စီးပွားရေးကို ကယ်တင်ဖို့ လူသားတွေကို အရင်ကယ်ပါ

0
113

လွန်ခဲ့သော ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလနှောင်း နိုဝင်ဘာလ ဆန်းလောက်အတွင်းက အမေရိကန်ပြည်ထောင်စုအတွင်း ကိုဗစ်ကူးစက်နှုန်း တစ်ရက်လျှင် တစ်သိန်းလောက်နှုန်းဖြစ် နေခဲ့သည်။ နိုဝင်ဘာလဆန်းလောက်တွင်မူ ယခင်ကထက်များလာကာ တစ်ရက် ၁၈၀ဝ၀ဝ လောက်နားအထိ ကူးစက်နှုန်း က တရိပ်ရိပ်တက်နေခဲ့သည်။

ထိုအချိန်တွင် နိုင်ငံရေးအသိုင်းအဝိုင်း၊ စီးပွားရေးရပ်ဝန်းမှ ပုဂ္ဂိုလ်အချို့ က လော့ခ်ဒေါင်းချခြင်းသည် အလုပ်မဖြစ် မထိရောက် သို့မဟုတ် လော့ခ် ဒေါင်းချခြင်းကြောင့် ဖြစ်လာရသော စီးပွားရေးနှင့် ပြည်သူ့ကျန်းမာရေးထိခိုက် ရမှုသည် ပို၍ဆိုးဝါးကာ ကိုဗစ်ကူးနှုန်းကိုလည်း ထင်သလောက်မတားနိုင်သည့်အပြင် ရှင်ကြီးကျားထက်ဆိုးသော အခြေ အနေမျိုးဖြစ်သည်ဟူသော လေသံပစ် လာခဲ့ကြသည်။

ဆိုလိုသည်မှာ လော့ခ်ဒေါင်းသည် မထိရောက်သည့်အပြင် စီးပွားရေးကိုလည်း ဆိုးဆိုးဝါးဝါးထိခိုက်စေသည်ဟူသော သဘောမျိုးပြောလိုကြဟန်ရှိသည်။ စီးပွားရေးလုပ်ငန်းများကို ရပ်တန့်ပစ်ရကာ ကိုဗစ်ကို ထိထိရောက်ရောက် တားဆီးရန် တင်းကျပ်သောလော့ခ်ဒေါင်းချ ခြင်းမျိုးကို သုံးရမည်လော၊ သို့တည်း မဟုတ် နိုင်ငံ၏စီးပွားရေးများစွာ မထိခိုက်ရအောင် လော့ခ်ဒေါင်းချခြင်းမျိုးမပြု လုပ်ဘဲ ကျန်းမာရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာကြရန် လူထုကိုတွန်းအား ပေးရုံမျှနှင့် စီးပွားရေးလုပ်ငန်းများကို အခြေမပျက်လည်ပတ်လှုပ်ရှားစေခြင်းမျိုးနှင့် ရှေ့ဆက်ကြမည်လောဟူသော ဝိရောဓိ ကြီးကို ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ရင်ဆိုင်ရ၏။ ယေဘုယျဆိုရလျှင် အစိုးရ များအနေနှင့် လူကို အရင်ကယ်မည်လော၊ စီးပွားရေးကို အရင်ကယ်မည်လောဟူသော ဆုံးဖြတ်ချက်မျိုးချရမည့် အခြေအနေမျိုးဖြစ်သည်။

အမေရိကန်၏ နိုင်ငံရေး၊ စီးပွားရေး အဝန်းအဝိုင်းမှ ပုဂ္ဂိုလ်များက လော့ခ်ဒေါင်းကို အပြစ်ပုံချနေခဲ့ကြသော်လည်း ကမ္ဘာ့ နိုင်ငံအချို့၏ ကိုဗစ်ရောဂါကို တုန့်ပြန် ဆောင်ရွက်ပုံ တို့ကို စနစ်တကျဝေဖန် ဆန်းစစ်ထားသည့် ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များပါဝင်သော စစ်တမ်း၊ သုတေသနများအရ တော်တည့်မှန်ကန်သော လော့ခ်ဒေါင်းချခြင်းက ရောဂါ တားဆီးရေးအတွက် အင်မတန်ထိရောက်မှု ရှိသည်ဟူသော တွေ့ရှိချက် ထွက်လာသည့်အပြင် ရောဂါနှိမ်နင်းခြင်းကိုပါအကျိုးပြုကာ များစွာသော လူ့အသက်များစွာကို ကယ်နိုင်ခဲ့ကြောင်း သိလာခဲ့သည်။ ယင်း အကြောင်းကို နယူးယောက်မြို့ အခြေစိုက် ပညာရှင်အဖွဲ့တစ်ခု ဖြစ်သော Institute for New Economic Thinking အဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာကို ကိုးကား၍ ဖော်ပြလိုက်ပါသည်။

