အလွမ်းရောင်သက် ဇေတဝန်

အလွမ်းရောင်သက် ဇေတဝန်
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မြိတ်မြို့မှ တောင်ဘက်သို့ ရေမိုင် ၁၀ မိုင်ခန့်မျှ တနင်္သာရီမြစ်ကြောင်း အတိုင်း စက်လှေလေးစီးပြီး ဆန်တက်၍ သွားလိုက်သည်နှင့် မြစ်ပြင်ကို ဝန်းရံ ပိတ်ဆို့ကာ ဆင်ကြီးတစ်ကောင် မာန်စွယ် ကိုချလျက် ဝပ်စင်းခယနေသည့်ဟန် သဏ္ဌာန်ရှိသော “ဆင်ဒင်(ဆင်တင်)တောင်တန်းကြီး” ကို အဝေးကပင် လှပစွာ မြင်ရပေမည်။

ထိုဆင်ဒင်တောင်တန်းအရှေ့သို့ မရောက်မီ-(တနင်္သာရီ မြစ်ဖျားအထက် သို့ မတက်ခင်မှာ) တွေ့မြင်ရမည့် တောင်စွယ်သည် တနင်္သာရီမြစ်ရေဆုံ/ မြစ်ခွဲ အမှတ်အသားပြ “ဇေတဝန်” တောင်တန်းပင်ဖြစ်သည်။

အရှေ့အနောက်၊ လေးဘက်လေးတန် ဝဲယာ အုတ်လှေကားကြီးများက တောင်ပေါ်သို့ တက်ရောက်ရန် အဝေးကပင် ဆွဲဆောင်နေသည်။ လှေကား တစ်ထစ်ချင်းကို တက်ရင်း ကျေးလက် ရှုခင်းများကို ကြည့်ရသည်က တကယ့်ကို သာယာကြည်နူးဖွယ်ဖြစ်သည်။စိမ်းလန်းသာယာသော ရှုခင်းပသာဒများ စွာခြံရံလျက်- တနင်္သာရီပြည်နှင့် ပုဂံခေတ် ပြိုင် ချိတ်ဆက်မှုကို ပြသနေသော သမိုင်းဝင်နေရာလေးလည်း ဖြစ်ပေသည်။ ထိုနေရာလေး၏ အလွမ်းစရာ အကောင်းဆုံးနှင့် အလှပဆုံး အချိန်ကတော့ ရောင်စဉ်ဖြာ တဖိတ်ဖိတ် တရိပ်ရိပ် ဖြင့်ပင်လယ်ထဲ ဆင်းကျလာသော နေမင်းကြီးကို ထိုတောင်ပေါ်ကနေ ကြည့်ရသော ဆည်းဆာညနေ နေဝင်ချိန်ဖြစ်သည်။ တနင်္သာရီမြစ်ကြောကို မှီလျက် တည်ရှိသော တောင်တန်းပေါ်တွင် တည်ထားသဖြင့် ရစ်ခွေ စီးဆင်းနေသော မြစ်အလှနှင့်အတူ တစ်ဖက်ကမ်းတွင်ရှိသော သန္ဒုပ်မြို့ဟောင်းကို လှမ်းကြည့် လိုက်ရင် သမိုင်းရာဇဝင်အချက်အလက်များက ရောင်ပြန်ဟပ်လာပြီး အမှန်တကယ် လွမ်းရောင်သက်စေသော ဝန်းကျင်ပင် ဖြစ်သည်။

