အိမ်တွင်း အကြမ်းဖက်မှုအတွက် အကာအကွယ်

0
1153
အိမ်တွင်း အကြမ်းဖက်မှုအတွက် အကာအကွယ်

အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှု ခံရတဲ့အခါမှာ တရားဥပဒေရဲ့ အကာကွယ်ရယူဖို့ ခက်ခဲကြနေပါတယ်။ ၂၀၂၀ ခုနှစ်ထဲမှာ ရဲစခန်းကို တိုင်ကြားထားတဲ့ အမှုအရေအတွက်တွေက ဒီလို အခက်အခဲတွေ ကိုမီးမောင်းထိုးပြနေပါတယ်။ ရဲစခန်းကို ရောက်လာတဲ့ အမှုတွေနဲ့ အမျိုးသမီး အရေးလှုပ်ရှားတဲ့အဖွဲ့တွေကို ရောက်လာတဲ့ အမှုတွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် သိသာပါတယ်။

ပြီးခဲ့တဲ့ နှစ်တစ်နှစ်လုံးမှာ မြို့နယ် ၁၀ မှာရှိတဲ့ သက်ဆိုင်ရာ ရဲစခန်းတွေကနေ တိုင်းရဲရုံးကို တက်လာ တဲ့အမှုအရေအတွက် ၁၈ မှုသာရှိပေမယ့် အမျိုးသမီး ရေးကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့တွေဖြစ်တဲ့ ထားဝယ်အမျိုးသမီးသမဂ္ဂနဲ့ မြိတ်အမျိုးသမီးများ အဖွဲ့ကို လာတိုင်တာအမှု ၈၀ ကျော်ရှိပါတယ်။

ဒါပေမယ့် လာတိုင်တဲ့သူတွေအပါအဝင် အိမ်တွင်းအကြမ်းဖက်ခံရသူတွေဟာ နောက်ဆုံးအဆင့် ထိ တရားဥပဒေအရ အဆုံးအဖြတ်ခံယူဖို့ လှမ်းနိုင်ခဲ့တဲ့သူ အနည်းစုသာ ရှိပါတယ်။

အိမ်တွင်းအကြမ်းဖက်ခံရမှုမှာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရ မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ ရှိပါ တယ်။ ဒီလိုဖြစ်စဉ်တွေဟာ မိသားစုအတွင်း၊ ဆွေမျိုးရင်းချာအကြားနဲ့ အတူနေသမီးရည်းစား တွေ ကြားကလာတာဖြစ်ပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်တွေမှာ လင်ယောကျာ်းက ငွေကြေးထောက်ပံ့မှု မရှိခြင်း၊ အိမ် ထောင်ရေး ဖောက်ပြန်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် အရက်သေစာသောက်စားကာ ဆဲဆိုခြင်း၊ ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း၊ အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပဲဖြစ်ပါတယ်။

အိမ်ထောင်သက် သုံးနှစ်ရှိပြီဖြစ်တဲ့ ထားဝယ်မြို့က အမျိုးသမီးတစ်ဦးကတော့ သူမ ခင်ပွန်း ဖြစ်သူနဲ့ စကားများရန်ဖြစ်တိုင်း ရိုက်နှက်တာ တွေလုပ်တယ်လို့ ဆိုပါတယ်။ သူမအမျိုးသားဟာ သူမကို အိမ်စရိတ်နဲ့ ကလေးစရိတ် လုံလောက်စွာ မပေးတဲ့အပြင် အိမ်ထောင်ရေး ဖောက်ပြန်တာတွေရှိနေတယ်လို့ဆိုပါတယ်။

“စိတ်တိုတော့လည်း ပြောမိတာပေါ့နော်။ စိတ်ထဲမှာ ခံစားရတာတွေ၊ ပြောမိတော့လည်း အရိုက်ခံရတယ်။ မပြောဘဲနေတော့လည်း သူက ပိုပြီးတော့ အနိုင်ကျင့်ခံရတာပေါ့ အစ်မရယ်။ ဟိုရက်ကလည်း ရန်ဖြစ်တော့ ထုထောင်းထားတာ လက်မှာ အညိုအမည်းတွေစွဲလို့ အရိုက်ခံရသေးတယ်။ ခုတော့ ပျောက်သွားပြီ” လို့ အသက် ၂၇ အရွယ်ရှိပြီဖြစ်တဲ့ သူမက ဆိုပါတယ်။

