လမ်းလျှောက်သူ တစ်ယောက်ပြောချင်တာများ

0
964
လမ်းလျှောက်သူ တစ်ယောက်ပြောချင်တာများ

ဖိုးကြာရိုးတစ်ယောက်ဖြင့် စာမရေး ဖြစ်တာကြာပါသော်ကောရယ်လို့များ မေးကြလိမ့်မယ်ထင်ရဲ့။ ကိုဗစ်ကြောင့် စိတ်လက်ကလေး သိပ်မကြည်တာရယ်နဲ့ လောကီရေးရာများကြောင့်မရေးဖြစ်တာပါပဲ။ အခုလည်း ရေးချင်စိတ်ကလေး များပေါ်လာပေတဲ့ အမြင်မတော်တာ လေးများကို ပြောရပြုရတဲ့ဟာမျိုး ရေးချင်နေလေတော့ စာရှုသူတွေ စာဖတ်ပြီး အကြည်ဓာတ်ကလေးများ ပျောက်သွား မှာကိုလည်းစိုးပါရဲ့။ သည်းခံ၍သာ ဖတ်တော်မူပါ။

ကိုဗစ်နှောင့်လို့ အရင်ကလိုဟိုဟို သည်သည် မသွားရတော့လည်း ကျန်းမာ ရေးအကြောင်းပြ စိတ်ပြေလက်ပျောက် ညနေတိုင်း ပုံမှန်လမ်းလျှောက်ဖြစ်နေမိ တာပ။ အိမ်ကအလုပ်လုပ် (Work from home) ဆိုတာကလည်း လွယ်မယောင်နဲ့ ခက်တယ်။ ကွန်ပျူတာနဲ့ မျက်နှာ တချိန်လုံး ညားနေရတဲ့အဖြစ်မျိုးမို့ အညောင်းအညာမိတာလည်းရှိ၊ ကြိုက်တဲ့အချိန် အလုပ်လုပ်လို့ရတယ်ဆိုပေသိ တချိန်လုံး ထိုင်နေမိတာကလည်း တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ်။ ကြာလာတော့ ကျန်းမာရေး ထိမှာစိုးရ သမို့ ကိုယ်စိတ်နှစ်ဖြာ အညောင်းအညာ ပြေစေရန် ညနေတိုင်း လမ်းလျှောက်ရန် ဆိုတာလိုမျိုးဖြစ်သဗျို့။ သြ…မေ့တော့ မလို့၊ ဖိုးကြာရိုး လမ်းလျှောက်လေ့ရှိတာက ထားဝယ်မြို့ထဲက လူသွားလမ်း၊ လမ်းဘေးလူသွားစင်္ကြံတွေမှာ၊ တစ်ခါခါတော့ လေယာဉ်ကွင်းနံဘေးက လူသွားလမ်း၊ တစ်ခါခါတော့လည်း ထားဝယ်မြစ် ကမ်းနံဘေးရောက်လိုရောက်၊ ကျန်းမာ ရေးလမ်းဘက် ပေါက်လိုပေါက် အဲသလိုဗျ။

အသက်ကလေးရလာလို့များ ဇီဇာ ကြောင်ချင်တာများလားတော့မသိ။ ဖိုးကြာရိုးဟာ အခုတလောမှာ လူသွား စင်္ကြံလမ်းတွေနဲ့ စိတ်ထဲမှာ တကြိတ်ကြိတ် ရန်ဖြစ်လို့နေတယ်။ လမ်းလျှောက်ထွက်တိုင်း လူသွားလမ်းတွေ အချိုးမကျတာကိုတွေ့၊ ပုံပျက်တာကိုတွေ့ စိတ်ထဲမှာဖြင့် လမ်းသွားလမ်းလာ တစ်ယောက်ယောက်ကို သည်လူသွား လမ်းတွေဟာ ဘယ်လိုဘယ်ပုံ အချိုးမပြေလှတယ်ဆိုတာကို လှမ်းပြီး အားပါး တရဖောက်သည်ချချင်လှပေသိ ကိုဗစ်နဲ့မို့ သည်လို လုပ်လို့မတော်ဘူးရယ်လို့ အောင့်နေရတာပ။ တွေ့တဲ့မိတ်တွေတိုင်း ကိုလည်း သည်အကြောင်းမဟောလိုဘူး။ တော်ကြာ…ကပ်ကာလ မင်းပြောင်း မင်းလွှဲအချိန်ကြီးမှာ သည်ထက်အရေး ကြီးတာတွေ ရှိသေးတယ်။ သေးနုပ်တဲ့ ကိစ္စတွေကို ဇာလာမချဲ့ပါနဲ့လို့များ ငေါက်လွှတ်ခံရမှာလည်း ကြောက် သကိုး။ အခုတော့ မအောင့်နိုင်တာနဲ့ လူသွားလမ်းဋီကာချဲ့ပါရစေတော့ ပရိသတ်များ ခင်ဗျား။

