ကြက်တောင်အားကစား ပိုဖွံ့ ဖြိုးဖို့

0
797
ကြက်တောင်အားကစား ပိုဖွံ့ ဖြိုးဖို့

သက်ထားသူဇာနှင့်အတူ ကြက်တောင် အားကစားကို မြန်မာနိုင်ငံတွင် လူပိုစိတ်ဝင်စားလာသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်လည်း ကြက်တောင်အားကစားနှင့် ပတ်သက်၍ အစဉ်အလာ ရှိပြီး နိုင်ငံကိုယ်စားပြု၊ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားကောင်းများ မွေးထုတ် ပေးနိုင်ခဲ့သည်။ သဟာယကြက်တောင် အသင်းကို ၁၉၅၃ ခုနှစ်ခန့်ကပင် ဖွဲ့စည်း ခဲ့သည်ကိုတွေ့ရသည်။ သဟာယကြက်တောင် အသင်းအား မြိတ်မြို့၊ ဈေးတန်း ရပ်ကွက်၊ ပုလဲလမ်းမကြီးနှင့် သဟာယလမ်းထောင့်တွင် ဖွင့်လှစ် ထားပြီး ၂၀၁၇ ခုနှစ်တွင် ယခင် အားကစား ရုံဟောင်းအားဖျက်၍ နှစ်ထပ်မိုးလုံ လေလုံအဆောက်အအုံအဖြစ် ပြန်လည် ဆောက်လုပ်ခဲ့သည်။

တစ်ခေတ်တစ်ခါက သဟာယ ကြက်တောင်အသင်း၏ အထင်ကရ ကြက်တောင်အားကစားသမားများ ဖြစ်ကြသည့် ဦးဘွန်ဝါ၊ ဦးစံမြင့်၊ ဦးလှတင့်၊ ဒုတိယဗိုလ်မှူးကြီး လှမြင့်သိန်း၊ ဦးစုံပင် (ခ) ဦးဇုံမင်းဝေ စသည့်အားကစားသမား များက ကြက်တောင်ကစားသမားမျိုး ဆက်သစ်များကို လက်ဆင့် ကမ်းမွေး ထုတ်ပေးခဲ့ကြသည်။ တိုင်းကိုယ်စား ပြုပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသကဲ့သို့ နိုင်ငံ ကိုယ်စားပြုအား ကစား သမားအဖြစ်လည်းရွေးချယ်ခံရသည်။ အဆိုပါ ကာလများတွင် လေးခရိုင်ပြိုင်ပွဲ များဖြစ်သည့် မော်လမြိုင်၊ သထုံ၊ ထားဝယ်၊ မြိတ်မှ အားကစားသမားများ ပါဝင်သည့် ပြိုင်ပွဲများတွင်လည်း အောင်မြင်မှုများရရှိခဲ့သည်။

ပြည်နယ်နှင့်တိုင်းအဆင့် ပြိုင်ပွဲများတွင်လည်း အောင်မြင်မှုများရရှိခဲ့ရာ ၂၀ဝ၄ ခုနှစ်တွင် ကျားအကြီးတန်း ဒုတိယ၊ ၁၈ နှစ်အောက် တတိယ၊ ၁၆ နှစ်အောက် တတိယ၊ ၂၀၁၃ ခုနှစ် ပြည်နယ်နှင့်တိုင်း ကြက်တောင်ပြိုင်ပွဲတွင် ကျား/မ ဒုတိယ ဆုများရရှိခဲ့သည်။ ၂၀၁၇ ခုနှစ်မတိုင်ခင် အထိ တနင်္သာရီတိုင်းဒေသကြီး ကြက်တောင်အသင်းအနေဖြင့်ပြည်နယ်နှင့် တိုင်းပြိုင် ပွဲအဆင့်တွင် ဒုတိယ၊ တတိယ အဆင့်များ ရရှိခဲ့သည်။ သဟာယကြက်တောင် အသင်းအနေဖြင့် နိုင်ငံကိုယ်စား ပြုပဏာမ လက်ရွေးစင်များ၊ အဆင့်အတန်းရှိ ကစားသမားများ မွေးထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံကိုယ်စားပြု အားကစား သမားအဆင့်တွင် ထွန်းထွန်းဦး (၂၀ဝ၀ ခုနှစ်)၊ ချမ်းဝင်းဦး(လက်ရှိ)တို့ ထွက်ပေါ်လာခဲ့ပြီး နိုင်ငံတကာ ပြိုင်ပွဲများတွင် နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည်။