လော့ခ်ဒေါင်းချခြင်းက အလုပ်ဖြစ် ထိရောက်မှုရှိ
လော့ခ်ဒေါင်းချခြင်းကို ကိုဗစ်အတွက် ထိရောက်မှုမရှိသောနည်းအဖြစ် ဝေဖန်ပြောဆိုကြသော အချက်များမှာ မှားယွင်း၏။ လွန်ခဲ့သောလများအတွင်း ကမ္ဘာ တလွှား ကိုဗစ်ပျံ့နှံ့ခဲ့ရာ နိုင်ငံအများအပြားကို လေ့လာကြည့်ခဲ့ကြရာ လေးပတ်မှ ခြောက်ပတ်အတွင်း တင်းကျပ်သော လော့ခ်ဒေါင်းချခြင်းမျိုးနှင့် ရောဂါထိန်းခဲ့သော နိုင်ငံများတွင် ရောဂါကူးစက်နှုန်းကျ သည့်အပြင် အချို့နိုင်ငံများတွင် ရောဂါကို လုံးဝ ထိန်းချုပ်နိုင်သောအခြအနေသို့ ရောက်သွားစေခဲ့သည်။ သာဓကပြရလျှင် သြစတေးလျ၊ နယူးဇီလန်နှင့် အိုက်စ်လန် ကဲ့သို့သော နိုင်ငံများအပါအဝင် တရုတ်၊ ကိုရီယားနှင့် ထိုင်ဝမ်တို့လည်း ပါဝင်သည်။

လူ့အသက်များကို အရင်ကယ်တင်ခြင်း ဖြင့် စီးပွားရေးကိုကယ်တင်ပါ
ကိုဗစ်ကပ်ကြောင့် ဖြစ်ရသော စီးပွားရေးထိခိုက်မှုများကို လျှော့ချခြင်းလုပ်ငန်းသည် အစအဆုံး ဗိုင်းရပ်စ် ထိန်းချုပ်နိုင်မှုနှင့် ဆိုင်သည်။ ကမ္ဘာတဝန်းလေ့လာခဲ့သော အချက်အလက်များအရ ကပ်ရောဂါကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ မည်သည့် နိုင်ငံမျှ ကိုဗစ်ကပ်ကြောင့်ထိခိုက်ရသော စီးပွားရေးဆုတ်ယုတ်ရခြင်းကို မကာ ကွယ်နိုင်ခဲ့ပေ။ ကပ်ရောဂါသည် စီးပွားရေးကိုထိခိုက်စေသော အကြောင်းအရင်းကြီးဖြစ်ခြင်းကြောင့် ကပ်ရောဂါကို ထိန်းချုပ်နိုင်ရန် ဦးစားပေးလုပ်ဆောင်ရ မည်ဖြစ်သည်။ ကိုဗစ်ကို ထိန်းချုပ်နိုင် လျှင် စီးပွားရေးသည် ပြန်လည် ကောင်းမွန်လာနိုင်သည်။ ကိုဗစ်ကို ထိန်းရန် အလေးမထားခဲ့ဘဲ စီးပွားရေးလုပ်ငန်းများ ထိခိုက်မည်စိုး၍ ထိထိရောက်ရောက် ရောဂါမထိန်းချုပ်ဖြစ်ခဲ့သော နိုင်ငံများမှာ ကိုဗစ် ကူးစက်နှုန်း သေဆုံးနှုန်းများလာခဲ့ ကြကာ တစ်ပြည်လုံး လော့ခ်ဒေါင်းချရ မည့်ကိန်းမျိုး ဆိုက်နိုင်သည်။ လေ့လာမှု များအရ စီးပွားရေးကို ဦးစားပေးကာ ရောဂါထိန်းချုပ်ရေး အားနည်းခဲ့သော နိုင်ငံများတွင် ရောဂါကူးစက်နှုန်း လူအသေ အပျောက်နှုန်းများကာ တိုင်းပြည်၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး ကိန်း ဂဏန်းများလည်းကျ စီးပွားရေးလည်း ကျသော မြွေပါလည်းဆုံး သားလည်းဆုံး သော အနေအထားမျိုးဖြစ်သည်။ ကျန်းမာရေးကိုဦးစားပေးကာ ကိုဗစ်ကို ဂရုပြုထိန်းချုပ်ခဲ့သော နိုင်ငံများတွင်မူ ကူးစက်မှု၊ လူသေဆုံးမှုနည်းပါးကာ နောက်ပိုင်းတွင် ရောဂါထိန်းချုပ်နိုင် သဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်လာနိုင်ကာ စီးပွားရေးပြန်လည် တိုးတက် ကောင်းမွန်လာသည့် အခြေအနေမျိုးဖြစ်လာခဲ့သည်။ ဤအဖြစ်အပျက်က အစိုးရများ၏ လုပ်ဆောင်ချက်များ၊ ဆုံးဖြတ်ချက်များ၊ စီမံခန့်ခွဲမှုများ၏ အကျိုးရလဒ်ကို ဖော်ပြသည်။ အညွှန်းကိန်းများကို ပုံတွင်ရှုပါ။