သူမတို့ အိမ်ထောင်သက်တမ်းမှာ တစ်နှစ်ကျော် သားလေးတစ်ယောက် ရှိပါတယ်။ ဒီလို အိမ်တွင်းအကြမ်းဖက်ခံရမှုကို တရားဥပဒေအတိုင်း လိုက်လုပ်ဖို့အတွက် သူမမှာ အခြားသွားနေစရာ နေရာ၊ ဆွေမျိုး အသိမိတ်ဆွေ မရှိသလို တရား ရင်ဆိုင်ဖို့ စရိတ်၊ ရှေ့နေငှားဖို့ စရိတ်တွေ မတတ်နိုင်ဘူးလို့ သူမက ဆိုပါတယ်။

“မိသားစုက မရှိဘူးဆိုတာ သူက သိနေတာ ဆိုတော့ သူ့ရဲ့ နိုင်ကွက်ဖြစ်နေတာပေါ့နော်။ သူပေါင်းချင်ရင်လည်း ညီမက သူ့မယား၊ သူမ ပေါင်းချင်ရင်လည်း ညီမက သူ့မယားမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်က လက်ထပ်ပြီး ယူထားတာ မဟုတ်ဘူး ညီမတို့က။ ကလေးတစ်ယောက်ရသွား လို့သာ လင်မယားဆိုပြီးတော့ ဟိုလူကသိ ဒီလူက သိသွားတာပေါ့ အဲလိုမျိုး” လို့ သူမက ဆိုပါတယ်။

သူမ အမျိုးသားဖြစ်သူဟာ အစိုးရဝန်ထမ်း ဖြစ်တဲ့အတွက် အမျိုးသားဖြစ်သူက အဲဒီအရှိန်အဝါနဲ့ သူမကို ဖိနှိပ်ထားတယ်လို့ ဆိုပါတယ်။ သူမဟာ အိမ်ထောင်စကျ ကတည်းက အိမ်တွင်းအကြမ်းဖက်မှုကို အကြိမ်ပေါင်းများစွာ ခံစားနေရတဲ့အတွက် နောက်ပိုင်းမှာ ထားဝယ် အမျိုးသမီးသမဂ္ဂကို အကူအညီတောင်းခဲ့ပါတယ်။ သမဂ္ဂ အကူအညီကြောင့် ခံဝန်ကတိတွေနဲ့ ပြန်လည်ပေါင်းသင်းနေခဲ့ ပါတယ်။

ခံဝန်ကတိမှာ လက်မှတ်ရေးထိုးထားပေမယ့်လည်း လက်ရှိအချိန်ထိ စကားများရန်ဖြစ်တိုင်း သူမ အရိုက်ခံနေရ ဆဲပါ။ တရားဥပဒေအတိုင်း ရင်ဆိုင်ဖို့ သူမမှာ သူပေးသလောက်သာ သုံးနေစားနေရတာ ဖြစ်တဲ့အတွက် ငွေကြေးမရှိလို့ ဒီတိုင်းနေနေရတာပါ လို့ ဆိုပါတယ်။

အခု ၂၀၂၀ ခုနှစ်မှာတော့ ထားဝယ်အမျိုးသမီး သမဂ္ဂမှာ အမှုပေါင်း ၇၂ မှုရှိတဲ့အနက် အိမ်တွင်း အကြမ်းဖက်ခံရတဲ့ အမှုက ၅၈ မှုရှိပါတယ်။ ကျန်တဲ့အမှုတွေကလည်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် သက်ငယ် မုဒိမ်းမှုတွေ ဖြစ်တယ်လို့ ထားဝယ်အမျိုးသမီးသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မယ်းနုနုလှိုင်က ပြောပါတယ်။

