အိမ်ဆောက်ခွင့် အိမ်ပြင်ခွင့်မရသည့် ရွာ

0
786
တောင်ခေါင်းလောင်းကျေးရွာ။

ထိုရွာတွင် နေအိမ်များပြိုကျလျှင် ပြန်ဆောက် ခွင့်မရသလို ပြန်ပြင်ခွင့်လည်းမရပါ။ ထိုသို့နှင့်ပင် အန္တရာယ်အကြားနေထိုင်ရသည်။ ယင်းကျေးရွာမှာ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စု အတွင်းရှိနေသည်။

ယင်းကျေးရွာသည် ပုလောမြို့၏ အနောက်မြောက်ဘက် ကျွန်းကြီးတစ်ကျွန်းတွင် တည်ရှိပြီး အများစုမှာ တံငါအလုပ်လုပ်ကြသူများဖြစ်ကြသည်။ ရွာအမည်က တောင်ခေါင်းလောင်းကျေးရွာ။

ရွာတွင်အိမ်ခြေ လေးဆယ်ခန့်ရှိပြီး ဓနိမိုး ထရံကာ အိမ်ခြေသုံးဆယ်ခန့်သည် ဒီရေတောကို ခုတ်ထွင်ရှင်းလင်း နေထိုင်နေကြခြင်းဖြစ်သည်။ ၎င်းတို့ အဆိုအရ ၁၉၈၄ ခုနှစ်ကတည်းက နေထိုင်လာခဲ့ခြင်းဖြစ်သည်။

တောင်ခေါင်းလောင်းရွာ

အိုးအိမ်ဆောက်ရန်မြေနေရာမရှိသည့် အိမ်ထောင်စုများအား ဒေသခံ ထိုစဉ်က ပါတီကောင်စီ လူကြီးတစ်ဦး၏ စီစဉ်ပေးမှုဖြင့် ဒီရေတောအား ခုတ်ထွင်ကာ နေထိုင်စေခဲ့ကြောင်း သိမီသည့် ရွာသားများက ပြောပြသည်။

ယင်းသို့နေထိုင်ရန်အတွက် အိမ်တစ်ဆောင်လျှင် ငွေ ၃၅၀ ကျပ် ကောက်ခံပြီး ရရှိသည့်ငွေများအား ရွာစာသင်ကျောင်းဆောက်ရာတွင် အသုံးပြုခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

ဆယ်စုနှစ်သုံးခုကျော် အေးချမ်းစွာ နေထိုင်လာပြီးနောက် လွန်ခဲ့သည့်သုံးနှစ်ခန့် မှစ၍ ရွာသား များ၏နေထိုင်မှု ခြိမ်းခြောက်ခံလာရသည်။ ရွာသားများ လက်ရှိနေထိုင်သည့် နေရာသည် အစိုးရထံမှ ပုံစံ(၇) ရထားသည့် ၎င်း၏မြေဖြစ်ကြောင်းနှင့် ဆက်လက်နေထိုင်မည်ဆိုပါက မြေနေရာကို သူ့ထံ တွင်ဝယ်ယူရမည်ဖြစ်ကြောင်း လုပ်ငန်းရှင် တစ်ဦး က ပြောဆိုလာသည်။

ရွာသားများလက်ရှိနေထိုင်သည့် မြေတစ် ကွက်လျှင် သိန်း ၂၀ မှ ၃၅ သိန်းကျပ်အထိ တန်ဖိုး သတ်မှတ် ဝယ်ယူရန်ပြောဆိုလာကြောင်း ရွာသား များက ပြောပြသည်။

သို့သော် ရွာသားများမှ ယင်းမြေသည် သူပိုင် ဆိုင်သည့်မြေမဟုတ်ဘဲ အစိုးရမြေဒီရေတော ဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့ပြီး နေမြဲအတိုင်းနေ ထိုင်ခဲ့သည်။

“သူကဓနိတောမြေလို့ ပြောပြီး(အစိုးရမှာ) လျှောက်ထားတယ်လို့ကြားတယ်။ ကျွန်တော်တို့ ဒီနေရာမှာ စနေကတည်းက ဓနိပင်တစ်ပင်တောင် မမြင်ဖူးဘူး” ဟု ရွာစတည်ကတည်းက ကိုယ်တိုင် ခုတ်ထွင် ရှင်းလင်းပြီး နေထိုင်လာသည့် အသက် ၆၇ နှစ်ရှိ ယင်းရွာသား ကပြောသည်။