ရောဂါတိုက်ဖျက်ရေးအတွက် အထိရောက်ဆုံးသော အသုံးစရိတ် အစီအမံများ တိုးမြှင့်ပါ
ပညာရှင်များ၏တွက်ချက်မှုများအရ ကိုဗစ်ကြောင့် စီးပွားရေး ထိခိုက်ရမှုမှာ ကန်ဒေါ်လာထရီလျံချီသည်။ ၂၅ နှစ်တာ ရှာထားရသမျှမှာ ၂၅ ပတ်အတွင်း ကုန်သွားရသည်ဟုလည်း ဆိုကြပါသည်။ မေးစရာရှိသည်မှာ အစိုးရများသည် နိုင်ငံ၏ စီးပွားရေးကို ကျားကန်ရန် စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေများ ထောက်ပံ့ခြင်းအခြား အခွန်လျှော့ ပေးခြင်းအပါအဝင် အစီအမံများအတွက် ကုန်ကျသော ငွေနှင့် ရောဂါအတွက် ဆေးကုသမှုပေးရခြင်း၊ လိုအပ်သော ပစ္စည်းများ ဖြည့်ရခြင်း စသည်တို့အတွက် အသုံးစရိတ်တို့ အချိုးအစားမည်သို့ရှိ နေသနည်းဟူ၍ဖြစ်သည်။ နိုင်ငံတစ်ခု၏ ထိုကိန်းဂဏန်း အချိုးအစားကို သိရလျှင် ထိုနိုင်ငံ အစိုးရ၏ ဦးစားပေးမှုကို အလွယ်သိနိုင်၏။ အမှန်တကယ်တွင်မူ ကပ်ရောဂါတာရှည်ဖြစ်ပွားနေခြင်းကြောင့် စီးပွားရေးထိခိုက်ရမှုနှင့်စာလျှင် ထိရောက်တင်းကျပ်သော လော့ခ်ဒေါင်းချခြင်းကို စနစ်တကျ အကောင်အထည် ဖော်ခြင်းကြောင့် ကုန်ကျရသော စရိတ်က သက်သာသည်ဟု ယေဘုယျဆိုနိုင်သည်။ အစိုးရများသည် ပြည်သူများ နှာခေါင်းပိတ် အလွယ်တကူလက်လှမ်းမီအောင် လုပ်ဆောင်ခြင်း၊ အများပြည်သူသုံးယာဉ် များကို ပြည်သူအများဘေးကင်းစွာစီးနင်းနိုင်ရေး စီမံပေးခြင်း၊ အများပြည်သူဆိုင် ရာနေရာများဖြစ်သော ဆေးရုံ၊ ကျောင်း၊ ပန်းခြံ စသည်များကို ပြည်သူများအတွက် ခပ်ခွာခွာ အဆင်ပြေပြေ အသုံးပြုနိုင်ရန် အသုံးစရိတ်များသုံးခြင်း၊ ပြည်သူများ ရောဂါသတိ အမြဲရှိနေစေရန် မီဒီယာများမှ တစ်ဆင့်အသိပညာပေးခြင်းအတွက် ငွေသုံးခြင်း၊ ကာကွယ်ဆေး၊ ကုသဆေးဆိုင်ရာ သုတေသနများနှင့် လိုအပ်သော ပစ္စည်းများအတွက် ကုန်ကျခံခြင်း၊ ရောဂါပျံ့နှံ့မှုများကို ခြေရာခံနိုင်ရန်နှင့် အခြားသောရည်ရွယ်ချက်များအတွက် အင်တာနက်ဆက်သွယ်ရေး နည်းပညာများတွင် ရင်းနှီးမြှုပ်နှံခြင်း အစရှိသော လုပ်ဆောင်ချက်များကတဆင့် လည်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများကို ကျားကန်ပေးနိုင်သည့်အပြင် ရောဂါကိုလည်း ကာကွယ်တိုက်ဖျက်ရေး လုပ်နိုင်ပေသည်။