သဟာယကြက်တောင်အသင်းတွင် မျိုးဆက်သစ်ကြက်တောင်ကစားသမားများ ပေါ်ထွက်လာစေရေးအတွက် နွေရာသီသင်တန်းများ၊ ပုံမှန်သင်တန်းများကို မြန်မာနိုင်ငံကြက်တောင်အဖွဲ့ ချုပ်၏ နည်းပြ လက်မှတ်ရနည်းပြများမှပို့ချလျက်ရှိသည်။ အသင်း၏ နှစ်ပတ်လည် ပြိုင်ပွဲများ၊ သီးခြားပြိုင်ပွဲများ ကျင်းပရာတွင်လည်း မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်၏ လက်မှတ်ရ ဒိုင်များကြီးကြပ်မှုဖြင့် စနစ်တကျဆောင်ရွက်သည်။

လက်ရှိကာလတွင် ကြက်တောင် အားကစားသမား မျိုးဆက်သစ်များစဉ်ဆက်မပြတ်ပေါ်ထွက်လာရေးအတွက် စိန်ခေါ်မှုများလည်း ရှိနေသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ကြက် တောင်ပြိုင်ပွဲများအနေဖြင့် အသက်ကန့်သတ်ချက် ၂၅ နှစ်အောက်သာ ပြိုင်ပွဲ ဝင်ရသဖြင့် စဉ်ဆက်မပြတ် ပြိုင်ပွဲဝင် နိုင်မည့်ကစားသမားမျိုးဆက်များ နည်းပါးလာသည့်အခြေအနေဖြစ်ပေါ်လျက် ရှိပါသည်။

ဆယ်ကျော်သက်အရွယ် လူငယ်များအနေဖြင့် ကျောင်းဖွင့်ချိန် တွင် ပညာရေးနှင့်ယှဉ်ပြီး အားကစား ဆောင်ရွက်မှုနည်းပါးလာခြင်း၊ မိဘများမှ အားကစားဆောင်ရွက်စေသော်လည်း အားကစားအပေါ် စိတ်ဝင်စားမှု နည်းပါးခြင်းများသည်လည်း အလားအလာရှိသည့် ကစားသမားလူငယ်များ ပေါ် ထွက်လာရေးအတွက် ကန့်သတ်ချက် ဖြစ်ပေါ်စေသည်။

အခြား ကန့်သတ်ချက်တစ်ခုမှာ ကြက်တောင် အားကစား၏ ကုန်ကျ စရိတ်ဖြစ်ပါသည်။ အခြေခံလိုအပ်ချက်မှာ ကြက်တောင်ရိုက်တံ (Racket) နှင့် ကြက်တောင် (Shuttlecock) ဖြစ်ပြီး သာမန်လေ့ကျင့် ပြိုင်ပွဲဝင် ကစားနိုင်သည့် Racket မှာ ကျပ်ငါးသောင်း ခန့်မှ တစ်သိန်းခွဲ၊ နှစ်သိန်းဝန်းကျင်အထိ အသုံးပြုရသည်။ ကြက်တောင်မှာ အဓိကအခက်အခဲဖြစ်သည်။ လက်ရှိတွင် ပြည်ပမှ တင်သွင်းသော ကြက်တောင် အမျိုးအစားများမှာ တစ်ဒါဇင်လျှင် ကျပ်နှစ်သောင်းခွဲ မှသုံးသောင်းခွဲကျ သဖြင့်အကြမ်းဖျင်း ကြက်တောင်တစ်လုံးလျှင် သုံးထောင်ကျပ်ဝန်းကျင်ကျသင့်သည်။