ထားဝယ်မြို့ထဲမှာ ပလက်ဖောင်းလူသွားလမ်းတွေရှိရဲ့လားလို့များတစ်ယောက်ယောက်ကမေးနိုင်တယ်။ တချို့ နေရာတွေမှာဖြင့် ဈေးဆိုင်တွေက အပိုင်သိမ်းထားတာနဲ့ လမ်းလျှောက်သူက လမ်းပျောက်ကရော။ ပြီးတော့ လူသွား လမ်းခမျာ အပိုင်းပိုင်းဖြတ်ခံထားရတဲ့မုန့် အတုံးလေးတွေလိုဖြစ်နေတာကခပ်များများ။ လူသွားလမ်းကို ဆိုင်ရာက မြင့်မြင့် ဆောက်တယ်။ လူနေအိမ်တွေက အိမ်ထဲဝင်လို့ရအောင် လူသွားလမ်းကို ဖြတ်ဖောက်ခင်း အိမ်အဝင်လမ်းကလေး လုပ်ကြလို့။ တစ်ခါခါများ ပလက်ဖောင်း ပေါ်လမ်းလျှောက်ရတာဖြင့် တက်လိုက် ဆင်းလိုက် နိမ့်လိုက်မြင့်လိုက်နဲ့ ခဏကလေး သတိလက်လွတ်များဖြစ်လို့ ကတော့ ခလုတ်တိုက်ကရောပဲ။ ပြီးတော့ ပလက်ဖောင်းပေါ်မှာ အချိန်ပြည့်ရပ်နေပြီး ဘယ်လမ်းသွားလမ်းလာကိုမှ မဖယ်ပေးတဲ့ ဓာတ်တိုင်တွေ၊ အားကစားပစ္စည်း တွေလည်းရှိသေးတယ်။ လူသွားလမ်း မကောင်းကြောင်းတွေဆက်ပြောရရင်တော့ ပျက်၍နေသော၊ မြောင်းအတွင်းကျွံ ကျနိုင်သော၊ အင်မတန်မှ မြင့်၍နေသော၊ ရေအိုင်နေတတ်သော၊ ရေစိုနေလျှင် အလွယ်ချော်လဲနိုင်သော၊ လူနှစ်ယောက် မရှောင်နိုင်သော၊ ကျဉ်းလှသော၊ ကိုယ်ခန္ဓာမသန်စွမ်းသူများနှင့် အသက်အရွယ် ရလာသူများအတွက် အသုံးပြုရန် အဆင်မပြေနိုင်သော အစရှိတဲ့ ဂုဏ်ရည်ပြ နာမဝိသေသနတွေကို သုံးရမယ်ထင်ပ။ ပြီးတော့ ပလက်ဖောင်းများဟာ ပေါက္ခ ရဝဿ ပြုပြင်တည်ဆောက်ထားခြင်းမျိုး ခံထားရတယ်။ ဆိုလိုတာက လူသွားလမ်းများကို နေရာကွက်ကြား ဖြစ်က တတ်ဆန်းလုပ်ထား၊ ဖောက်ထား၊ တည်ဆောက်ပြုပြင်ထားတယ်။

ဥပမာ လူသွား များတဲ့လေယာဉ်ကွင်းလမ်းက ပလက်ဖောင်းတွေကိုကြည့်။ နှစ်ဖက် အကျယ် မတူဘူး။ လမ်းကိုဖြတ်ဖောက်ထားတဲ့ မြောင်းလေးတွေကို အဖုံးမဖုံးထားဘူး။ ဓာတ်တိုင်တွေလမ်းပေါ်မှာ။ တချို့နေရာတွေ တအားမြင့်နေတယ်။ ဟူး…။ လူသွားလမ်းတွေတည်ဆောက်တဲ့အခါ ထည့်သွင်းစဉ်းစားလိုက်နာရမယ့် အချက်တွေကိုများ ဆိုင်ရာတွေ ပမာဒလေခ ဖြစ်ကြကုန်သလားမသိ။ အစိုးရက ကားလမ်းတွေ သိပ်ကောင်းအောင် ကြိုးစား အားထုတ်နေကြပေသိ ကားမစီးတဲ့သူတွေ၊ ဆိုင်ကယ်မစီးတဲ့သူတွေ တနည်းတော့ လမ်းလျှောက်ကြသူတွေအတွက်ကို လူသွားလမ်းများကိုတော့ ခေါင်းထဲ ထည့်ထားကြဟန်မတူပါဘူး။ တိုင်းတစ်ပါးသားမိတ်ဆွေတွေရှိတဲ့ ကြာရိုး အဖို့တော့ ကိုယ့်ဆီကို သူတို့လာလည် ကြတဲ့အခါ ယူတို့အစိုးရက လူသွား လမ်းလေးကိုတောင် စနစ်ကျအောင် မစီမံတတ်ပါကလား လို့ရယ်များ ပိဿာ လေးနဲ့ဆင့်သလို အပြောခံရမှာများ တွေးကြောက်ကြောက်နေမိရဲ့။