“ဇေတဝန်” ဟု ခေါ်တွင်ရခြင်းကို ရှာဖွေ လေ့လာကြည့်လျှင် တောကျောင်း ဆရာတော် ဦးပဒုမ ရေးသားသော လေး ကျွန်းဆီမီးသိမ်တော်ကြီးစေတီစာအုပ်တွင်- “၆၃၉ ခုနှစ်တွင် တနင်္သာရီဘုရင် ဧကဒယ်ရာဇာမင်းသည် သန္တုပ်မြို့(ဆင် တုပ်) ကို တနင်္သာရီမြို့သင်္ဘောဆိပ်ကမ်း ပြုရန် တည်သည်။ ထိုမြို့နေ သူကြွယ် တစ်ဦး (တနင်္သာရီလူမျိုးသူကြွယ် ငဝမ်း ဖြည့်သင်) က အင်းဝမြို့မှ ဇေတဝန် ဆရာတော်ကို ပင့်လာကာ ကိုးကွယ် သီတင်းသုံးစေသည်။ တနင်္သာရီမြစ်ခွဲ မဟန့် (မဟန္တ- မဟိန္ဒရ) ချောင်းဝ၌ တောင်ငယ်ရှေ့ကျောင်းမှာနေစဉ် တနင်္သာရီ မင်းဆက် တည်ခဲ့သော စေတီနှင့် မဏိစည် သူ ထပ်မံပြုပြင်တည်ထားသော စေတီကို ဒေသခံတကာများနှင့် ဇေတဝန် ဆရာတော်တို့က ထပ်မံ တည်ထား၍ ထိုစေတီဘုရားကိုလည်း “ဇေတဝန်ဘုရား” ဟု ခေါ်ခဲ့သည်။ ၆၄၄ ခုနှစ်မှစ၍ သီတင်း ကျွတ်လပြည့်ကျော် ၃ ရက်၊ ၄ ရက်နေ့ တိုင်း နှစ်စဉ်ဘုရားပွဲတော်ကျင်းပခဲ့ကြသည်” ဟု ဖော်ပြထားသည်။

အချို့ စာပေမှတ်တမ်းများကလည်း ဇေတဝန်စေတီနှင့် တောင်ဖီလာစေတီတို့ သည် ပုဂံခေတ် (အေဒီ၁၂၀၈) နရပတိ စည်သူမင်းကြီး တိုင်းခန်းလှည့်လည်စဉ် တနင်္သာရီဒေသသို့ ရောက်၍ တည်ခဲ့သော ဘုရားဖြစ်သည်ဟု ဖော်ပြကြသည်။ ပုဂံခေတ် စည်သူမင်းလက်ထက် တနင်္သာရီ ပြည်သည် ပဏ္ဏာ ဆက်မြဲ ကပ်မြဲ မရောက်သဖြင့် တနင်္သာရီစား စောပဲဖြူ ပုန်ကန်သည်ဟု အကြောင်းပြုလျက် တနင်္သာရီပြည်သို့ ရှင်အရဟံမထေရ် မြတ်နှင့်အတူ ချီတက်လာရောက်ခဲ့သည် ဟု မှတ်တမ်းပြုထားသည်။ စည်သူမင်း ကြီးသည် ဤခရီးစဉ်တွင် ကမ္ဘာကျော် ဗောရောဗုဓုဘုရားကို တည်ခဲ့သည်ဟုလည်း သိရသည်။

ဂျီပီအင်ဒရူးနှင့် ဟာဗေး တို့ကလည်း- အေဒီ ၁၂၀၈ ခုနှစ်တွင် နရပတိ စည်သူမင်းက တည်ထားကိုးကွယ်သည် ဟု မှတ်တမ်းပြုထားသည်။ ရာဇဝင်မှတ် တမ်းများတွင်မူ- နရပတိစည်သူမင်း၏ ဖောင်စကြာ သင်္ကန်းနက်သား စကားရွက်အား ဗုဒ္ဓရုပ်ပွားတော် ကိုးဆူ ထုလုပ်၍ မြို့ကိုးမြို့တွင် စေတီတည်ထားကိုးကွယ်သည်။ ယင်းသင်္ကန်းနက် ရုပ်ပွားတော် ကိုးဆူကို (၁) ပုဂံပြည်တွင် လိုဏ်နှစ်ဆင့် ရှိသော စူဠာမဏိစေတီတော်၊ (၂) ငါးမျက်နှာရှိသော ဓမ္မရာဇက စေတီတော်၊ (၃) နန်းဦးစွယ်တော်၊ (၄) ညောင်ရွှေမြို့ -ရွှေအင်းတိန်ဘုရား၊ (၅) မုံရွာမြို့နယ် စေတီလှဘုရား၊ (၆) ရွှေဘိုမြို့နယိ ရွှေတန်ဆာဘုရား၊ (၇) ကျောက်ဆည် မြို့နယ် ဖောင်တော်ဦးဘုရား၊ (၈)သရက်မြို့နယ်၊ မြသိန်းတန်ဘုရားနှင့် (၉) တနင်္သာရီဒေသ (ယခု-မြိတ်မြို့ နယ်) ဇေတဝန်ဘုရားတို့၌ တစ်ဆူစီ တည်ထားကိုးကွယ်ခဲ့သည်ဟု ဖော်ပြထားသည်။ ထိုစေတီတော်တို့ကို နရပတိစည်သူမင်းကြီးကိုယ်တိုင်တည် ထားခဲ့သည်ဟု ဆိုထားသဖြင့် တနင်္သာရီ ဒေသကို ခေတ်အဆက်ဆက် မြန်မာ ဘုရင်တို့က အလေးအနက်ထားခဲ့ကြသည်ကို ထိုအထွတ်အမြတ်စေတီနှင့် ရုပ်ပွားတော်တို့က သက်သေခံလျက်ရှိပါသည်။