“ကျွန်မတို့ အားမလို အားမ ရဖြစ်တာ ရဲဌာနမှာရော တရားရေးမှာစနစ်မှာရော ဒါလက်ရှိ အစိုးရ ရဲ့ ကိုင်တွယ်ပုံမှာရော အစိုးရရဲ့ ကိုင်တွယ်ပုံမှာ ကတော့ အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီး ဘာမှ မရှိဘူးလို့ ပြောလို့ရတယ်၊ ရဲဌာနအပြင်ပေါ့လေ။ သွားတိုင်တဲ့ အခါကျရင် ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ ကွဲတာတို့ ပြတ်တာတို့ရှတာတို့ပေါ့ ဒါမျိုးတွေ မရှိရင်လည်း သူတို့မှာ သွားတိုင်လို့မရဘူး။ ဒဏ်ရာ ဒဏ်ချက် မရှိလို့ အမှုဖွင့်လို့မရတာတွေလည်း ရှိတယ်။ စိတ်နဲ့ ဖြစ်နေတာတွေကျတော့ ဘာမှ ပြလို့မရဘူး” လို့ မယ်းနုနုလှိုင်က ဆိုပါတယ်။

ဒါ့အပြင် အမှုဖွင့်တိုင်ကြားရမည့်နေရာ၊ အစိုးရ၏ ဝန်ဆောင်မှု၊ ယာယီတည်းခိုနေထိုင် ဖို့နေရာ၊ စားဝတ်နေ ရေးအခက်အခဲ၊ ပတ်ဝန်းကျင် အသိသက်သေ အခက်အခဲ၊ မိမိ၏ လုံခြုံရေး၊ အမှုအတွက် လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေငှားရမ်းနိုင်ခြင်းမရှိတဲ့အပြင် အချိန်နဲ့ ငွေကြေး အခက်အခဲတွေရှိတာကြောင့် နောက်ပြန်ဆုတ်သွားတဲ့ အမှုတွေလည်းရှိတယ်လို့ သူမက ဆိုပါတယ်။

“အခုအချိန်မှာက ကွာရှင်းတာက အကောင်းဆုံး နည်းဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ် ယန္တရားကိုမှ ကျွန်မတို့ မှီခိုလို့မရဘူး။ ဘယ်သူမှ ညှိနှိုင်းပေးမယ့်သူမရှိဘူး။ ဥပဒေအပိုင်းကလည်း အားနည်းနေတယ်။ ဒါမျိုးက အများကြီးပဲ”

အမျိုးသမီးအများစုဟာ ဥပဒေတွေကို သိနားလည်မှု နည်းပါးတာဖြစ်တဲ့အပြင် ရဲဌာန၊ အစိုးရရုံးနဲ့ တရားရေးဌာနတွေကို သွားလာဖို့ မဝံ့မရဲနဲ့ တွန့်ဆုတ်နေတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

ထားဝယ်အမျိုးသမီးသမဂ္ဂထံ လာရောက် အကူအညီတောင်းခံ တိုင်ကြားလာတဲ့ အမှုတွေကို လက်ခံဆောင်ရွက်ပေးရာမှာ သမဂ္ဂအနေနဲ့ နှစ်သိမ့် ဆွေးနွေးညှိနှိုင်းပေးတာ၊ ဥပဒေလမ်းကြောင်းတွေကို ပြောပြပေးတာ၊ ယာယီတည်းခိုနေထိုင် စားသောက်ဖို့ ကူညီပေးတာတွေကို လုပ်ပေးပါတယ်။

သူမတို့ရုံးမှာ အဖွဲ့အင်အားနည်းပါးတာရယ် ဥပဒေအကြံပေးရှေ့နေ နည်းပါးတာရယ်ကြောင့် အကူအညီတောင်းခံ တိုင်ကြားလာတဲ့ အမှုကိစ္စ အားလုံးကို လိုက်ပါဆောင်ရွက်ပေးဖို့ အခက်အခဲ တွေရှိတယ်လို့ ဆိုပါတယ်။

