ထားဝယ်ဘူတာကြီးရဲ့ မီးရထားလွမ်းချင်း

ထားဝယ်ဘူတာကြီးရဲ့ မီးရထားလွမ်းချင်း
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ခြောက်ကပ်တိတ်ဆိတ်နေတဲ့ ထားဝယ်မြို့က ဇလွန်းဘူတာရုံကြီးမှာ ဥသြဆွဲသံ မကြားရတာ တစ်နှစ်နီးပါး ကြာခဲ့ပါပြီ။ အရင်ကတည်းက အရှုံးခံ ပြေးဆွဲနေတယ်ဆိုတဲ့ မော်လမြိုင်-ရေး- ထားဝယ် မီးရထားကြီးဟာ ကိုဗစ်ဖြစ်ပြီး ကတည်းက လုံးဝ နားထားရတာပါ။

မီးရထားစတင်ပေးဆွဲစဉ်အချိန်က ထိုင်ခုံနေရာ မရသူတွေ၊ လက်မှတ် ပြည့်သွားတဲ့အတွက် လက်မှတ်မရ တော့တဲ့အထိ မီးရထားစီးသူတွေ များပြား ခဲ့တာပါ။ ထားဝယ်ကနေ ရေး-မော်လမြိုင်ထိ ခရီးရှည်သွားသူတွေရှိ သလို ခရီးတိုလိုက်ပါစီးနင်းသူ ဒေသခံ တွေလည်းရှိပါတယ်။

မီးရထားစီးတဲ့ ခရီးသည်တွေ များတဲ့ အချိန်က ထမင်းဆိုင်၊ စားသောက်ဆိုင်တွေလည်း ရောင်းကောင်းသလို တည်းခိုခန်းမှာလည်း အမြဲလို လူပြည့် နေတယ်လို့ ဆိုပါတယ်။ သုံးဘီး တက္ကစီဆွဲသူ၊ ဆိုင်ကယ်တက္ကစီဆွဲသူတွေလည်း မီးရထားကို အမှီပြုပြီး အလုပ်အကိုင်တွေ တစ်ခေတ်ကောင်းခဲ့ ပါသေးတယ်။

၂၀ဝ၇-၂၀ဝ၈ ခုနှစ် မတိုင်မီအထိ မီးရထားစီးနင်းလိုက်ပါသူဦးရေ ၁၀ဝ ဝန်းကျင်ခန့်ပေမယ့် အဲဒီနောက်ပိုင်းက စပြီး မီးရထားစီးသူ နည်းလာတယ်လို့ ထားဝယ်မြို့၊ ဇလွန်းဘူတာမှာ ထမင်းဆိုင်ရောင်းနေတဲ့ မီးရထား(လုပ်သားတွဲ) ဝန်ထမ်းဟောင်း ဦးတင်ဝင်းက ပြောပြ ပါတယ်။

ထားဝယ်-ရေး-မော်လမြိုင်ကို မီးရထားပြေးဆွဲဖို့အတွက် ဒေသခံတွေရဲ့ မြေယာတွေကို စစ်အစိုးရက သိမ်းယူ ခဲ့ရုံသာမက မီးရထားလမ်းဖောက်လုပ်ရန်အတွက် ထားဝယ် လေးမြို့နယ်တွင်းရှိ ဒေသခံများကို တစ်အိမ်တစ်ယောက် (မလုပ်မနေရ) လုပ်အားပေး ခေါ်ယူ ခိုင်းစေခဲ့ကြပါတယ်။

အဲဒီလို မီးရထားလမ်းဖောက်ချိန် ကတည်းက ဦးတင်ဝင်းဟာ ဈေးရောင်းလာခဲ့တာ ဘူတာကြီး ဖွင့်စကတည်း ကပါ။

၁၉၉၆ ခုနှစ်မှာ မီးရထား (လုပ်သားတွဲ) ဝန်ထမ်းဝင်လုပ်ခဲ့ပြီး ဇနီးဖြစ်သူ နဲ့အတူ ဘူတာရုံအနီးမှာ စားသောက် ဆိုင်လေး ဖွင့်ထားတာပါ။ ဒီကြားထဲ တက္ကစီဆွဲတဲ့အလုပ်ကိုလည်း လုပ်ခဲ့ပါ သေးတယ်။

မီးရထားစီးတဲ့ ခရီးသည်တွေကို အမှီပြုပြီး စားသောက်ဆိုင်လေး ရောင်းခဲ့တာ သမီးကြီးကိုတောင် ဘွဲ့ရတဲ့အထိ ကျောင်းထားနိုင်ခဲ့တယ်လို့ ဦးတင်ဝင်း က ဆိုပါတယ်။
ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့ နောက်ပိုင်းမှာ ကားလမ်းတွေ ကောင်း လာတာနဲ့အမျှ မီးရထားစီးသူတွေလည်း တဖြည်းဖြည်း နည်းလာပါတယ်။