ရောဂါကူးစက်မှုများသည့်နေရာ အလိုက်ခွဲခြား၍လိုအပ်သော တုံ့ပြန် ဆောင်ရွက်မှုများ လုပ်ဆောင်ပါ။
နိုင်ငံများ၏ အတွေ့အကြုံအရ ကူးစက်ပျံ့နှံ့မှုနှုန်းအပေါ်အခြေခံ၍ နေရာ ဒေသခွဲကာ တင်းကျပ်သော စည်းကမ်းချသတ်မှတ်မှုလုပ်ဆောင်ခြင်း၊ ကျူဝင်စေခြင်း၊ လော့ခ်ဒေါင်းချခြင်းက ရောဂါ တိုက်ဖျက်ထိန်းချုပ်ရာတွင် အင်မတန်ထိ ရောက်ကြောင်းသိရသည်။ ဤနေရာတွင် သတင်းအချက်အလက်အမှန်ရနိုင်ရန်လည်း အလွန်အရေးပါသည်။ ရရှိလာသော သတင်း၊ အချက်အလက်များကို အခြေပြု၍ ဆေးရုံများပြင်ဆင်ခြင်း၊ စည်းကမ်းချက်များတိုးမြှင့်ခြင်း၊ ဖြေလျော့ခြင်း၊ လော့ခ်ဒေါင်းချခြင်းတို့ကို အချိန်အခါကိုက် ပြုလုပ်သွားရမည်ဖြစ်သည်။

ဆက်သွယ်ရေးနည်းဗျူဟာ မြှင့်တင်ပါ
ကိုဗစ်ကပ်ကာလတွင် အစိုးရဌာနများ ပုံမှန်လည်ပတ်နိုင်မှုမရှိတော့ခြင်း၊ အလုပ်ဝန်ပိလွန်းခြင်းမျိုးကြုံရလေ့ရှိပါသည်။ ဤသို့သော ဖြစ်ရပ်များကို ကုစားရန်အတွက် အစိုးရများသည် ပြည်သူ လူထုအား ဝန်ဆောင်မှုပေးနိုင်ရန် ဆက် သွယ်ရေး နည်းဗျူဟာ အသစ်များချ သင့်သည်။ အစိုးရ အလုပ်များကိုနည်း ပညာ အခြေပြုပြောင်းလဲကြရပေမည်။ ကျန်းမာရေးဆိုင်ရာ၊ ရောဂါကပ်ဘေး ဆိုင်ရာ အချက်အလက်များကို မှန်ကန်စွာ သုံးသပ်နိုင်ရန် အချက်အလက် ကျွမ်းကျင် ပညာရှင်များနှင့် အားဖြည့် လုပ်ဆောင်ကာ ရောဂါကူးစက်မှုကို တိုက်ဖျက်ရမည်ဖြစ်သည်။