၁၉ ရက်၊ အောက်တိုဘာလ ၁၁၉၄ ခုနှစ်တွင် ရေးထိုးသော ကျောက်စာနှင့် ခရစ်နှစ်- ၉၊ မေ၊ ၁၁၇၉ ခုနှစ် ရက်စွဲပါ မန္တလေး ကျောက်စာရုံ၏ ကျောက်စာ အမှတ်-၄၄၈၊ စာကြောင်းရေ ၂ နှင့် ၃ တွင် “မုတ္တမ၊ ထားဝယ်၊ တနင်္သာရီဒေသ အထိ တောင်ပိုင်းကို စည်သူမင်းကြီးက နိုင်ငံတိုးချဲ့သည်” ဟု ဖော်ပြထားသည်၊ ထိုကျောက်စာသည် ထားဝယ်ဒေသ၊ တနင်္သာရီဒေသကို မြန်မာတို့ ပိုင်ဆိုင် ကြောင်း ပထမဆုံးတွေ့ရသည့် ခေတ် ပြိုင်မှတ်တမ်းတစ်ခုပင်ဖြစ်သည်။ လွယ်လွယ်နှင့် နိုင်ငံတိုးချဲ့နိုင်သည်မဟုတ်ပေ။ နှစ် ၂၀ နီးပါးကြာအောင် တိုက်ခိုက် စည်းရုံးယူခဲ့ရသည်။ နရပတိစည်သူ မင်းကြီးသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီဒေသကို စစ်အောင်နိုင်သဖြင့် အားရကျေနပ်လျက် ဓမ္မရာဇကဘုရားကို ဆောက်လုပ်လှူဒါန်းပြီး ၇၊ အောက်တိုဘာ၊ ၁၁၉၆ ရက်စွဲပါ ဓမ္မရာဇက ကျောက်စာကို ရေးထိုးခဲ့သည်။ ထိုကျောက် စာသည် မြန်မာတို့၏ နယ်နိမိတ်ကို ထပ်မံဖော်ပြရုံသာမက စစ်အောင်နိုင်သော မော်ကွန်းမှတ်တိုင်တစ်ခုလည်းဖြစ် စေသည်။

ထို့အပြင် ဇေတဝန်စေတီတောင်၏ တစ်ဖက်ကမ်းတွင်လည်း သန္ဒုပ်မြို့ ဟောင်း(ယခု-တောနောက်လယ်ရွာ) တောင်ထိပ်ပေါ်တွင်တွေ့ရသော ပုဂံ ခေတ်ကတည်းက တနင်္သာရီဒေသသား များ တည်ထားကိုးကွယ်သော ဘုရားစေတီ တစ်ဆူရှိသည်။ ထိုစေတီမှာ- “ရှင်ကိုယ်တော်” ဖြစ်သည်။ ထိုရှင်ကိုယ်တော် ဘုရားသို့ မရောက်မီ လမ်းတစ်ဝက်၌ အရှေ့ဘက်သို့ မျက်နှာ မူတည်ထားသော ဂူဘုရားသည်လည်း စည်သူမင်း ကြီး၏ တနင်္သာရီပြည်ခရီးစဉ် အမှတ်တရ ကုသိုလ်ကောင်းမှုဖြစ်ကြောင်း အစဉ်အဆက်ပြောဆိုကြသည်။ ရှင်ကိုယ် တော်ဘုရားတောင်၏ လမ်းတစ်ဝက်၌ တွေ့ရသော ရုပ်ထုမှာ တနင်္သာရီနန်း “တွင်းသူဖွားပန်းပု(ရဲပန်းပု)” ရုပ်ထုဖြစ် ပြီး တနင်္သာရီပြည်စစ်ပြေငြိမ်းခြင်းအတွက် မိဖုရားဖြစ် ခေါ်တော်ဆက်ခြင်းခံရ သူဖြစ်သည်။