“၂၀ဝ၇-၂၀ဝ၈ လောက်ကစပြီး ကုန်တင်လည်း နည်းသွားတယ်၊ လူစီး လဲ နည်းသွားတယ်၊ ဘယ်လိုဖြစ်လို့လဲ ဆိုတော့ အဲချိန်တုန်းကဆိုရင် မိုးလေဝသပေါ့။ လမ်းပိုင်းမှာ ဘီးချော်တာနဲ့ တစ်ညသော်လည်းကောင်း နှစ်ညသော် လည်းကောင်း ကြာသွားရင် ကုန်စိုတွေ က ပုပ်ကုန်တယ်လေ” လို့ ဦးတင်ဝင်းက ပြောပြပါတယ်။

ထားဝယ်ကနေ မော်လမြိုင်ကို သွားရင် ရေး ရောက်တဲ့အခါ မီးရထား အတွဲချိန်းပြီးပြောင်းစီးရပါတယ်။ ဒီလို မီးရထားပြောင်းစီးရတဲ့အခါ အထုပ်အပိုးတွေ များရင် ကရိကထများသလို တန်ဆာခတွေ၊ ကုန်တင်ကုန်ချခတွေ၊ တည်းခိုခတွေနဲ့ စရိတ်ထောင်းလှပါတယ်။

ထားဝယ်မြို့က ဇလွန်းဘူတာရုံကြီး

သေသေချာချာ ပြန်တွက်ကြည့်ရင် ကားလမ်းကနေသွားတဲ့ ခရီးစရိတ်နဲ့ သိပ်ပြီး မကွာခြားတာမို့ ကားလမ်းကို အသုံးပြုသူတွေ များလာတာပါ။

ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ မီးရထားစီးတဲ့ ခရီးသည် ၃၀ ဦး လောက်ရှိခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်း တဖြည်းဖြည်း နည်းလာရာကနေ မီးရထားစီးသူဦးရေဟာ မီးရထားဝန်ထမ်းတွေနဲ့ပေါင်းမှ ၁၅ ဦးဝန်းကျင်ခန့်သာ ရှိတယ်လို့ ဦးတင်ဝင်းက ပြောပါတယ်။ အခုတော့ ကိုဗစ်က ရထားခရီးစဉ်တွေကို ရပ်ပစ်လိုက်ပါပြီ။

“အခု သင်္ကြန်ကတည်းကနေ မီးရထားမပြေးဘဲနေတော့ မိသားစု ၃ ယောက်မှာ နောက်ဆုံး အငယ်ဆုံးခလေးလဲ ကျောင်းပိတ်ထားတယ်ဆိုတော့ ကျောင်းမတက်ရဘူး။ (အခု) ဈေးရောင်း တယ်ဆိုတာလဲ အမည်ခံပါပဲ။ ရောင်းရတာလဲ သိပ်မရှိပါဘူး။ ဒီလိုပဲ မရှိမဖြစ် လုပ်နေရတဲ့ပုံစံပဲ အဲလိုပဲလုပ်နေရ တာပေါ့” ဦးတင်ဝင်းက ဆိုပါတယ်။

ဦးတင်ဝင်းရဲ့ ဈေးဆိုင်လေးမှာ ထမင်း၊ ဟင်း၊ လက်ဖက်ရည်၊ အချိုရည်၊ မုန့်အမျိုးမျိုး၊ ကွမ်းယာ၊ ဆေးလိပ် စသည်ဖြင့် စားဖွယ်စုံလေးတွေရောင်းပါတယ်။ အခုတော့ မီးရထားလုံးဝ မဆွဲတော့ ထောင်ဂဏန်းရောင်းရဖို့မပြောနဲ့ ရာဂဏန်း ဆယ်ဂဏန်းတောင် မရောင်း ရတော့ဘူးလို့ ဆိုပါတယ်။

မီးရထားစီးသူ အများစုမှာ ဌာနဆိုင်ရာက သင်တန်းတက်သူ ဝန်ထမ်းတွေ၊ အိမ်ထောင်ပြောင်းတွေနဲ့ အခြေခံ လူတန်းစားတွေလောက်သာ စီးကြတာ များတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

ထားဝယ် ရေး-မော်လမြိုင် မီးရထား က အစုန်အဆန် သွားပြီး မနက် ၆ နာရီတစ်စင်းထွက် ညနေ ၇ နာရီလောက် တစ်စင်းပြန်ဝင်ပါတယ်။ မီးရထားမှာ ပထမတန်း၊ ရိုးရိုးတန်း၊ အထက်တန်း ဆိုပြီး အတန်းအစား သုံးမျိုးရှိပေမယ့် ရိုးရိုးတန်းမှာတော့ အခြေခံလူတန်းစား အများဆုံးစီးကြတာပါ။