အလားတူ မြိတ်အမျိုးသမီးများအဖွဲ့မှာလည်း ၇ လအတွင်း လာရောက်တိုင်ကြားတဲ့ အမှုပေါင်း ၆၀ ခန့်မှာ အိမ်တွင်း အကြမ်းဖက်မှုက ၂၆ မှုခန့်ရှိတယ်လို့ မြိတ်အမျိုးသမီးများအဖွဲ့ တည်ထောင်သူ နဲ့ ဒါရိုက်တာ ဒေါ်ဆွီဆွီတာက ပြောပါတယ်။

“အမှုရင်ဆိုင်တာတို့ ဘာတို့အပိုင်းကျတော့ ဘာလို့လဲဆိုရင် ရဲစခန်းမှာ အမှုသွားဖွင့်တဲ့အခါကျရင် လင်မယား ကိစ္စရှိနေတဲ့အခါ ဒီအပေါ်မှာ ရဲတွေက အမှုဖွင့်တိုင်ကြားဖို့ လုပ်လာတဲ့ အခါမှာ ရဲတွေက ထိထိရောက်ရောက် ပြေလည်အောင် မဖြေရှင်း ပေးနိုင်ဘူး” လို့ ဒေါ်ဆွီဆွီတာက ဆိုပါတယ်။

အဲလို အခက်အခဲတွေရှိတာကြောင့် အမျိုးသမီးတွေဟာ ရဲဌာနမှ အမှုဖွင့်တိုင်ကြားတာတွေ တရားရင်ဆိုင်တာတွေ မလုပ်တော့ဘဲ လင်မယား ကွာရှင်းလိုမှုဘက်ကို ဦးတည်လာကြတယ်လို့ သူမက ဆိုပါတယ်။

အိမ်ထောင်သက် ၂ နှစ်ခန့်ရှိပြီဖြစ်တဲ့ မြိတ် မြို့က ၃၂ နှစ်အရွယ် အမျိုးသမီးမဝါ (အမည်လွှဲ)ရဲ့ အမျိုးသားဖြစ်သူဟာ သူမကို အမြဲလို ရန်ရှာတာ၊ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုတာ၊ စကားများရန်ဖြစ်တိုင်း ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေကို ပြုလုပ်တာတွေကို တစ်နှစ်နီးပါး ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

“တစ်ခါလာလည်း စကားများပြီးတော့ ရန်ဖြစ်၊ သမီးတို့ကလည်း ရိုးအေးတယ်ဆိုတော့ သူတို့လုပ်တိုင်း ခံနေရတာပေါ့နော်။ သူတို့ပြောတိုင်း ခံနေရတယ်၊ ကြာများလာတယ်ဆိုတော့ မခံနိုင်တော့ တစ်ယောက်ကို တစ်ယောက် ပြဿနာဖြစ်လာ တော့ ရုံးတွေ ဂတ်တွေရောက်ကုန်တာပေါ့နော်” လို့ မဝါက ပြောပြပါတယ်။

သူမတို့နှစ်ဦးဟာမိဘချင်းသဘောတူလို့ ထိမ်းမြားလက်ထပ်ပေးထားကြသူတွေဖြစ်ပြီး အိမ်ထောင် သက် တစ်နှစ်ကျော်ကာလ သမီးလေးမွေးပြီးတဲ့ နောက်ပိုင်းမှာ အမျိုးသားဖြစ်သူက ဆဲဆိုတာ၊ ရန်ရှာတာ၊ ရိုက်နှက်တာတွေအပြင် ငွေကြေးကိုလည်း အားလုံးသိမ်းယူထားတယ်လို့ ဆိုပါတယ်။

