ယနေ့ အခြေခံလိုအပ်ချက်

0
1010
editorial

လူတွေက များများစားစား မတောင်းဆိုလှပါ။ အထူးသဖြင့် အခုခေတ် လူငယ်တွေ ဖြစ်သည်။ လူငယ်တွေသည် အမြဲတစေပင် လွတ်လပ်မှုနှင့် တွဲပါသည်။ သူတို့သည် ကမ္ဘာကြီးအကြောင်း အတော်အတန်သိမြင်သော မျိုးဆက်များဖြစ်သည်။ ကမ္ဘာကြီးနှင့် အတော်အတန် ချိတ်ဆက်မိနေပြီ ဖြစ်သော မျိုးဆက်ဖြစ်သည်။

သူတို့တွင် အိပ်မက်တွေရှိသည်။ စွန့်စားခန်းထုတ်လိုသော မှန်းရည်ချက်တွေ ရှိသည်။
အခြားတစ်ဖက်တွင်လည်း ယခင်မျိုးဆက်ထံမှ ခေတ်ဆိုးအကြောင်းကို သညာအသိ ရှိသည်။ စားကောင်းခြင်း မစားရ၊ သွားကောင်းခြင်း မသွားရ။ လွတ်လပ်မှုကို ချုပ်ချယ်သော ခေတ်အကြောင်း၊ ကျီးလန့်စာစား နေခဲ့ရသော ခေတ်အကြောင်း တစ်ဆင့်စကား တစ်ဆင့်နားဖြင့် သင်ယူခဲ့ရသည်။

အလင်းခေတ်တွင် ကြီးပြင်းခဲ့ရသူတို့အတွက် ဖေဖော်ဝါရီ ၁ ရက်နေ့ ဖြစ်ရပ် သည် သူတို့အတွက် ရုတ်တရက် နားမလည်နိုင်သော၊ ကြက်သေသေ သွားစေသော ရက်စွဲတစ်ခု ဖြစ်သွားသည်။

အလင်းခေတ်၏ အရသာကို သိသူ၊ ကြုံသူတို့ အဖို့ အမှောင်ခေတ်ကို ပြန်မသွားလိုတော့။ တစ်ဖက်တွင်လည်း မျိုးဆက်ဟောင်း၏ အမှောင်ခေတ် အကြောင်း ခြောက်လှန့်မှုက ကြီးစိုးနေသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အလွန်ရက်စွဲများ မည်သို့ပင် ဖြစ်နိုင်စေကာမူ မရေရာမှုများ လွှမ်းမိုးနေသောအခါ ယင်းမှာ လက်ခံနိုင်ဖွယ် မရှိသော အခြေ အနေဖြစ်လာသည်။ မည်သို့မျှ နားလည်ခံစားပေးနိုင်စွမ်း မရှိသော အခြေအနေ ဖြစ်လာသည်။

မြန်မာပြည်သူတို့မှာ များစွာ ရောင့်ရဲပါသည်။ သို့သော် သူတို့ လုံးဝ လက်မခံနိုင်၊ မရောင့်ရဲနိုင်သော အခြေခံ ရပိုင်ခွင့်အကြောင်းတရားများ ခိုင်ခိုင် မာမာ ရှိနှင့်နေပြီးဖြစ်သည်။ ယင်းတို့မှာ မလွတ်လပ်မှု၊ မှုန်ဝါးနေသောအနာဂတ် နှင့် မသေချာ မရေရာမှုတို့ ဖြစ်သည်။

အယ်ဒီတာ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁)