အိပ်မက်သက်တန့်

0
150
Dawei Watch, Dawei News, Dawei News Media

မျှော်လင့်ချက်များဖြင့် ရှင်သန်ရသော လူ့ဘဝကြီးတွင် မျှော်လင့်ချက်များက ဈေးကြီးနေတတ်ကြသည်။ ကူးလူး ပြေးလွှားနေရသည့် နာရီလက်တံအပေါ် လောဘတွေ များခဲ့ကြမည်။ ဒေါသနဲ့ သောကတွေ ဒွန်တွဲပါနေလိမ့်မည်။ တစ်ထွာသာသာ ဝမ်းရေးက မျက်နှာပေါ် က အပြုံးရိပ်ကို ပေါ်အောင်ပျောက်အောင် လုပ်နိုင်စွမ်းရှိသည်။

“အစ်မရယ်… နှစ်ထောင်လောက်တော့ ပိုပေးပါလားဟင်”

Covid 19 ၏ သတ်မှတ်ချက်ကြောင့် ဟိုတစ်စ သည်တစ်စ လျော့ရဲရဲ ချည်တားထားသော ကြိုးတစ်ပင်၏ အပြင်ဘက်မှနေ၍ အပေါင်ဆိုင်အတွင်း ရှိအပေါင်ပစ္စည်း တန်ဖိုးဖြတ်သူကို လှမ်းပြောနေသော အသံတစ်ခု။ မျှော်လင့်ထားသည့် အပေါင်တန်ကြေးရငွေကို မီနိုင်ရေး တောင်းဆိုသံကြားတော့ ဝရန်တာ ပေါ်မှကျွန်တော် လှမ်းကြည့်မိသည်။

ကြံရင်းသေသူနဲ့ ပျံရင်းသေသူတွေအထဲ လူသားတို့သည် ဘဝရဲ့အိပ်မက်တွေကို တည်ဆောက်ရန်ကြံရင်း သက္ကရာဇ်တွေကို ခုတုံးလုပ်နေကြတဲ့ အခိုက် ဇီဝိန်ချုပ်ခဲ့ကြရသည်။ မိသားစုအတွက် အိမ်လေးတွေကို အိပ်မက်မက်ကြမည်။ မနက်ဖြန်အတွက် တစ်နေ့တာ အိမ်အသုံးစရိတ်ကို အိပ်မက်မက်ကြသည်။ ဇိမ်ခံကားတွေ ဇိမ်ခံပစ္စည်းတွေ အိပ်မက်မက်ကြသည်။ ကြိုးပြတ်တော့မည့် ဖိနပ်တစ်ရံအတွက် အစားထိုးနိုင် ရေး အိပ်မက်မက်ကြသည်။ ညစ်ပေ မှောင်ကျနေသည့် အဖြူအစိမ်းဝတ်စုံကို အသစ်လဲနိုင်ရန် အိပ်မက်မက်ကြသည်။ အိပ်မက်တချို့က ဈေးကြီးတတ်ပြီး အချို့အိပ်မက်က ဈေးပေါတတ်သည်။ သို့သော် ခေါ်ဈေးပေးမှရသော အိပ်မက်များချည်းပင်ဖြစ်၍ ခေါ်ဈေးမပေးနိုင်သော အိပ်မက်တိုင်းက ဈေးကြီးသည် ချည်းပင်။ သည်အထဲတွင်မှ ဝမ်းရေး အိပ်မက်က ပို၍ဈေးကြီးနေသည်မှာ ခက်လှသည်။