၎င်းသည်ရွာအုပ်ချုပ်ရေးတွင် ယခင်က တာဝန်ယူခဲ့ သူတစ်ဦးဖြစ်ပြီး ယင်းရွာ၏ ပြည်သူ့စစ် ခေါင်းဆောင်ဟောင်း တစ်ဦးလည်းဖြစ်သည်။

တောင်ခေါင်းလောင်းရွာ

ပြောဆိုလာသည့် ယင်းလုပ်ငန်းရှင်သည် တောင်ခေါင်းလောင်းရွာနှင့် မဝေးလှသည့် ခန္တီကျေး ရွာတွင်နေထိုင်သူတစ်ဦးဖြစ်ပြီး ရွာနှင့်ကပ်လျက် တောင်ပေါ်တွင် ၎င်းပိုင်ဆိုင်သည်ဆိုသော ဥယျာဉ် ခြံမြေများရှိသည်။

ယခုတော့ ရွာသားများ အိမ်အသစ်ပြန်ဆောက်ခြင်း၊ အိမ်ပြုပြင်ခြင်းကိုမူ ၎င်းလုပ်ငန်းရှင်က ခွင့်မပြုတော့။ အိမ်ပြင်သည် ဟုအသံကြားလျှင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တစ်ဖုံ ရဲခေါ်ပြီးတစ်နည်း တရားစွဲမည် ထောင်ချမည်ဟုလည်း မကြာခဏ လာရောက် ခြိမ်းခြောက်ခဲ့ကြောင်း ရွာသားများက ပြောပြသည်။

“ရဲတွေအုပ်ချုပ်ရေးမှူးတွေနဲ့လာပြီး ခြိမ်းခြောက်ထားတော့ ဘယ်သူမှအိမ်မပြင်ရဲကြဘူး။ မိုးယို လည်းယိုအတိုင်း၊ နေပူလည်းပူ ဒီအတိုင်း ဖြစ်သလို နေနေရတယ်” ဟု အသက် ၅၀ ဆယ်ကျော်ရှိ ရွာသားက ပြောသည်။

လက်ရှိသူတို့နေထိုင်ကြသည့် အိမ်အချို့မှာ အကာအရံလုံခြုံမှုမရှိသလို ဒီရေတိုးတိုက်မှုကြောင့် လည်း အချိန်မရွေး ပြိုကျသွားနိုင်သည့် အခြေ အနေတွင် ရှိနေသည်။

ယင်း အိမ်များပေါ်သို့ သူစိမ်းဧည့်သည်များ အကြောင်းမသိဘဲ တက်ရန်အဆင်မပြေ။ တက်ချင်လျှင် အိမ်ရှင်နင်းသည့် ခြေရာအတိုင်း နင်းကာသူတို့ နှင့်ထပ်ကြပ်မကွာ လိုက်တက်ရသည်။

“အိမ်တစ်ဆောင်လုံးမှာ တစ်ခြမ်းပဲနေလို့ ရတယ်။ ညအိပ်လည်း အေးဆေးမအိပ်ရဲဘူး။ ဘယ် အချိန်ပြိုကျမလဲ တစ်ချိန်လုံး တွေးပြီးပူပန်နေရတယ်” ဟု သားသမီးလေးဦး၏ မိခင် မဟုတ်သွယ် ကပြောသည်။

မဟုတ်သွယ်တို့မိသားစုသည် လက်ရှိတွင် ပြိုကျလုနီးဖြစ်နေသည့် ၎င်း၏မိခင်အိမ်ပေါ်တွင် တက်နေနေရသည်။ သူ့ခင်ပွန်းဖြစ်သူမှာ အိမ်အသစ်ဆောက်လုပ်သည့်အတွက် တရားစွဲဆိုခံခဲ့ရ ဖူးသည်။

“အိမ်တစ်ခါပြိုတစ်ခါဆောက်တာ။ ဒီအိမ်ဆို လေးဆောင်မြောက်ဖြစ်နေပြီ။ အရင်တုန်းက ဘယ်သူမှလာမဟန့်တားဘူး။ မြေတွေဖို့တုန်းကလည်း လာမဟန့်ဘူး ခုမှတရားစွဲခံလိုက်ရတယ်” ဟု မဟုတ်သွယ် ကပြောသည်။