တနင်္သာရီပြည်ပိုင်နက်နယ်မြေဝန်းကျင်မှ မထွက်ခွာမီ ထိုတောင်ကုန်းပေါ် သို့တက်၍ ဇေတဝန်ဘုရားကို ဖူးမြော်ရင်း တနင်္သာရီရေမြေတောတောင်အလှကို နောက်ဆုံးအနေဖြင့် ကြည့်ရှုခွင့် တောင်းသဖြင့် စည်သူမင်းကြီးက ခွင့်ပြုပေးခဲ့သည်။ သို့သော်လည်း တနင်္သာရီ နန်းတွင်းသူမှာ တနင်္သာရီရေမြေကို ချစ်သော စိတ်၊ လွမ်းသည့် စိတ်များက သူမ၏စိတ်အစဉ်ကို လွှမ်းမိုးလာသဖြင့် ဤမြေ ဤရေမှ ကင်းကွာ၍ ထွက်မသွားချင်ဖြစ်ခဲ့ရသည်။ မင်းကြီးနှင့်အတူ ပုဂံပြည်သို့ ရှေ့ဆက် လိုက်ချင်စိတ် မရှိပါကြောင်း လျှောက်ထားသဖြင့် မင်းကြီး က ဤနေရာတွင်ပင် ကွပ်မျက်ခဲ့သည်၊ ထို့ကြောင့်ဇေတဝန်တစ်ဘက်ကမ်းတွင် ဖြစ်တည်ခဲ့သည့် တနင်္သာရီရေမြေကို အသက်စွန့်ပြီး ချစ်ပြခဲ့သော တနင်္သာရီသူ နန်းတွင်းသူ “ရဲပန်းပဲ” ဇာတ်လမ်းကလည်း ဆက်စပ်တွေးကြည့်လျှင် တကယ့်ကို လွမ်းမောစရာဖြစ်ရပ်ပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဒေသမှ မှတ်တမ်းမှတ်ရာ အထောက်အထားများ အရ- စည်သူမင်းကြီးတို့ မလာရောက်ခင် ကတည်းက တနင်္သာရီလူမျိုးဘုရင်များ က ပင်လယ်ဘက်မှ ဝင်ပေါက်ဦးတိုက် လမ်းပြအမှတ်အသားအနေဖြင့် ဇေတဝန် တောင်ပေါ်တွင် စေတီတည်ထားခဲ့ကြပြီး ဖြစ်သလို နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၄ ရက်နေ့တွင် တနင်္သာရီမြစ်ဆုံမှာ တော်ဝင်နဂါးလှေပွဲ ကျင်းပသလိုမျိုး တနင်္သာရီမင်းအစဉ်အဆက် လက်ထက် ကတည်းက ထိုအရပ် တနင်္သာရီမြစ်ရေ ပြင်တွင် ရိုးရိုးလောင်းလှေလှော်ပွဲ ကျင်းပ ကြသည်ဟု သိရသည်။ ဇေတဝန်စေတီ သည် တနင်္သာရီဘုရင်များ လက်ထက် ကပင် တနင်္သာရီမြစ်ရေကြောင်းပြ အမှတ်အသားတစ်ခုအဖြစ် တည်ရှိနေခဲ့ ပြီးဖြစ်သလို ထိုခေတ်အချိန်အခါ စည်သူ မင်းကြီးမှာ ရောက်တုန်းရောက်ခိုက် အမှတ်တရ ပြန်လည်မွမ်းမံခြင်းသာဖြစ် သည်ဟုလည်း သိရသည်။

မြိတ်မြို့မပေါ်မီကာလ- ၁၄ ရာစု ၁၅ရာစု ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းပေါ်က ရှေးခေတ်တနင်္သာရီပြည် ၏ ခေတ်တစ်ခုတွင် သန္ဒုပ်မြို့ (ရှေးခေတ် တနင်္သာရီ ကုန်သွယ်စခန်းချသည့် ဆိပ်ကမ်းမြို့-ယခုသန္ဒုပ်ရွာ) တွင် ကုန် စည်များ ဖလှယ်ကြသည်။ ပြီးသည်နှင့် တနင်္သာရီနန်းမြို့ မာန်လည်ရေဆိပ် (Main land) တံခါးမှဝင်၍ တနင်္သာရီ ဘုရင့် ဘဏ္ဍာရေးဝန်ကြီးထံ ပဏ္ဏာဆက် ရသည်။ ပြီးမှ တနင်္သာရီမြစ်ငယ်ရေ ကြောင်းအတိုင်း ဂြလင်္ကာသုသို့ ဝမ်းပြား လှေဖြင့် ကုန်စည်သယ်ပြီး ထိုမှတစ်ဆင့် ပီပီရီ (ယခု-ဖက်ချ်ဘူရီ)အထိ ခြေဆန့် ကြသည်။ မလေးရှားကျွန်းဆွယ်ဘက် အထိ ကုန်သွယ်ရေးလမ်းကြောင်း ကောင်းခဲ့သည်။