ဇလွန်းဘူတာမှာတော့ ဈေးဆိုင်နဲ့ တည်းခိုခန်းက သိပ်များများစားစား မရှိပါဘူး။ ဈေးဆိုင် သုံးလေးဆိုင် လောက်ပဲရှိပါတယ်။ ဇလွန်းဘူတာနဲ့ ဝေးတဲ့ ခရီးသည်တွေနဲ့ ဝန်ထမ်းတွေဟာ တည်းခိုခန်းမှာ အိပ်ကြသူရှိသလို ဘူတာကြီးထဲမှာ အိပ်ကြသူတွေလည်း ရှိပါတယ်။

မီးရထားပြေးဆွဲစဉ် ခေတ်ကောင်း နေချိန်တုန်းက တည်းခိုခန်းမှာ လူပြည့်နေပေမယ့် နောက်ပိုင်းမှာ တည်းခိုသူတွေလည်း နည်းလာပါတယ်။

ကိုဗစ်ဖြစ်လို့ မီးရထားပြေးဆွဲမှုကို အကန့်အသတ်မရှိ ရပ်နားထားချိန်မှာတော့ တည်းခိုခန်းလေးဟာလည်း သော့ခတ်ထားရပါတယ်။ တည်းခိုခန်းပိုင်ရှင်ဟာ အခြားအလုပ်တစ်ခုကို ထွက်လုပ် နေတယ်လို့ သိရပါတယ်။

ယခင်က မီးရထားဘူတာမှာ ဆိုင်ကယ်တက္ကစီ ၂၀ စီး နဲ့ သုံးဘီးတက္ကစီ ၂၀ စီး လောက်ရှိတယ်လို့ မီးရထားဘူတာ မှာ ဂိတ်မှူးလုပ်ခဲ့တဲ့ ဦးခင်မောင်ကျော် က ပြောပါတယ်။

“အတွဲတိုင်း အတွဲတိုင်းမှာ လူပြည့်နေတယ်၊ တစ်ခေါက်ပို့ပြီးပြန်လာတာတောင် နောက်တစ်ခေါက် ထပ်ဆွဲဖို့ မီသေးတယ်” လို့ ဦးခင်မောင်ကျော်က အရင်တုန်းက အခြေအနေကို ပြောပြပါတယ်။

ဂိတ်မှာ စီနီယာအလိုက် အလှည့်ကျ ခရီးသည်ကို ပို့ဆောင်စေပြီး ခရီးသည် တစ်ခေါက်ပို့လို့ရတဲ့အပေါ်မှာ ဂိတ်ကြေးကို ကောက်ခံရတာပါ။ NLD အစိုးရသစ် တက်လာတဲ့အချိန်ကစပြီး ခရီးသည်တွေ ပါးလာတဲ့အတွက် တက္ကစီလည်း မဆွဲရ တော့တာမို့ ဂိတ်ကြေးလည်း မရတော့ပါဘူးလို့ သူက ပြောပါတယ်။

မီးရထားပြေးဆွဲစဉ် အစပိုင်းမှာ လူရော ကုန်ရောများပေမယ့် နောက်ပိုင်းမှာတော့ လူစီးနည်းသွားပြီး ကုန်တွေပဲ တင်တာများလာတယ်လို့ NLD အစိုးရ သစ်လက်ထက်မတိုင်မီ ဇလွန်းဘူတာမှာ ဆိုင်ကယ်တက္ကစီ ဆွဲခဲ့တဲ့ ဦးဇော်ဝင်းက ပြောပါတယ်။

အရင်က မီးရထားဘူတာမှာ မီးရထား ဥသြဆွဲသံ၊ လူသံ သူသံတွေ ခေါင်းရွက် ဗျပ်ထိုး ဈေးသည်တွေရဲ့ အသံတွေ၊ တက္ကစီသမားတို့ရဲ့ ခေါ်သံတွေနဲ့ ဆူညံနေပေမယ့် အခုတော့ ထားဝယ်မြို့ က ဇလွန်းဘူတာရုံလေးဟာ ခြောက်ကပ် တိတ်ဆိတ်နေပါတယ်။

ဘူတာကြီးအပါအဝင် ဘူတာကြီး က စားသောက်ဆိုင်၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်လေးတွေနဲ့ တည်းခိုခန်းလေးတွေဟာ မီးရထားကြီးကို လွမ်းနေ မယ်ထင်ပါရဲ့။

ဦးတင်ဝင်းဟာ ၂၀၁၇ ခုနှစ်မှာ မီးရထားဝန်ထမ်း ဘဝနဲ့ သက်ပြည့် ပင်စင်ယူခဲ့ပါတယ်။ လူစီးနည်းသွားပေမယ့်လည်း မီးရထားဘူတာကြီးနဲ့အတူ ဦးတင်ဝင်းတို့ ဆိုင်လေးကတော့ မီးရထားကြီး ပြေးဆွဲမယ့်ရက်ကို စောင့်စားရင်း မီးရထားကြီးကို မျှော်နေဆဲပါ။

မိုးမြင့်