နန္ဒဝန်ဈေးဆိုင်ခန်း နှစ်ခန်းအား စည်ပင်ဝန်ထမ်း လိမ်ရောင်း

0
158
Dawei Watch, Dawei News, Dawei News Media

ကော့သောင်းမြို့၊ နန္ဒဝန်ဈေး အတွင်းရှိ ဈေးဆိုင်ခန်း နှစ်ခန်းအား စည်ပင်သာယာရေးဝန်ထမ်းမှ ငွေကျပ် သိန်းကိုးဆယ်ဖြင့် လိမ်လည်ရောင်းချခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ် ဖွဲ့မှူးရုံးထံမှ သိရသည်။

စည်ပင်ဝန်ထမ်းဖြစ်သည့် အသက် ၄၈ နှစ်အရွယ် အမျိုးသားက အဆိုပါ ဈေးအတွင်းရှိ ဈေးဆိုင်ခန်းနှစ်ခန်းအား ၎င်းပိုင်ဆိုင်သည် ဟုဆိုကာ ဇန်နဝါရီလ ၁၅ ရက်နေ့က အမျိုးသမီးတစ်ဦးထံ ရောင်းချခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ ဆိုင်ခန်းအား ဝယ်ယူခဲ့သည့် အမျိုးသမီးက ဆိုင်ခန်းအား ပြုပြင်နေစဉ် ဆိုင်ခန်းပိုင်ရှင်များရောက် လာပြီး ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ယင်းနောက် အထက်ပါ စည်ပင်ဝန်ထမ်းအား ဆက်သွယ်မေးမြန်းရာ ငွေလိုအပ်နေသဖြင့် လိမ်လည်ရောင်း ချမိသည်ဟု ပြောဆိုခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စည်ပင်ဝန်ထမ်းအား ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၄၂၀ (လိမ်လည်မှု) ဖြင့် ကော့သောင်း မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။