ကျွန်တော်နေထိုင်သည့် ရပ်ကွက်မှာ သာမန်လူတန်းစားတို့ ကွန်းခိုရာ ရပ်ကွက်မျိုးဖြစ်သည်။ ရပ်ကွက်အတွင်း တစ်ရာနှစ်ရာဖိုးဝယ်၍ရသော မုန့်ဆိုင်တွေ၊ ဈေးဆိုင်တွေရှိသည်။ သုံးထောင်တန် ငါးထောင်တန် အဝတ်တွေရောင်းသည့် ဆိုင်တွေရှိသည်။ ငွေရှစ်ရာရှိလျှင် မိသားစုငါးဦးအတွက် တစ်နေ့စာ ဟင်းတစ်အိုးချက်၍ရသော လမ်းသွယ်ဈေးရှိ သည်။ အဝတ်နှင့် အိမ်သုံးပစ္စည်းအပါ ဖုန်းနှင့် ဆိုင်ကယ်အထိ ပေါင်နှံ၍ရသော အပေါင်ဆိုင်လည်းရှိနေသည်။ အိမ်ရှိ တစ်ပတ်နွမ်းအဝတ်တစ်ထည်ယူကာ အပေါင်ဆိုင်မှ ငွေတစ်ထောင်နှင့်လဲလှယ်ရင်း လမ်းကြားဈေးက ဟင်းတစ်အိုးချက်နိုင်သည့် စနစ်က ဒီရပ်ကွက်အပြင် အနီးအနားရပ်ကွက်မှ နေထိုင်သူတို့အပါ အသုံးတည့်သည့် စနစ်တစ်ခုအဖြစ် ဒီရပ်ကွက်၌ ရှိသည်။ အပေါင်ဆိုင်သည်ကား သူ့အရပ်သူ့ဇာတ်ကိုက်ညီရေး နတ်ဘုရားပေးသည့်လက်ဆောင်အလား ရပ်ကွက်ကို ဟန်ချက်ညီအောင် ထိန်းပေး ထားသည်။ ၎င်းအပေါင်ဆိုင်သည် ကျွန်တော်အငှားနေသည့် အိမ်ခန်းတွဲ၏ အရှေ့ဘက် မျက်စောင်းထိုးတွင်ရှိ၏။

-၂-

ရံဖန်ရံခါ ကျွန်တော် အိမ်အရှေ့ ထွက်ထိုင်သည့်အခါမျိုးတွင် ခပ်နွမ်း နွမ်းအဝတ်များကို ကြွပ်ကြွပ်အိပ်ကလေး များဖြင့်ထုပ်ကာ ညိုးနွမ်းနေသောမျက် နှာများဖြင့် အပေါင်ဆိုင်ဆီလာနေကြသည့် အမျိုးသမီးကြီးများကိုတွေ့ရသည်။ သူတို့မျှော်လင့်ထားသည့် တစ်နေ့တာ အသုံးငွေကို သူတို့ယူလာသည့် အလဲအလှယ်ပစ္စည်းက ရယူပေးနိုင်စွမ်းမရှိ သောအခါ အိမ်သို့တစ်ခေါက်ပြန်ကာ အရောင်မလစ်သေးသည့် ပစ္စည်းတစ်ခုခု ကို ကောက်ယူ၍ တစ်ခေါက်ပြန်လာကြ သူများလည်း ရှိသည်။ တစ်ခါတစ်ရံ အိမ်တွင် ရေဖြည့်နေသည့် ပလပ် စတစ်ပုံးကြီးများလည်း ပါလာတတ် သလို ခေတ်နဲ့အသုံးမတည့်တော့သည့် မီးသွေးသုံးမီးပူအိုးများလည်း ပါလာတတ်သည်။ ထိုပစ္စည်းမျိုးကား လက် မခံ၍ ပြန်သယ်သွားရသည်ကများသည်။

အဆင်ပြေချိန်က ဝယ်ပေးထားသော သားသားမီးမီးသုံး စက်ဘီး သေးသေးလေးတွေလည်း ပါလာတတ်သည်။ ၎င်းစက်ဘီး သေးသေးလေးတွေကို အပေါင်ဆိုင်မှာထားခဲ့သည့်အခါမျိုးတွင် ခါးပွေ့ချီခေါ်လာခြင်းခံရသည့် ကလေးတွေက သူတို့ရဲ့ပစ္စည်းလေးကို လှည့်ကြည့်လှည့်ကြည့်လုပ်ကာ အသံထွက်မငိုရဲဘဲ မျက်ရည်တန်းလန်းဖြင့် ခါးပေါ်မှ ပြန်လည်လိုက်ပါသွားတတ် ကြသည်။ ထိုမြင်ကွင်းမျိုးကျွန်တော်မြင် ရင်တော့ အိမ်အတွင်းဝင်၍ တစ်ပတ်လောက် ဝရန်တာမှာ ထွက်မထိုင်ဖြစ် တော့ပါ။

“ငါ တစ်နေ့ကျရင် ဒီလိုအိမ်မျိုးပိုင် ချင်တယ်ကွာ…”

“အေး…ငါရောပဲ။ ဒီလိုအိမ်မျိုးနဲ့ နေရရင် ငါတို့ညဘက်မိုးရွာလည်း ထီးဆောင်းအိပ်စရာမလိုတော့ဘူး။ လေတိုက်လည်း အိမ်အမိုးလန်မှာ မစိုးရိမ် ရတော့ဘူးကွာ”