ကိုဗစ်ကြီး မြန်မာပြည်မလာခင် ကလေး ကြာရိုးတစ်ယောက် ဟိုဟိုသည်သည် နိုင်ငံဖြတ်ကျော် ခြေလက်ချော် ရောက်မိတော့ ထိုအရပ်တွေမှာဖြင့် လမ်းလျှောက်ကြသူတွေပေါတာကို မြင်ခဲ့ရတယ်။ ကားတွေ ယာဉ်တွေ မရှိ ရှာကြလို့ဖြင့်တော့ ဟုတ်မယ်မထင်ပါဘူး။ သည်လိုပဲ ကမ္ဘာကြီးအတွက်သိပ် မကောင်းတဲ့ ကာဗွန်ကိုလည်း ချွေတာရင်း၊ ကျန်းမာရေးလည်းကောင်းအောင်လို့ လျှောက်ကြသူတွေရယ်ပေါ့။ ဒါနဲ့ ကြာရိုးလည်း ခြေတိုအောင် လျှောက်ခဲ့ရ တာကလား။ မိတ်ဆွေတွေနဲ့ လမ်းလျှောက် စကားစမြည်ပြောဟောကြရင်းက လူသွားလမ်းတွေရဲ့ အရေးပါပုံကို မျက်မြင်ဒိဋ္ဌ သိခဲ့ရတာကလား။ ထားပါ တော့။ သူတို့ဆီမယ် လမ်းလျှောက်ကြသူ တွေကို လမ်းသွားလမ်းလာ (Pedes- trians) တွေရယ်လို့ တခုတ်တရ အလေးထားပြီး လမ်းတွေဖောက်ပေးထားကြတယ်။ ကားလမ်းနံဘေးက ဆိုင်းဘုတ်တွေမှာ ဖြတ်သန်းသွားလာသူတွေ အတွက် အထူးအလေးပေး အသိပေးထား တာလေးတွေလည်းပေါလှတယ်။ တောင်ကို ဖြတ်ဖောက်ထားတဲ့ လိုဏ်တွေ၊ မြို့တွင်း လမ်းတွေ၊ တံတားတွေမှာ လူသွားလမ်းတွေ မပါပါအောင် ထည့်ဆောက်ထားတယ်။ အဖြစ်လုပ်ထားတာမျိုးမဟုတ်ပါဘူး။ အများသူငှာ အသက်အရွယ်စုံ၊ လူစုံသွားနိုင်အောင်ပါလုပ်ထားတာမျိုး။

လူသွားလမ်းတွေဟာဖြင့် စနစ်ကျနတဲ့ နိုင်ငံမျိုးတွေမှာ လမ်းအကျယ်ကို ငါးပေထက်မနည်းစေရဘူးလို့ဆိုကြတယ်။ လူနစ်ယောက် ကောင်းကောင်း ရှောင်လို့ရတယ်။ အခုလို ကိုဗစ်ကာလ ဆိုရင်သည်လို အကျယ်ရှိမှ ခပ်ခွာခွာနေခြင်း (Social distancing) အမှုကို ပြုနိုင်မှာ။ ပြီးတော့ လူသွားလမ်းတွေအပေါ်မှာ မသန်စွမ်းသူတွေ၊ ဝှီးချဲတွေ၊ ကလေး လေးတွေအတွက်သုံးတဲ့ လှည်းတွေနဲ့ ကလေးမိဘတွေအတွက်လည်း ကလေးထိန်းရင်း လမ်းလျှောက်လို့ အဆင်ပြေအောင်လုပ်ထားသေးတယ်။ လူသွား လမ်းပေါ်မှာ စကိတ်လိုမျိုးစီးလို့ရသေးတယ်။ ပြောချင်တာက လမ်းမျက်နှာ ပြင်ကိုလည်း တတ်နိုင်သမျှ ညီညာအောင် အားထုတ်ထားသလို အနိမ့်အမြင့်ကိုလည်း ပြေပြေကလေးဖြစ်အောင်လုပ် ပေးထားတာမျိုး။ လမ်းမျက်နှာပြင်ကို ညီအောင်လုပ်ပေးထားပေသိ လမ်းက ချောနေတာမျိုးမဟုတ်ဘူး။ မိုးရွာလို့ ရေစိုတာနဲ့ ချော်လဲတာမျိုးမဖြစ်အောင်လည်း လမ်းမျက်နှာပြင်ကို အရမ်းကြီး မချောအောင် လုပ်ထားသေး။ ပြီးတော့ နေရာအတော်များများမှာ မိုးရေစုပ်နိုင်တဲ့ ပစ္စည်းတွေနဲ့ ဆောက်ထားတဲ့ လူသွားလမ်းတွေလည်း များပါတယ်။ ကွန်ကရစ်တွေကြောင့် ပထဝီမြေကြီးခမျာ ရေမသောက်ရဘဲ မြေအောက်ရေ ရှားမှာကိုလည်း အထူးဂရုဓမ္မပြုကြဟန်ပါပဲ။