တရားစွဲခံရပြီးနောက် ဆယ်လအကြာ ၂၀၂၁ ဇန်နဝါရီ ၁၂ ရက်နေ့တွင် သက်ဆိုင်ရာတရားရုံးမှ သူမယောကျာ်းအား ထောင်ဒဏ် ၁၅ ရက်သို့မဟုတ် ငွေဒဏ်ငါးသောင်း ပေးရန်အမိန့်ချခြင်း ခံခဲ့ရကြောင်း သူမကပြောပြသည်။

“သားတွေသမီးတွေနဲ့ နေစရာစားစရာ မရှိတဲ့အထဲ ဒီနေ့ငွေဒဏ်ငါးသောင်း ဆောင်လာရတယ်။ ကျွန်မယောကျာ်းမှာ” ဟု ငိုရှိုက်ကာပြောသည့် သူမအသံက ဆို့နစ်အက်ကွဲနေသည်။

ရွာတွင် အငြင်းပွားနေသည့် မြေယာကိစ္စနှင့် ပတ်သက်ပြီး ၂၀၁၇ မတ်လမှစတင်ကာ သက်ဆိုင်ရာ ဌာနများနှင့် တိုင်းအစိုးရအဖွဲ့သို့စာတင်ခဲ့သော်လည်း လက်ရှိအချိန်အထိ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း ကိုယ်တိုင်စာတင်ခဲ့သူ ယင်းကျေးရွာသား ကိုဇော်မင်းထွန်းက ပြောသည်။

“ကျွန်တော်တို့ ရပ်ရွာမှာ ဖြစ်နေတဲ့ကြုံနေတဲ့ အခက်အခဲတွေ တိုင်းအစိုးရကို မြင်စေချင်တယ်။ သိစေချင်တယ်။ လာရောက်ပြီးတော့လည်း ပြတ်ပြတ်သားသား ဖြေရှင်းပေးစေချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ခန္တီကျေးရွာတွင် နေထိုင်သည့် မြေယာပုံစံ(၇) ရထားသူဆိုသူအား တနင်္သာရီဂျာနယ်အပါအဝင် မြိတ်ဒေသခံမီဒီယာများမှ သွားရောက် တွေ့ဆုံခဲ့သော်လည်း တွေ့ဆုံ ခွင့်မရခဲ့ပါ။

နောက်ရက်များတွင်လည်း တယ်လီဖုန်းနှင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။

မြေယာအငြင်းပွားမှုနှင့်ပတ်သက်ပြီး ပုလောမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်အောင်ဆွေ ကမူ တိုင်းအစိုးရသို့ သုံးကြိမ်တိုင်တိုင်တင်ပြထားပြီး နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၀ နိုဝင်ဘာလတွင် ထပ်မံတင်ပြထားကြောင်း ပြောဆိုသည်။

“အစိုးရအဖွဲ့က အမိန့်ချပါလိမ့်မယ်။ စစ်ဆေးတွေ့ရှိချက် အားလုံးတင်ပေးထားပါတယ်” ဟု ၎င်းက ပြောသည်။

မြေယာလုပ်ပိုင်ခွင့် ပုံစံ(၇)အား အဆိုပါ လုပ်ငန်းရှင်မှ ၂၀၁၃ ခုနှစ်တွင် ရရှိထားသည်ဟု သိရှိရကြောင်း မြေစာရင်းဦးစီးမှူးက ပြောပြသည်။

သည်ရွာကလေးတွင်မွေးပြီး သည်နေရာတွင်ပင် အိမ်ထောင်ကျခဲ့သူ ကိုမိုးမိုးအနေဖြင့် လက် ရှိအချိန်တွင် သူတစ်ပါးပိုင်နက် ဝင်ရောက်ကျူးကျော်မှု ပုဒ်မ ၄၄၇ ဖြင့် တရားစွဲခံရပြီး ငွေဒဏ် ငါးသောင်းချမှတ်ခံထားရသည်။ ယင်းကြောင့် လက်ရှိပြဿနာများ အမြန်ဆုံးဖြေရှင်းပေးရန် ရွာသားများကိုယ်စား တိုင်းအစိုးရသို့ တောင်း ဆိုသည်။

“တစ်ရွာလုံးဒုက္ခတွေရောက်နေကြပြီ။ ကျွန်တော် တို့မှာလည်း တခြားနေစရာနေရာမရှိဘူး။ အဆက်ဆက်နေလာသူဆိုတော့ အမြန်ဆုံးလာရောက် ဖြေရှင်းပေးပါလို့ တောင်းဆိုချင်ပါတယ်”

ကိုဆန်း