ထိုအချိန်ကာလက တနင်္သာရီမြို့မှ ကုန်သွယ်စခန်းချသည့် ဆိပ်ကမ်းမြို့-ယခုသန္ဒုပ်ကို လာလျှင် တနင်္သာရီမြစ် စွယ်အခွဲကို တွေ့ရသည်။ ပင်လယ်ဘက် က လာခဲ့လျှင်လည်း မြစ်ဆုံ လမ်းခွဲနေရာဖြစ်သည့် အားလျော်စွာ အမှတ်အသား ပြုသည့်အနေဖြင့် ဇေတဝန်တောင်ပေါ် တွင် ဘုရားစေတီ ရေကြောင်းလမ်းပြ ဦးတိုက်ရှိခိုးပူဇော်မှု အနေဖြင့် တည်ထားသည်ဟု ယူဆရသည်။ ကုန်သွယ် စခန်းချသည့် ဆိပ်ကမ်းမြို့-ယခုသန္ဒုပ် ရှိ ရှင်ကိုယ်တော်ဘုရားတောင်ပေါ်က ကြည့်လျှင်လည်း ဇေတဝန်ကို တစ်ဆက် တည်း ဖူးမြင်နိုင်သော အနေအထားဖြစ်သည်။

ထို့အပြင် ပင်လယ်ပြင်မှ တစ်ဆင့် လာသော ရန်သူဖြစ်ဖြစ်၊ ကုန်သွယ်လှေ များကိုပဲဖြစ်ဖြစ် အလွယ်တကူ ထောက်လှမ်းနိုင်ဖို့ တနင်္သာရီဘုရင်များလက်ထက် စစ်သည်စခန်းချ ကင်းတပ်ထားခဲ့သော ပင်လယ်ရေလမ်းကြောင်းပြဦးတိုက် နေရာတစ်ခုပင်ဖြစ်ခဲ့သည်။ ပင်လယ် ရပ်ခြားမှ တနင်္သာရီကို တိုက်ခိုက်ရန် လာသော ရန်သူများကို အလွယ်တကူ တိုက်ထုတ်နိုင်သော နေရာဖြစ်သလို ရေကြောင်း အမှတ်အသားပြုနေရာ ဖြစ်ခဲ့သည်ဟု ယူဆရပေသည်။

ထို့အတူပင် မည်ကဲ့သို့သော အန္တရာယ်ရှိလာခဲ့စေကာမူ အလွယ်တကူ အချက်ပြ ကာကွယ်နိုင် ရန် စနစ်တကျ စီမံတည်ဆောက်ခဲ့ကြသော တနင်္သာရီလူမျိုးမင်းဆက်တို့၏ စစ်ရေးအမြင်၊ သာသနာရေးအမြင် ဆန်းသစ်မှု အိုင်ဒီယာများက အထူးပင် လေးစားဂုဏ်ယူဖွယ်ရာပင်ဖြစ်သည်၊