ပြီးတော့ကာ လမ်းမီးတွေကိုလည်း လူသွားလမ်းတွေအတွက် သီးသန့်လုပ် ထားတာမျိုးရှိတယ်။ ဥပမာ လူသွား လမ်းလေးတွေအတွက် နိမ့်နိမ့်ကလေး လုပ်ထားတဲ့ မီးတိုင်ကလေးတွေရှိတယ်။ ညဘက်ဆို လမ်းလျှောက်သူတွေအတွက် လမ်းကလေးတွေက ထိုမီးရောင်တွေ ကြောင့် ထင်းနေရှင်းနေတာပါပဲ။ သည်လိုတွေကြောင့်လည်း လူတွေလမ်းပို လျှောက်ဖြစ်ကြဟန်တူတယ်။ လမ်းလျှောက်တာဟာ ကိုယ်ခန္ဓာကျန်းမာရေးအတွက် အထောက်အကူပြုတယ်၊ ကာဗွန် လျှော့ချနိုင်တယ်၊ ဒါတွေက လမ်းလျှောက်ခြင်းရဲ့ အကျိုးတွေ။ ဒီအကျိုး ကျေးဇူးတွေကိုမြင်ပြီး အစိုးရတွေက လူတွေကို ပိုလမ်းလျှောက်ကြဖို့ တိုက်တွန်းနေကြတယ်လို့ ဖိုးကြာရိုးဖြင့် နားလည်တာပဲ။

ဒါပေသိ ကြာရိုးတို့ဆီက အစိုးရ ပေထသော အစိုးရမင်းများဟာ ကာဗွန် ထွက်တဲ့၊ အဆိပ်ငွေ့ထွက်တဲ့၊ ဘေးအန္တရာယ် ရှိတဲ့ ယာဉ်များသုံးကြခြင်းကို ပိုလို့ နှစ် လိုကြဟန်တူတယ်။ ကြည့်လေ.. ကား လမ်းတွေပဲ အာရုံကျနေကြသမှုတ်လား။ လမ်းလျှောက်သူတွေကတော့ဖြင့် ကြည့်ကျက်လျှောက်ကြပေါ့။ ကားလမ်းပေါ် နည်းနည်းဆင်းလျှောက်မိလို့ မတော်တဆ ယာဉ်စာမိလည်း သဗ္ဗေသတ္တာ ကမ္မသကာပေါ့။ မြောင်းဖုံးကျွံကြ၊ ချော်လဲ ဘာလဲတော့လည်း ကံကြမ္မာကိုပဲ ယိုးတာပေါ့။ ဝှီးချဲသမားတွေ၊ ဒူး သိပ်မကောင်းသူတွေ၊ ကလေးကိုလှည်းထဲထည့် လမ်းလျှောက်ချင်သူ ဖေဖေမေမေ တွေကတော့ အဆင်ပြေတဲ့နေရာ သွားလျှောက်ကြပေါ့လေ။ ဒက္ခိဏရွှေပြည်ကြီး မှာဖြင့် သည်လိုဖြစ်နေတယ်လို့ပဲ ကြာရိုး တော့ထင်နေမိရဲ့။ အင်း… ပြောရင်း ဟောရင်းဖြင့် အတော်ကလေးရှည်သွားပြီ။ သည့်ထက်ပိုပြောရင်ဖြင့် အကျယ်အကျယ် အင်မတန် ပျင်းဖွယ်ဖြစ်လာရော့မယ်။ စာရှုသူ ပရိသတ်များကိုလည်း လွန်တာရှိရင် ဝန္ဒာမိပါလို့တော့ မေတ္တာ ရပ်ခံချင်ပါရဲ့။ မကြာတော့တဲ့ နောင်မှာ အသစ်ပေါ်လာမယ့် အစိုးရသူများထဲမှာတော့ လူသွားလမ်းကလေးများကိုဖြင့် တော်တည့်ကောင်းမွန်အောင် စေတနာထား စီမံတတ်သူတွေကို ပါလာစေချင် တာပါပဲ။

ဖိုးကြာရိုး