ကိုဗစ်ကြားက အလုပ်အကိုင်

0
272

ကမ္ဘာအနှံ့အပြားက အလုပ်အကိုင် ၈၀ ရာခိုင်နှုန်းလောက်ကို ကိုဗစ်ကပ်ဘေးက ရိုက်ခါပစ်လိုက်ပါတယ်။ လူ သန်းပေါင်း ၃၃၀ဝ ရဲ့ အလုပ်အကိုင်တွေ တစ်နည်းမဟုတ်၊ တစ်နည်းထိခိုက်မှု ရှိခဲ့ပါတယ်။ ပုံမှန်အားဖြင့် ရုံးတွေ ပိတ်လိုက်ရတယ်။ အိမ်ကနေ အလုပ်လုပ်ရတာတွေ များတယ်။ ဒီတော့ ကိုဗစ်ကြီးက လူသားတွေရဲ့ အလုပ်အကိုင်ကို ဘယ်လို ထိခိုက်မှု ရှိစေနိုင်ပါသလဲ။

၁။ ဖွံ့ ဖြိုးဆဲနိုင်ငံတွေကို ဘယ်လို ထိနိုင်သလဲ။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အတည်တကျမဟုတ်တဲ့ အလုပ်အကိုင်တွေ အများကြီးရှိပါတယ်။ ကိုဗစ် စဖြစ်ဖြစ်ချင်းမှာ အဲဒီလိုမျိုး အလုပ်အကိုင် သန်း ၁၆၀ဝ လောက်ကို ထိခိုက်စေပါတယ်။ သူတို့ဟာ အိမ်ကနေ ကွန်ပျူတာ တစ်လုံးနဲ့ အလုပ်လုပ်ကိုင်နိုင်တဲ့သူတွေ မဟုတ်ပါဘူး။ ကိုဗစ်ကာလနဲ့ ကိုဗစ် အလွန်ကာလမှာ ဆက်သွယ်ရေး နည်းပညာ အသုံးပြု အလုပ်အကိုင်တွေ ပိုခေတ်စားလာတာမို့ သူတို့ကို ထိခိုက်နိုင်ခြေ ပိုများနေပါတယ်။ အဲဒီ စိန်ခေါ်မှုအတွက် ပြင်ထားဖို့ လိုပါမယ်။

၂။ အမျိုးသမီးတွေ

ကိုဗစ်ကာလ အိမ်ကနေ အလုပ်လုပ်ကြတဲ့အခါ Work from Home သမား အမျိုးသမီးတွေမှာ အလုပ်ပိုကြပ်လာပါတယ်။ အိမ်ကနေ အလုပ်လုပ်တဲ့ အခါ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် သုံးဆ လောက်ကို အလုပ်ပိကြတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေ အိမ်ကနေ အလုပ်လုပ်ရင် အိမ်မှာ ရုံးအသေးစားဆင်ပြီး အလုပ်လုပ်နိုင်နေပေမဲ့ အမျိုးသမီးတွေကတော့ မီးဖိုခန်းထဲမှာ လက်ကိုင် ကွန်ပျူတာ တစ်လုံးနဲ့ အလုပ် ပိုရှုပ်ရပါတယ်။ အဲဒီ သဘောကို အမျိုးသားတွေ၊ အလုပ်ရှင်တွေ၊ အစိုးရတွေ ဘယ်လောက် နားလည်ပြီး ကုစားပေးနိုင်မလဲ။

၃။ ပြန်သင်ကြရမယ်

ဖွံ့ဖြိုးဆဲနိုင်ငံတွေက အတည်တကျမဟုတ်တဲ့ အလုပ်တွေ၊ အမျိုးသမီးတွေ ကိုဗစ်ကြောင့် ပိုပြီး ဝန်တာ ပိုရုံမကပါဘူး။ အမျိုးမျိုးသော အလုပ်အကိုင်တွေလည်း အနာဂတ်အတွက် ပိုပြီး စိန်ခေါ်မှု ကြီးလာပါတယ်။ အလုပ်အကိုင် အမျိုးအစားပေါင်း ထက်ဝက်ကျော်ဟာ ကျွမ်းကျင်မှု အသစ်တွေ သင်နိုင်၊ တတ်နိုင်၊ လုပ်နိုင်တဲ့သူတွေပဲ အလုပ်မှာ မြဲပါတော့မယ်။ အများအားဖြင့်တော့ ပိုင်းခြားဝေဖန်နိုင်စွမ်းရှိဖို့၊ အခြေအနေအသစ်တွေမှာ မြန်မြန်ဆန်ဆန် သင်ယူပြီး လိုက်လျောညီထွေ လုပ်ကိုင်နိုင်ဖို့ လိုလာပါတော့မယ်။

၄။ ရှင်သန်ရေး

ကမ္ဘာကြီးလည်း စီးပွားရေးကျ၊ မြန်မာပြည်လည်း စီးပွားရေးကျပါတယ်။ လုပ်ငန်းတွေ အခြေအနေ မကောင်းလှတော့ နည်းနည်းနဲ့ ကျဲကျဲဝိုင်းဖို့ လုပ်ကြပါတော့မယ်။ လုပ်ငန်းတွေမှာ လူတွေအစား စက်တွေ အစားထိုးနိုင်အောင် လုပ်လာကြတော့မယ်။ အဲဒီ အချိန်မှာ ကိုယ်ဘယ်လို ရှင်သန်မလဲ။ ဘယ်လို အခြေအနေမျိုး ဖြစ်ဖြစ် ရှင်သန်နိုင်အောင် ဘာလုပ်ကြမလဲ။ အတိုချုံး အကြံကတော့ စက်တွေ မလုပ်နိုင်တဲ့ အလုပ်တွေ တတ်အောင် လုပ်ထားကြဖို့ပါပဲ။ ဥပမာအားဖြင့်- လက်နဲ့ဖန်တီးရတဲ့ လက်မှု အနုပညာလုပ်ငန်းနဲ့ လူနာနဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ရတဲ့ အလုပ်မျိုးတွေပါပဲ။ စက်တွေ မလုပ်တတ်တဲ့ ပညာတွေ သင်ထားကြဖို့ပါပဲ။ နေဝင်ညတွေပြီးရင် ရောင်နီလာမှာပါ။ ရောင်နီ အောက်မှာ ကိုယ်က အသင့်ဖြစ်နေဖို့ပဲ လိုပါတယ်။

Ref; World Economic Forum, UN News, BBC