လက်ရည်အတော်အသင့်ရှိသော ကစားသမားများ ကစားလျှင် ကြက်တောင် တစ်လုံးမှ နှစ်လုံးအထိ ကုန်သောကြောင့် တစ်ပွဲကစားခြင်း၏ စရိတ်များပြားသည့် သဘောဖြစ်သည်။ ဝါနု သေးသောကစားသမားများနှင့် လေ့ကျင့် ဆဲကစားသမားများအနေဖြင့် ပြည်ပမှတင် သွင်းသော ပလပ်စတစ်ဖြင့်ပြုလုပ်ထားသည့် ကြက်တောင်ဖြင့်ကစားရာတွင် ကုန်ကျစရိတ်နည်းပါးသော်လည်း ဘဲအတောင်ဖြင့် ပြုလုပ်ထားသည့် ကြက် တောင်နှင့် သွားနှုန်း အလေးချိန် ကွာဟ ချက်ရှိနေသောကြောင့် ကန့်သတ်ချက် တစ်ခုအဖြစ်ရှိနေသည်။

လက်ရှိမြိတ်မြို့တွင် ကြက်တောင် အားကစားနှင့် ပတ်သက်၍ သဟာယ ကြက်တောင်အသင်း တစ်ခုတည်း သာရှိပြီး သဟာယကြက်တောင်အသင်းတွင်လည်း ကစားကွင်း တစ်ကွင်းသာရှိသည့်အတွက် အားကစားလေ့ကျင့်ရေး စခန်းသွင်းခြင်း၊ မျိုးဆက်သစ်များအတွက် သင်တန်းပေးခြင်း၊ အသင်းဝင် များ၏ ကစားခြင်းများအား အချိန်ခွဲ၍ ကစားခြင်းများဆောင်ရွက်ရသည်။ ကြက်တောင်အားကစား၏ သဘော သဘာဝအရ သီးခြားကစားကွင်း လိုအပ်ချက်ရှိလာသည်။ ယခင်ကကြက် တောင်ကွင်းများမှာ သမံတလင်း သို့မဟုတ် သစ်သား ကြမ်းပြင်များတွင် ကစားခဲ့ကြသော်လည်း ယခုအခါတွင် ပြည်ပမှတင်သွင်းသည့် ကြက်တောင်ကွင်း အတိုင်းအတာ အတိုင်းရေးဆွဲ ထားသောအခင်းပြားများဖြင့် ဆောင်ရွက် လာကြသည်။ မီးစနစ်ကိုလည်း ကစားသမားအမြင်တွင် အနှောင့်အယှက်မဖြစ်အောင် ဆောင်ရွက်ရ၍ သီးခြား အားကစားကွင်း၊ သီးခြားအားကစားရုံ အဖြစ်ဆောင်ရွက်မှသာ အဆင်ပြေသည်။

ကြက်တောင်အားကစားပိုမိုလူသိများပြီး ကစားသမား လူငယ်များပိုမို များပြားလာရန်မှာ ကြက်တောင် အားကစား တိုးတက်ရေးအတွက် အရေးကြီးသည့်လိုအပ်ချက် ဖြစ်သည်။ ကြက်တောင်အားကစားတိုးတက်လာစေရေး အတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် ကစားကွင်း များတိုးပွားလာရေး၊ ကြက်တောင် Racket နှင့် Shuttlecock များ သက်သာသော နှုန်းထားနှင့် ဝယ်ယူ ရရှိနိုင်ရေးများ လိုအပ်လျက်ရှိသကဲ့သို့ အခြေခံသင်တန်းများနှင့် လေ့ကျင့်ရေးများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် လိုအပ်သည်။