သမီးလေး မျက်နှာနဲ့ အိမ်ထောင်သက် ၂ နှစ် အထိ သည်းခံပေါင်းသင်းခဲ့ပေမယ့် မခံနိုင်တဲ့ နောက်ဆုံးမှာတော့ ကွာရှင်းဖို့ သူမ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် သူမအမျိုးသားက ပိုင်ဆိုင်မှု တစ်ဝက်ကို ခွဲဝေမပေးတာကြောင့် ပိုင်ဆိုင်မှု တစ်ဝက်ရဖို့နဲ့ ကွာရှင်းဖို့အတွက် တရားမမှုနဲ့ သူမအမျိုးသားကို တရားစွဲဆိုထားပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာကတည်းက အမှုရင်ဆိုင်နေတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ဒုတိယ တိုင်းရဲတပ် ဖွဲ့မှူး ရဲမှူးကြီး ကြည်စိုးကတော့ အိမ်တွင်းအကြမ်းဖက်မှုနှင့် ပတ်သက်တဲ့ သီးခြားဥပဒေတစ်ရပ် မရှိပေမယ့်လည်း တည်ဆဲဥပဒေတွေအတိုင်း အရေးယူဆောင်ရွက်တာတွေ လုပ်နေပေးတယ်လို့ ပြောပါတယ်။

“ဒီရေရှည်ညှင်းပန်းနှိပ်စက်ပြီးမှ အဲဒီလိုလပိုင်း ရက်ပိုင်းပေါ့ အဲလို ညှင်းပန်းနှိပ်စက်ပြီးမှ ဖြစ်လာတဲ့ ဖြစ်စဉ်တော့ မတွေ့ရဘူး။ ဒါလည်း ရှိကောင်းလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ရှိကောင်းရှိနိုင်ပြီးတော့ သာမန်လောက်ပဲ ဖြစ်လို့သာ ရဲစခန်းမရောက်တာပါ”

တနင်္သာရီတိုင်းဒေသကြီး ရဲမှတ်တမ်းများအရ ၂၀၁၉ ခုနှစ်မှာ အိမ်တွင်း အကြမ်းဖက်မှုဖြစ်စဉ် ၁၈ မှုရှိပြီး ၂၀၂၀ ခုနှစ်မှာတော့ ၁၉ မှုရှိပါတယ်။ အဲ့ဒီ ၃၇ မှုမှာဆိုရင် မုဒိမ်းမှုကြောင့်ဖြစ်တဲ့ အိမ်တွင်း အကြမ်းဖက်မှု ၁၅ မှု၊ လူသတ်မှုကြောင့်ဖြစ်တဲ့ အိမ်တွင်းအကြမ်းဖက်မှု ၂၀ နဲ့ အပြင်းအထန် နာကျင်စေမှုကတော့ ၂ မှုရှိပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေး ဥပဒေမူကြမ်း (PoVAW) ကို လွှတ်တော်သက်တမ်းအတွင်း တင်သွင်းနိုင်ခြင်း မရှိသေးသော်လည်း အပြင်မှာ အကြိမ်ကြိမ် ဆွေးနွေးဆဲအဆင့်သာရှိပါသေးတယ်။

ဥပဒေမူကြမ်းထဲမှာ မိမိနှင့် ရင်းနှီးချစ်ကျွမ်း ဝင်နေသူမှ အကြမ်းဖက်ခြင်း၊ အိမ်ထောင်ဖက်မှ အဓမ္မပြုကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လုပ်ငန်းခွင်အတွင်း အကြမ်းဖက်မှုများနဲ့ အိမ်ထောင်ဖက်မှ အနိုင်အထက်ပြုကျင့်မှုပုံစံအမျိုးမျိုးကို ကာကွယ်နိုင်တဲ့ ပြဋ္ဌာန်းချက်တွေ စသဖြင့် ပါဝင်ပါတယ်။

ဒီဥပဒေဟာ အခြားသော တည်ဆဲဥပဒေများအပေါ် လွှမ်းမိုးခွင့်ရှိလာမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက အမြင့်ဆုံးအဆင့် သေဒဏ်အထိချမှတ်နိုင်ပါတယ်။ အဲဒါအပြင် သေဒဏ်ချမှတ်ခံရသူဟာ ထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ရှိမှာ မဟုတ်ဘူး လို့ ဥပေဒ ရေးဆွဲရာမှာပါဝင်တဲ့ ပညာရှင်များက ပြောဆိုထားတယ်လို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလက Myanmar Now သတင်းဌာနမှာ ဖော်ပြထားပါတယ်။

