မြိတ်တွင် ကိုဗစ်ကာကွယ်ဆေး အလှူငွေ ကျပ်သိန်းပေါင်း သုံးထောင်နီး ပါးရ

0
166
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်နိုင်တီး ကာကွယ်ဆေး ဝယ်ယူ ရရှိရေးအတွက် အလှူငွေများစတင် လက်ခံခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့မှ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ ကျပ်သိန်းပေါင်း သုံးထောင်နီးပါးရရှိထားကြောင်း မြိတ်ခရိုင် Covid 19 ကာကွယ်ရေး အရပ်ဘက်ပူးပေါင်းကော်မတီထံမှ သိရသည်။

ကိုဗစ်နိုင်တီး ကာကွယ်ဆေးဝယ်ယူရေးအတွက် မြိတ်ခရိုင် Covid 19 ကာကွယ်ရေး အရပ်ဘက်ပူးပေါင်းကော်မတီနှင့် မြိတ်ဒေသကိုဗစ်နိုင်တီး ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အထောက်အကူပြုကော်မတီတို့မှ ငွေကျပ်သိန်းတစ်ရာမတည်ခဲ့ပြီး အလှူငွေ များအား လက်ခံပေးလျက်ရှိရာ ဇန်နဝါရီ လ ၂၈ ရက်နေ့အထိ စုစုပေါင်းရရှိငွေ ကျပ်သိန်းပေါင်း ၂၉၀ဝ ကျော် ရရှိထား ပြီး ဖြစ်ကြောင်း သိရသည်။

“ဆေးဝါးဒါနတစ်ခုဖြစ်တော့ ထည့်ကြတာ” ဟု မြိတ်ခရိုင် Covid 19 ကာကွယ်ရေး အရပ်ဘက်ပူးပေါင်း ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးမင်းလွင်ဦးက ပြောသည်။

ထို့အပြင် အဖွဲ့အစည်းတစ်ခုမှ ကျပ်သိန်းသုံးထောင်လှူဒါန်းရန် ကမ်းလှမ်းထားသည့်အတွက် စုစုပေါင်း ကျပ်သိန်းခြောက်ထောင်ကျော်အထိ ရရှိနိုင်မည်ဖြစ်ကြောင်း ဦးမင်းလွင်ဦးက ပြောပြသည်။

မြိတ်ဒေသမှ ရရှိခဲ့သည့် အလှူငွေ များအား ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကိုဗစ်နိုင်တီး ကာကွယ်ဆေး ဝယ်ယူရရှိ ရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီမှ မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ ငွေစာရင်း အမှတ်တစ်ခုခုသို့ ထည့်ဝင်သွားမည် ဖြစ်ကြောင်း မြိတ်ခရိုင် ကိုဗစ်နိုင်တီး ကာကွယ်ရေး အရပ်ဘက်ပူးပေါင်း ကော်မတီထံမှ သိရသည်။

ကိုဗစ်နိုင်တီးကာကွယ်ဆေး ဝယ်ယူ ရရှိနိုင်ရန် နိုင်ငံတော်မှ မတည်ရန်ပုံငွေ ကျပ် ၃၃၈ ဘီလီယီခန့်(အမေရိကန် ဒေါ်လာ သန်း ၂၅၀) အား နိုင်ငံခြားငွေ စာရင်းအမှတ် (EDC 600012) စတင် ထည့်သွင်းပေးထားပြီး လှူဒါန်း လိုသူများအနေဖြင့် မည်သည့်နိုင်ငံခြားငွေ အမျိုးအစားကိုမဆို ထည့်ဝင်လှူဒါန်းနိုင် ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ကျပ်သန်း တစ်ထောင် မတည်ထည့် သွင်းထားသည့် မြန်မာကျပ်ငွေစာရင်း အမှတ် (OA 013733)တွင် မြန်မာ ကျပ်ငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။