မြိတ်တွင် ဇန်နဝါရီလအတွင်း ၁၁ ကြိမ် မီးလောင်

0
200
Dawei Watch, Dawei News, Dawei News Media

မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ပုလာ၊ တနင်္သာရီနှင့် ကျွန်းစုမြို့နယ်တို့တွင် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ မီးလောင်သည့်အကြိမ်ရေ ၁၁ ကြိမ်ရှိကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာန ထံမှသိရသည်။

အဆိုပါ မီးလောင်မှု ၁၁ ကြိမ် အနက် မီးဖိုမီးမှတစ်ဆင့် လောင်ကျွမ်းသည့် အကြိမ်ရေ နှစ်ကြိမ်၊ ပေါ့ဆမီး နှစ်ကြိမ်၊ ရှို့မီး နှစ်ကြိမ်နှင့် လျှပ်စစ်မီးမှ တစ်ဆင့် လောင်ကျွမ်းသည့်အကြိမ်ရေ ငါးကြိမ်တို့ဖြစ်ကြကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာန စာရင်းအရ သိရသည်။

“ကျပ်သိန်းသုံးရာနှစ်ဆယ်ကျော် ဆုံးရှုံးခဲ့ရတယ်” ဟု မြိတ်ခရိုင် မီးသတ် ဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင် ကျွဲကူးကျေးရွာရှိ ကျွဲကူးကျောင်းတိုက်နှင့် သစ်ယာဝကျေးရွာရှိ မော်စုန်းရပ်မှ နေအိမ်တစ်ဆောင်မီးလောင်ခဲ့သဖြင့် တစ်နေ့တည်း မီးနှစ်ကြိမ်လောင်ကျွမ်းခဲ့သည်။

ဇန်နဝါရီလ မီးလောင်မှုများအနက် ဇန်နဝါရီလ ၁၄ ရက်နေ့က မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု အင်လေးမြိုင် ရပ်ကွက် (အောင်မင်္ဂလာ ပရိယတ္တိ စာသင်တိုက်အရှေ့)တွင် လောင်ကျွမ်းခဲ့သည့် မီးကြောင့် နေအိမ် ၁၂ လုံး မီးလောင်ကျွမ်းပြီး မီးဘေးသင့်သူဦးရေ ၇၀ ကျော်ခန့်ရှိခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မီးလောင်မှုများအနက် ဆိုင်ရှင်မှ ဆေးလိပ်နှင့် အချိုရည်မရောင်းပေးသဖြင့် ဆိုင်အား မီးရှို့မှုတစ်ခု တနင်္သာရီမြို့နယ် မောတောင်နယ်စပ်(မြို့)တွင် ဖြစ်ပွားသေးသည်။

ထို့အပြင် ဇန်နဝါရီလ ၂၁ ရက်နေ့ က မဇောကျေးရွာအုပ်စု သကန်တောင် ပုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၏ ဘုရားကျောင်းဆောင်တွင် စွဲကပ်နေသည့် ပျားအုံအား အုန်းဆံခွံဖြင့် မီးမြှိုက်ရာမှ မီးလောင်ခဲ့ကြောင်း မြိတ်ခရိုင်မီးသတ် ဦးစီးဌာနထံမှ သိရသည်။

မြင့်မိုရ်(မြိတ်)