အခြေခံလုပ်သားပြည်သူများအတွက် အစိုးရက ငွေကြေးနှင့် ကျန်းမာရေးစောင့် ရှောက်မှုများဂရုတစိုက်ထောက် ပံ့ပေးပါ။
ငွေကြေးအတန်အသင့်ရှိကာ အိမ်မှ အလုပ်လုပ်နေနိုင်သူများအဖို့ အပြင်မ

ထွက်ဘဲ အေးအေးလူလူနေနိုင်သော်လည်း အခြေခံလုပ်သား ပြည်သူများ အတွက်မူ ကိုဗစ်ထက် ဝမ်းရေးခက်သော အခြေအနေမျိုးဖြစ်သည်။ ဆင်းရဲသော နိုင်ငံများတွင် ဝင်ငွေနည်းပြည်သူများ အင်မတန်များတတ်ရာ မဖြစ်မနေ အပြင်ထွက် ဝမ်းစာရှာနေရခြင်းကြောင့် ထိုသူတို့က ကိုဗစ်အလွယ်တကူ ကူးစက်ခံရ နိုင်ချေများသူ၊ ရောဂါသယ်ဆောင်သူများလည်း ဖြစ်နေနိုင်သည်။ ထို့အပြင် ကျန်းမာ ရေးမကောင်းလျှင် ဆေးရုံ ဆေးခန်းနှင့် အလှမ်းကွာလေ့ရှိတတ်သူများဖြစ်၏။ ထို့ကြောင့် အစိုးရများအနေနှင့် ထိုသူတို့အတွက် လက်လှမ်းမီအဆင်ပြေနိုင်သော ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ ပေးရမည်ဖြစ်သည်။

အချုပ်ဆိုရသော် ကိုဗစ်သည် ကူးစက်မြန်သော ရောဂါ၊ အသက်သေ စေတတ်သော ရောဂါမျိုး ဖြစ်ခြင်းကြောင့် သက်ဆိုင်ရာများအနေနှင့် လက်ဦးမှုရယူ ရန်၊ အချိန်နှင့်တပြေးညီ တုံ့ပြန်ဆောင်ရွက်ရန် အင်မတန်အရေးကြီးပါသည်။ မိနစ်ပိုင်း နောက်ကျသွားသည်နှင့် ပင် လူပေါင်းများစွာသို့ လျင်စွာပျံ့ သွားနိုင်သော ရောဂါမျိုးဖြစ်သည်ကို ကြပ်ကြပ်သတိ ပြုရန်လိုပေသည်။ ယခု တွေ့ရှိချက်များကို သင်ခန်းစာယူလျက် လူတို့၏ အသက်ကို ဦးစားပေးကာကွယ်စောင့်ရှောက် ကယ်တင်ပေးရန်လည်း လိုပေမည်။

ပြည်သူတစ်ဦး ချင်းစီအနေ နှင့်လည်း ကပ်ကာလအတွင်း အစိုးရ၏ နှောင့်နှေးနေတတ်သော တုံ့ပြန်မှုများကို မစောင့်ဘဲ သတိဝီရိယနှင့် မိမိတို့ဘာသာ ပညာယှဉ်လျက် တုံ့ပြန် လုပ်ဆောင်ဆင်ခြင်ကြရန်အရေးကြီးပါသည်။ ယခင် ကပ်ရောဂါမတိုင်မီ အချိန်များကို အောက်မေ့တမ်းတလျက် သတိ လက်လွတ်ပြုမိခြင်းမျိုးကို ရှောင်ရန် အားထုတ်ပါ။ သတိတမံ ဉာဏ်မြေ ကတုတ် ပမာပြုလျက် ပုံမှန်ဖြစ်လာသော အခြေအနေ အသစ်နှင့် အကျွမ်းဝင်အောင် နေတတ် ထိုင်တတ်ခြင်းဖြင့် မိမိကိုယ်တိုင် လည်းကောင်း၊ အနည်းဆုံး မိမိတို့၏ မိသားစုဝင်များ၊ အနီးကပ်ရှိသောသူများကို ဒုက္ခမရောက်အောင် အကျိုးပြုနိုင်ပေသည်။

ကိုးကား- https://www.ineteconomics.org/perspectives/blog/to-save-the-economy-save-people-first

https://www.imf.org/en/Topics/imf-and-covid19/Fiscal-Policies-Database-in-Response-to-COVID-19