ဒေါက်တာ အောင်နိုင်ဦးကို ကန့်ကွက်မှု စစစ်မည်

0
461
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်နယ်မဲဆန္ဒနယ် (၁) တွင် အနိုင်ရရှိထားသည့် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကို ကန့်ကွက်ထားသည့်ကိစ္စကို ဖေဖော်ဝါရီ ၃ ရက်တွင် စတင်စစ်ဆေးမည်ဖြစ်သည်။

ကန့်ကွက်ခံထားရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၃ ရက်တွင် ထုချေလွှာတင်သွင်းရမည့်အကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အကြောင်းကြားစာပေးပို့ထားပြီးဖြစ်သည်ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ရွေးကောက်ပွဲ သုံးကြိမ်ဆက်တိုက် အနိုင်ရရှိထားပြီး လက်ရှိ မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ တာဝန်ယူထားရသည့် ဒေါက်တာအောင်နိုင်ဦးကို NLD ပါတီမှ လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ကန့်ကွက်ထားသည်။

“အမှားအယွင်း တစ်စုံတစ်ရာ ပြု လုပ်ထားခြင်းမရှိဘူးလို့ ကျွန်တော့်ကိုယ် ကျွန်တော်ယုံကြည်တယ်။ ဒါကြောင့် ကန့်ကွက်လွှာအပေါ်မှာ အကောင်းဆုံး ခုခံချေပသွားမယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်

ဦးမင်းကျော်လွင်သည် ၂၀၂၀ ရွေး ကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) တွင် ဒေါက်တာအောင်နိုင်ဦးနှင့် ယှဉ်ပြိုင်ခဲ့ပြီး ခိုင်လုံမဲ ၁၄၀ဝ ကျော်ဖြင့် ဒေါက်တာ အောင်နိုင်ဦးကို ရှုံးနိမ့်ထားသူဖြစ်သည်။

ကန့်ကွက်လွှာတင်သွင်းထားသည်နှင့် ပတ်သက်ပြီး ဦးမင်းကျော်လွင်ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

ဒေါက်တာအောင်နိုင်ဦးကမူ ၎င်းကို ကန့်ကွက်သည့်အချက် ၁၅ ချက် ကျော်ပါဝင်ပြီး အသေးစိတ်ကို ထုတ်ဖော် မပြောလိုသေးကြောင်း ပြောသည်။

ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲရလဒ်များ ကြေညာသည့်နေ့ မှစ၍ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင် သွင်းနိုင်ပြီး သက်သေအထောက်အထား ခိုင်လုံပါက ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) တွင် အတွက် မွန်ညီညွတ်ရေး ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။