ဟန်နီနှင့် ဘက်ကီ မလွှဲတောင် တာဝန်ယူမည်

0
493
ဟန်နီနှင့် ဘက်ကီ

တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်စပ်ဖြစ်သည့် မလွှဲတောင်စစ်ဆေးရေး ဂိတ်တွင် မူးယစ်ဆေးရှာရန် အယ်ဇေးရှင်း အမျိုးအစား ခွေးနှစ်ကောင်ဖြစ်သော ဟန်နီနှင့် ဘက်ကီတို့အား တာဝန်ပေး ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မူးယစ်ဆေးရှာရန် သင်တန်းပေးထားပြီးဖြစ်သည့် အယ်ဇေးရှင်းအမျိုးအစား အဆိုပါခွေးနှစ်ကောင်ကို ပြီးခဲ့သည့် ၃ လခန့်က စတင်တာဝန်ချထားကြောင်း ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးက ဆိုသည်။

တိုင်းအတွင်း ကုန်းလမ်းခရီး၏ အဓိကဝင်ပေါက်ဖြစ်သည့် မလွှဲတောင်ဂိတ်တွင် ဟန်နီခေါ် ဆိုဖီယာနှင့် ဘက်ကီတို့အား အချိန်ပြည့်တာဝန်ချထားပြီး မူးယစ်ဆေးဝါး ရှာဖွေနေကြောင်း ဒုတိုင်း ရဲမှူးကြီးက ဆိုသည်။

“ခွေးထိန်းတဲ့ တပ်ဖွဲ့ဝင်နှစ်ဦးရယ် ခွေးနှစ်ကောင်ရယ် အဲဒီမှာပဲ အချိန်ပြည့်၊ တနင်္သာရီတိုင်းအတွင်း ကုန်းလမ်းအဓိက ဝင်ပေါက် ကနေပြီးတော့ ရှာဖွေတားဆီးဖို့ပေါ့နော်” ဟု ၎င်းက ပြောသည်။

မူးယစ်ဆေးဝါး သို့မဟုတ် မိုင်းရှာ ဖွေခြင်းသင်တန်းကို ရန်ကုန်တိုင်း၊ ရေကြည်အိုင်ရှိ လေ့ကျင့်ရေးကျောင်းတွင် ၆ လကြာ သင်ယူရသည်။

ခွေးများကို မူးယစ်ဆေးရှာရန်နှင့် ပေါက်ကွဲစေတတ်သည့် လက်နက်ခဲယမ်း ရှာရန် သင်တန်းပေးလေ့ရှိပြီး ခွေးတစ်ကောင်အား မူးယစ်ဆေး သို့မဟုတ် မိုင်းရှာရန် တစ်မျိုးသာ သင်ကြားပေး လေ့ရှိသည်။

အထက်ပါ ခွေးနှစ်ကောင်မှာ မူးယစ်ဆေးရှာသည့် သင်တန်းပေးထားသည်ဟု တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ခွေးများကို စားစရိတ်နှင့် ဆေးကုသစရိတ် ထောက်ပံ့ထားသည်။ ရဲတပ်ဖွဲ့တွင် ယခင်ကလည်း မူးယစ်ဆေးနှင့် မိုင်းရှာမည့်ခွေးများ မွေးခဲ့ဖူးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားခဲ့ဖူးသည်။