လာမယ့် လွှတ်တော်မှာတော့ ဒီဥပဒေ မူကြမ်းကို အတည်ပြုနိုင်အောင် ကြိုးစားသွားမယ်လို့ ကျွန်းစုမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီက ပြောပါတယ်။

“ဒီလာမယ့်လွှတ်တော်မှာတော့ ဒီဥပဒေကြမ်းကို လွှတ်တော်ထဲကိုရောက်အောင် အန်တီတို့က ကြိုးစားမှာ” လို့ ဒေါ်တင်တင်ရီက ဆိုပါတယ်။

အိမ်တွင်းအကြမ်းဖက်ခံရသူအချို့မှာ မတိုင်ရဲ တာတွေရှိပြီး တချို့ကတော့ ဥပဒေကို နားမလည် လို့ တိုင်ရကောင်းမှန်း မသိသူတွေလည်း အများကြီးရှိတယ်လို့လည်း ဒေါ်တင်တင်ရီက ပြောပါတယ်။

ဒါ့အပြင် အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်ပါ က ဥပဒေအရ ဘယ်လိုပြစ်မှုမြောက်ပြီး အိမ်တွင်း အကြမ်းဖက်မှုက ဘာတွေလဲ စသဖြင့် အသိပညာပေးလုပ်ငန်းများကို အမျိုးသမီးတွေအပြင် အမျိုးသားတွေကိုပါ ပေးသင့်တယ်လို့ ဒေါ်တင်တင်ရီ က ဆိုပါတယ်။

သို့မှသာ အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်များ တဖြည်းဖြည်းလျော့နည်းလာမှာဖြစ်တယ်လို့လည်း သူမက ပြောပါတယ်။

လက်ရှိကျင့်သုံးနေတဲ့ ရာဇသတ်ကြီး ဥပဒေဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုများကို အပြည့်အဝ အကာအကွယ်မပေးနိုင်ပါဘူး။ တချို့သော ပြစ်ဒဏ်များနှင့် ပြဋ္ဌာန်းချက်များဟာ ခေတ်ကာလနှင့် လျော်ညီမှုမရှိတော့လို့ အကြမ်းဖက် ခံရသူတွေအတွက် တရားမျှတမှုရဖို့ ခက်ခဲတယ်လို့ ထားဝယ်အမျိုးသမီး သမဂ္ဂက မယ်းနုနုလှိုင်က ဆိုပါတယ်။

မိသားစုတွင်းကလာတဲ့ အိမ်တွင်း အကြမ်းဖက်မှုတွေဟာ လူမှုစီးပွားဘဝများကို ထိခိုက်နေတဲ့ အပြင်တိုင်းအတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကိုလည်း ဟန့်တားနေတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရသစ် လွှတ်တော် သက်တမ်းမှာ အမျိုးသမီးအခွင့်အရေးကို‌ဖော်ဆောင် ပေးမယ့် လုပ်ငန်းကော်မတီ သို့မဟုတ် အဖွဲ့ကို ဖွဲ့စည်းပေးဖို့ ထားဝယ်အမျိုးသမီးသမဂ္ဂက တောင်းဆိုခဲ့ပေမယ့် ထူးခြားမှု မရှိခဲ့ပါဘူး။ဒါကြောင့် အခု ထပ်တက်လာမယ့် NLD အစိုးရသစ်ရဲ့ လွှတ်တော်သက်တမ်းမှာ ထပ်မံတောင်းဆိုထားပါ တယ်။

“ဒါက အရေးကြီးတဲ့ အတွက်ကြောင့်မို့လို့ အိမ်တွင်းအကြမ်းဖက်မှုကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်တဲ့ ဥပဒေတွေ ရှိကို ရှိသင့်တယ်ပေါ့နော်၊ ဥပဒေရှိပြီးရင်လည်း ဒီအစိုးရပိုင်းက အုပ်ချုပ်ရေးကဏ္ဍမှာ တာဝန်ယူတဲ့ အစိုးရဌာနများဟာ စနစ်တကျလေး ကျင့်သုံးသင့်တယ်”