ကြက်တောင်ပြိုင်ပွဲများ မကြာခဏ ကျင်းပခြင်းများသည်လည်း ကစားသမားများ၏ စိတ်ဓာတ် တက်ကြွမှုကို ဖြစ်စေပြီး ကစားသမားအသစ်များပေါ် လာရောက်စေရန် တွန်းအားဖြစ်ပေါ်စေသည်။ စာသင် ကျောင်းများကဲ့သို့သော လူငယ်များရှိသည့်နေရာများ တွင်လည်း သရုပ်ပြကစားခြင်း၊ အသိပညာပေးရှင်းလင်း ခြင်းများဆောင်ရွက်၍လည်း ကစားသမားလူငယ်အသစ်များရရှိနိုင်သည်။

လက်ရှိအခြေအနေအရ ကြက်တောင်အားကစားအပေါ် လူငယ်ထုအတွင်း စိတ်ဝင်စားမှုအထိုက်အလျောက် ပြန်လည်တိုးတက်မှုကိုလည်း တွေ့လာရသည်။ နွေရာသီ ကြက်တောင်အခြေခံ သင်တန်းများပေးခြင်း၊ ပုံမှန်သင်တန်း များဖွင့်လှစ်ထား ခြင်းနှင့် လူမှုကွန်ရက်အတွင်း ကြက်တောင်ကလပ်များ လှုပ်ရှားမှုသတင်းများသည်လည်း လူငယ်ထုအတွင်း ကြက်တောင်အားကစားအပေါ် ပြန်လည်စိတ်ဝင်စားမှုကို ဖြစ်ပေါ် စေခဲ့သည်။

သို့ရာတွင်လက်ရှိ ကိုဗစ် ၁၉ ကာလ ကန့်သတ်ချက်များကြောင့် ကြက်တောင် အားကစားအနေဖြင့် အရှိန်အဟုန် ကျဆင်းခဲ့သည်။ ဆက်လက်ရုန်းကန်ရန်အတွက် ကိုဗစ် ၁၉ ဆိုင်ရာထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ အပေါ်မူတည်၍ ဆောင်ရွက်ရမည့် အနေအထား ဖြစ်ပါသည်။ ကိုဗစ် ၁၉ ကန့်သတ်ချက်များနှင့် ကြက်တောင် အားကစားဆက်လက်ဆောင်ရွက်နိုင်ရန်မှာလည်း စိန်ခေါ်မှုကြီးမားသည့် အခြေ အနေဖြစ်သည်။ ကျယ်ဝန်းပြီး လေဝင် လေထွက်ကောင်းမွန်သော အားကစား ခန်းမများ လိုအပ်မည်ဖြစ်သည်။

လူဦးရေကန့်သတ်၍ အချိန်ခွဲ၍ ကစားစေခြင်းများဆောင်ရွက်လျှင်ပင် ကြက်တောင် ကစားနည်း၏ သဘောသဘာဝအရ Social Distancing ကန့်သတ်ချက် ရှိနေဦးမည်ဖြစ်သည်။ ထို့ကြောင့် ကြက်တောင်အားကစား ပြန်လည်အသက်ဝင် လှုပ်ရှားလာစေရန် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု အားထိန်းချုပ်လာနိုင်မှု အပေါ်တွင်အခြေပြု၍ ဆောင်ရွက်ရမည့် အနေအထားတွင်ရှိနေသည်။

သဟာယကြက်တောင်အသင်းအနေဖြင့် ကြက်တောင်အားကစား မျိုးဆက်သစ်များအား လက်ဆင့်ကမ်းနိုင်ရေး အတွက်လှုပ်ရှားမှုများစဉ်ဆက် မပြတ်ကြိုးစားနေသည်။ သို့သော် အခြားတစ်ဖက်တွင်လည်း အထက်ဖော်ပြပါ အတိုင်းကြက်တောင်အားကစား ဖွံ့ဖြိုးဖို့ စိန်ခေါ်မှုတွေ ကျော်လွှားရပေဦးမည်။

သားရွှေအိုး