တနင်္သာရီလူမျိုးမင်းဆက်၏ စစ်ရေးအမြင်၊ သာသနာရေးအမြင်များဖြင့် တည်ဆောက်ထားရှိမှု အခြေအနေများ အပြင် တနင်္သာရီကုန်သွယ်ရေးပိုးလမ်းမ အကြောင်း၊ တနင်္သာရီဒေသနှင့် ပုဂံခေတ် ပြိုင်အကြောင်း စသော အကြောင်းအရာများကို ထောက်လှမ်းနိုင်သည့် သမိုင်း ဝင်နေရာဖြစ်သည်။ဇေတဝန်တောင်ပေါ် တွင် တွေ့ရသော ရှေးခေတ်ပျူစာအရေးအသား၊ ဗြဟ္မီစာများ၊ ဂဏန်းအက္ခရာ အမှတ်အသားပါ အုတ်ချပ်များကလည်း ပုဂံခေတ်ထက်စောသော ခေတ်တစ် ခေတ်ကို ရည်ညွန်းပြနေသည်ကို လေ့လာ နိုင်သည်။ ထို့အပြင် အုတ်လှေကားကြီးများကို အခိုင်အမာ တည်ဆောက်မှု လက်ရာ၊ စေတီပုထိုးနှင့် ရုပ်ပွားတော်များ အသေးစိတ်အနုလက်ရာများ၊ ရှေးဟောင်းမြန်မာ့အငွေ့အသက် တနင်္သာရီ ဒေသအမွေအနှစ်အလှူပြုမှု၊ ထို အလှူ မှတ်တမ်းမှတစ်ဆင့် ရှေးခေတ် တနင်္သာရီ လူမျိုးတို့၏ အမည်မှည့်ပုံစနစ်တွေကိုပါ ထောက်ဆလေ့လာနိုင်သည်။

ဇေတဝန်တောင်ပေါ်တစ်ဖက်ကမ်း ကနေ နေဝင်ချိန်အလှကို ကြည့်ရင်း- ပုဂံခေတ် စည်သူမင်းလက်ထက် တနင်္သာရီ စစ်ပြေငြိမ်းမှုအတွက် မိဖုရားအဖြစ် ခေါ် တော်ဆင့်ခံရသော တနင်္သာရီနန်းတွင်း သူရဲပန်းပု၏ ဒေသချစ်စိတ်နှင့် အသက် စွန့်ခဲ့သော အလွမ်းဇာတ်လမ်း၊ သန္ဒုပ်မြို့ ဟောင်းထဲက ထိလပ် ပိုးဥ ရာဇဝင်မှတ် တမ်း၊ တနင်္သာရီသူကြွယ်ငဝမ်းဖြည့်သင် ၏ အလှူပြုဟန်၊ စစ်သည်ရဲမက်တို့၏ စစ်ချီသံ/လှေတော်သံ၊ အင်္ဂလိပ်ခေတ် ဖိနပ်စီးပြီး ဘုရားပေါ်တက်လာသော နယ်ချဲ့တို့ကို တားမြစ် နှင်ထုတ်ခဲ့သော ဇေတဝန်ဆရာတော်၏ ဇာတိမာန် စသဖြင့် ခေတ်ပြိုင် မှတ်တမ်း မှတ်ရာများကို ဤတောင်ပေါ်ကနေ တစ်မျက်နှာ တစ်ချပ်ချင်း လှန်လှောဖတ်ရှုသလို လေ့လာနိုင် သော နေရာဝန်းကျင်ပင်ဖြစ်သည်။

မြိတ်မြို့နှင့် အနီးဆုံးရပ်ဝန်းတွင် တည်ရှိပြီး ရေလမ်းဖြင့်သော်လည်းကောင်း၊ ကားလမ်းဖြင့်သော်လည်းကောင်း သွားရောက်ဖူးမျှော်လေ့လာနိုင် သော်လည်း လူသူအရောက်ပေါက်နည်း လှသည်။ တနင်္သာရီလူမျိုးမင်းဆက်တို့ ၏ သမိုင်းဝင်အငွေ့အသက်များစွာ ကိန်းအောင်းလျက် ပုဂံခေတ်နှင့် ပုဂံခေတ် ထက်စောသော အခြေအနေများအထိ ထောက်လှမ်းမှန်းဆလျက် ခေတ်ပြိုင် ဖြစ်ရပ် အလွမ်းဇာတ်လမ်းများနှင့်အတူ သဘာဝက ပေးသော ရေမြေတောတောင် ရှုခင်းပသာဒများကို ကြည့်ရှုခံစားရင်း အလွမ်းရှိန်မြင့် အလွမ်းရောင်သက် ကြည်နူးခြင်း ရသများစွာကို သွားရောက် လေ့လာရယူနိုင်သော ဇေတဝန်တောင် အကြောင်းအရာလေးကို ရည်ညွှန်းဖော်ပြ လိုက်ရပါသည်။

ကျမ်းကိုး- တောကျောင်းဆရာတော်ဦးပဒုမ၊ လေးကျွန်းဆီမီးသိမ်တော်ကြီးစေတီ။

တိုးလွင်သော်(ရန်ကုန် တက္ကသိုလ်)၊ တနင်္သာရီသမိုင်းရှာပုံတော်