နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင် မြန်မာရွှေ့ပြောင်းလုပ်သားရာချီ အလိမ်ခံရ

0
165
Dawei Watch, Dawei News, Dawei News Media

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင် ထိုင်းနိုင်ငံ၊ ကော့စမွေကျွန်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားရာချီ အလိမ်ခံနေရကြောင်း ထားဝယ်ဒေသခံ ရွှေ့ပြောင်းလုပ်သားအချို့ထံမှ သိရသည်။

အဆိုပါကျွန်းပေါ်ရှိ ထိုင်းပွဲစား ကုမ္ပဏီတစ်ခုက မြန်မာရွှေ့ပြောင်းလုပ်သားများထံမှ ငွေကြေးနှင့် နိုင်ငံကူး လက်မှတ်၊ အလုပ်လုပ်ခွင့်ပါမစ် အစရှိသည့် အထောက်အထားများကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းက သက်တမ်းတိုးပေးရန်အတွက် ပေးထားကြကြောင်း ဦးဆောင်ကူညီပေးနေသည့် ကိုရန်ကျော်က ဆိုသည်။

အဆိုပါ အထောက်အထားများအပြင် တစ်ဦးလျှင် ထိုင်းဘတ်ငွေ တစ်သောင်းခွဲဝန်းကျင်စီ ပေးထားရကြောင်း ၎င်းက ပြောသည်။

ထိုသို့ ပေးပြီးနောက်ပိုင်းတွင် ယင်းပွဲစားကုမ္ပဏီနှင့် အဆက်အသွယ် မရတော့ဘဲ အထောက်အထားစာအုပ်များလည်း မရသေးကြောင်း ကိုရန်ကျော် က ဆိုသည်။

သို့သော် သက်တမ်းတိုးရန် အဆိုပါ အေဂျင်စီနှင့် အပ်ထားသည့် ရွှေ့ပြောင်း လုပ်သားအချို့မှာ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) ဆေးရုံဘတ် (ဆေးကုသခွင့်) / အခြားအထောက်အထားတစ်ခု သာရရှိခဲ့ပြီး အထောက်အထားအားလုံး မရသေးကြောင်း ၎င်းက ပြောသည်။

အလိမ်ခံနေရသည့် ရွှေ့ပြောင်း လုပ်သားအများစုမှာ တနင်္သာရီတိုင်းသား များဖြစ်ပြီး မွန်၊ ကရင်၊ ရန်ကုန်၊ မကွေး အစရှိသည့် တိုင်းနှင့်ပြည်နယ်မှ ရွှေ့ပြောင်းလုပ်သားများလည်း ပါဝင်ကြောင်း ကိုရန်ကျော်က ဆိုသည်။

“ပတ်စ်ပို့တွေ၊ သူဌေးထောက်ခံစာတွေ၊ Work Permit (အလုပ်လုပ်ခွင့်)တွေ အကုန်လုံး ကျွန်တော်တို့လက်ထဲ မှာရှိတဲ့ အစစ်တွေသွားပေးရတယ်၊ ကျွန်တော်တို့က ကော်ပီပဲယူခဲ့ရတယ်ဗျ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အလိမ်ခံရသည့် ရွှေ့ပြောင်းလုပ်သားဦးရေ သုံးရာခန့်ရှိ ပြီး လက်ရှိတွင် အလိမ်ခံရသူ ၆၀ နီးပါးသာ စာရင်းကောက်ယူထား နိုင်သေးကြောင်း ကိုရန်ကျော်က ဆိုသည်။

ထိုသို့ အထောက်အထားများ မရှိသည့်အတွက် လမ်းထွက်ချိန်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးမည်ကို စိုးရိမ်နေရပြီး အလုပ်ပြောင်းလုပ်ရာတွင်လည်း အခက်အခဲများကြုံတွေ့နေရကြောင်း ကိုစိုးပိုင်က ဆိုသည်။

ထိုကဲ့သို့ အလိမ်ခံနေရသည့်အတွက် ဝန်းရံသူ နှစ်ဆယ်ခန့်ဖြင့် ရဲစခန်းတွင် သွားတိုင်ရာ စုံစမ်းပေး မည်ဖြစ်သော်လည်း အချိန်ကြာမည်ဟု ပြောဆိုလိုက်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် အလုပ်သမားအများစုမှာ ကိုဗစ်ကြောင့်အလုပ်မရှိသည့်အတွက် ပိုမိုအခက်တွေ့နေရသည်ဟု ကိုစိုးပိုင်က ပြောသည်။

“စောင့်နေရရင် အဓိကက ပိုက်ဆံ မရှိဘူး၊ ပတ်စ်ပို့ မရှိဘူး။ ဘတ်(အထောက်အထား)မရှိဘူး။ အလုပ်လည်းမရှိဘူးဆိုတော့ ဘယ်လိုမှ စောင့်နေလို့မရဘူး ခင်ဗျား။ အဲဒီကြားမှာ အချို့က ဒီမှာ ဆက်ပြီးတော့ အလုပ်လုပ်ချင်တယ်။ အချို့က အိမ်ပြန်ချင်တယ်၊ အဲဒီပိုက်ဆံ တွေကို ပြန်လိုချင်တယ်ခင်ဗျား” ဟု ၎င်းက ဆိုသည်။

အထက်ပါ အခက်အခဲများကို အကူအညီပေးရန် မြန်မာသံရုံးထံ ဖုန်းဆက် အကူအညီတောင်းခံခဲ့သော်လည်း ထုတ်ပြန်ထားသည့် ဖုန်းနံပါတ် အများစုမှာ ဆက်သွယ်၍ မရခြင်း၊ ဖုန်းမကိုင်ခြင်းများ ကြုံတွေ့နေရကြောင်း ကိုစိုးပိုင်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ တရားဝင် ဝက်ဆိုဒ်တွင် ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းရာ အလုပ်သမားသံအရာရှိ၏ ဖုန်းသို့ ဆက်သွယ်မေးမြန်းရန် ပြောဆိုခဲ့သည်။

အထက်ပါ အလုပ်သမားသံအရာ၏ ဖုန်းသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်သဖြင့် မေးမြန်းခွင့်မရခဲ့ပေ။