ကလေးနှစ်ယောက် စကားပြောနေသံကို ကျွန်တော်ငှားနေသည့် တိုက်ခန်းတွဲ အပေါ်ထပ်မှ ကြားရသဖြင့် အိမ်အရှေ့ပြတင်းပေါက်မှန်မှ ငုံ့ကြည့်မိသည်။ ကျွန်တော်ငှားနေသည့် သုံးခန်းတွဲ နှစ်ထပ်တိုက်ခန်းကို မော်ကြည့်ကာ မျှော်လင့်ချက်အိပ်မက်မက်နေကြသည့် ကလေးနှစ်ယောက်ကို မြင်လိုက်ရသည်။ တစ်ယောက်က ဟောင်းနွမ်းပေရေနေ

သည့် အင်္ကျီနှင့် အကွက်မပေါ်တော့သည့် ဘောင်းဘီတိုလေးကို ဝတ်ထားပြီး လက်ထဲမှာ ဆိုင်ကယ်တာယာအဟောင်း တစ်ခုနှင့် တုတ်တံလေးတစ်ချောင်းကို ကိုင်ထားသည်။ ကျန်တစ်ယောက်ကတော့ အင်္ကျီမပါ ကျောင်းစိမ်းဘောင်းဘီ အတိုအဟောင်းလေးကို ဝတ်ထားကာ လက်ထဲမှာတော့ ကြွပ်ကြွပ်အိပ်လေးနဲ့အထုပ်တစ်ထုပ်ကို ကိုင်ထားသည်။ ကြည့်ရသည်မှာ ညီအစ်ကိုဖြစ်မည် ထင်သည်။

“မင်း နေခဲ့လေ။ ငါသွားလိုက်မယ်”

ပြောပြောဆိုဆို အင်္ကျီမပါသော ကောင်လေးက အပေါင်ဆိုင်အတွင်း အထုပ်ကလေးဆွဲဝင်သွားသည်။ ကျွန်တော် စိတ်ဝင်တစားကြည့်နေမိခိုက် ကျန်ခဲ့သည့် ကောင်လေးကတော့ သူလိုချင်သည့် သုံးခန်းတွဲ နှစ်ထပ်တိုက်ခန်းကြီးကို ငေးမောရင်း ဘာတွေစိတ်ကူးနေမသိ။

ခဏကြာတော့ အပေါင်ဆိုင်ထဲမှ ကောင်လေးပြန်ထွက်လာသည်။

-၃-

“နှစ်ထောင်ပဲပေးတယ်ကွာ”

“ဟာ … အဖွားက သုံးထောင်ရ အောင်တောင်းလာခိုင်းတယ်လေ၊ အဲဒါမှ ဆေးဖိုးရောဈေးဖိုးရောရမှာတဲ့”

“ငါလည်းတောင်းတာပဲ။ ဒါပေမဲ့ ငါတို့ယူလာတဲ့အင်္ကျီတွေက ဟောင်းတော့မယ်လေ၊ ဘယ်တတ်နိုင်မှာလဲ”

ကလေးနှစ်ယောက် ပြောပြောဆို ဆိုဖြင့် ကျောခိုင်းထွက်သွားသည်။ နှစ်ဦးသားအဝေးရောက်သည်အထိ အိမ်အပေါ်မှန်ပြတင်းမှ ကျွန်တော်ငေးကြည့် နေမိသည်။ တစ်ယောက်နှင့် တစ်ယောက် စကားပြောဟန်လည်းမတွေ့ရ။ ဆိုင်ကယ်တာယာကိုလည်း တုတ်တံဖြင့် လှိမ့်ပြီးမသွားတော့ပဲ လက်နှင့်ပခုံးအပေါ်တွင် သိုင်းယူသွားသည်ကို ကျွန်တော်လှမ်းမြင်နေရသည်။

သူတို့မရလိုက်သောငွေတစ်ထောင်က ပိုင်ဆိုင်လိုစိတ်ဖြင့်မော့ကြည့်ခဲ့သော တိုက်ခန်းတွဲကြီးကို မေ့ဖျောက်သွားအောင် စွမ်းဆောင်လေမည်လားဟု ကျွန်တော် စိုးရိမ်မိတော့သည်။

ဇော်မြိတ်