၂၀ လောက် ကွာခြားခဲ့ပြီ။

ဒီတော့လည်း သူတို့ရဲ့ အိပ်မက်နဲ့ အနာဂတ်စိတ်ကူးဟာ ကိုယ်တွေတုန်းက လိုမျိုး ကျောင်းဆရာလေး ဝင်လုပ်ဖို့၊ ရုံးစာရေးလေး ဝင်လျှောက်ဖို့ စတဲ့ ထားရာနေ စေရာသွား အဖြစ်နဲ့ နုံချာချာ ဇာတ်မြှုပ်သွားရမယ့် ဘဝမျိုး ဟုတ်မယ် မထင်ပါဘူး။

ဒီဘက်နှစ်တွေထဲမှာ ကမ္ဘာကြီးရဲ့ ရွာဆန်မှုဟာ ပိုပြီး ထင်ရှားသိသာလာခဲ့တယ်။ ဆက်သွယ်ရေးကွန်ရက်တွေ ပိုပြီး ကျယ်ပြန့်လာခဲ့သလို လူငယ်တွေရဲ့ ဖြန့်ကျက်တွေးခေါ်နိုင်မှုနဲ့ သိရှိပိုင် ခွင့်တွေဟာ တစ်ပြေးညီဖြစ်လာခဲ့တယ်။

ဆိုတော့ သူတို့ရဲ့အနာဂတ်အိပ်မက် တွေဟာ ကမ္ဘာဆန်မှုဆီကို ဦးတည်ထား တဲ့ဟာတွေ ဖြစ်မှာပါပဲ။ နိုင်ငံတကာအထိ ဖြန့်ကျက်ချိတ်ဆက်ပြီး အားလုံး နဲ့တန်းတူ ရင်ဘောင်တန်းနိုင်ပြီး ခွင့်တူညီမျှစွာ ယှဉ်ပြိုင်ထိုးဖောက်လိုမှုတွေ ဖြစ်မှာပါပဲ။

နိုင်ငံတကာရှေ့မှာ၊ နိုင်ငံတကာ အလယ်မှာ၊ နိုင်ငံတကာနောက်မှာ သိမ်ငယ်ရှက်ရွံ့နေရမှာမျိုးကို သူတို့ အကြောက်ဆုံး ဖြစ်မှာပါပဲ။

ပြီးခဲ့တဲ့နှစ်တွေထဲမှာ အဲသလို စိတ်ကူးယဉ်မှုမျိုးတွေနဲ့ ကြီးပြင်းလာကြပြီး ခပ်မှန်မှန်လေး ရွေ့နေခဲ့ကြရာကနေ အခုတော့ အခြေအနေတွေဟာ ဂငယ်ကွေ့ကွေ့သွားခဲ့တာလို့ သူတို့ဟာ ခံစားမိနေကြရမှာ။

တာရာမင်းဝေရဲ့စကားကို ငှားယူ သုံးရရင် အိပ်မက်တွေဟာ ပဲခွပ်နဲ့ ရက်ရက်စက်စက် ခုတ်ခံလိုက်ရတာ ဖြစ်မှာ။ ဒီအတွက် နိုင်သမျှအားတွေ စုစည်းပြီး ခုခံတွန်းလှန်နေကြတာ ဖြစ်မှာပါပဲ။ ခေတ်ကာလကြာညောင်းလာလို့ အဲဒီစကားကို နည်းနည်းလေး ပြုပြင်ပြီး ပြောရမယ်ဆိုရင် “မရှက်မကြောက် ပေါက်ဆိန်နဲ့ အပေါက်ခံရတဲ့ အိပ်မက်” တွေကို ပြန်လုကြတာပါပဲ။

၁၉၈၈ ခုနှစ်ကို လွန်မြောက်ခဲ့တာ ၃၃ နှစ်ထဲ ဝင်ရောက်လာခဲ့ပါပြီ။ တာရာမင်းဝေ ကွယ်လွန်သွားခဲ့တာလည်း အခုဆို ၁၃-၄ နှစ် ရှိခဲ့ပါပြီ။ လူငယ်တွေဟာ အိပ်မက်တွေအတွက် ရုန်းကန်နေရဆဲ၊ တိုက်ပွဲဝင်နေရဆဲ ပါပဲလား။

ကန့်မောင်တာ