အာဏာသိမ်းပြီးနောက် မြိတ်တွင် ဆန်နှင့် ဆီဈေးတက်

0
393
Dawei Watch, Dawei News, Dawei News Media

အာဏာသိမ်းပြီးနောက် တစ်ပတ်အတွင်း မြိတ်တွင် အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်နှင့်ဆီဈေး တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အာဏာမသိမ်းမီ ဈေးကွက်ပေါက်ဈေးအရ ၂၄ ပြည်ဝင် ၁၀၈ ပေါင်ရှိ ဆန်တစ်အိတ်၏ ဈေးနှုန်း နှစ်သောင်း ခုနစ်ထောင်ကျပ်ရှိခဲ့ရာမှ တစ်ပတ်အတွင်း ဆန်တစ်အိတ်လျှင် ကျပ်သုံးသောင်းအထိ ဈေးတက်ခဲ့ကြောင်း မြိတ်မြို့ရှိ ဆန်ကုန်သည်အသိုင်းအဝိုင်းထံမှ သိရသည်။

“ဧရာဝတီတိုင်း ကဝယ်တဲ့ဟာ ဈေးတက်သွားလို့ ကျွန်တော်တို့လည်း ဈေးတင်ပြီး ရောင်းနေရတာ” ဟု နောက်လယ်ဈေးအနီး ဆန်ရောင်းချသူ တစ်ဦးကပြောသည်။
ဆန်ဈေးတက်သလို စားသုံးဆီများလည်း အလားတူဈေးတက်ခဲ့ကြောင်း သိရသည်။

စားသုံးဆီ ဆယ်ပိသာ ခြောက်ဆယ် ဝင်ဆန့်သည့် ဆီတစ်ပုံးဈေးမှာ အာဏာမသိမ်းမီက နှစ်သောင်း ခြောက်ထောင်ရှိခဲ့ရာမှ ယခုအခါ သုံးသောင်းတစ်ထောင် ဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

ဆန်ကုန်သယ်များအနေဖြင့် ယခုရက်ပိုင်းအတွင်း ဘဏ်တချို့ပိတ်ထားသည့်အတွက်ဆန်ဝယ်ယူရာတွင် ငွေလွှဲရန် အခက်အခဲဖြစ်နေကြောင်းလည်း ၎င်းတို့က ပြောပြသည်။

မြိတ်မြို့တွင် ဆန်ရောင်းနေသည့် ဆိုင်ခုနစ်ဆယ်ခန့်ရှိပြီး အာဏာသိမ်းသည့်နေ့က ဆန်တိုးဝှေ့ ဝယ်ယူသူများခဲ့သော်လည်း ယခုရက်ပိုင်းတွင်မူ နယ်အဝယ်သာရှိတော့ကြောင်း သိရသည်။

အိုကေဆန်ဆိုင်နှင့် ဆန်စက်လုပ်ငန်းကြီးတစ်ဦးဖြစ်သူ ဦးမောင်ထွေးကမူ မြိတ်ခရိုင်အတွက် ဆန်ပြတ်လပ်မည်ကို မစိုးရိမ်ရန်နှင့် ဈေးနှုန်းများကိုလည်း သင့်တင့်စွာ ရောင်းချနေကြောင်း ပြောဆိုထားသည်။