ဥပဒေနှင့် မညီဟုဆိုသော်လည်း ထားဝယ်တွင် ပြည်ပမျိုး ဒူးရင်းခြံစိုက်

0
251
Dawei Watch, Dawei News, Dawei News Media

မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှ မျိုးစေ့များတရားမဝင်သယ်ဆောင် စိုက်ပျိုးခြင်းကို ဥပဒေဖြင့် တားမြစ်ထားသည် ဆိုသော်လည်း ထားဝယ်ခရိုင်အတွင်း ပြည်ပမျိုးအသုံးပြု ဒူးရင်းခြံများ ရှိနေသည်။

မြန်မာနိုင်ငံတွင်မရှိသေးသော ပိုးမွှားအန္တရာယ်များ ပြည်ပမျိုးစေ့တွင် ပါဝင်လာပြီး ပြည်တွင်းတွင် ထိန်းမနိုင်အောင် ပျံ့နှံ့သွားမည်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် တားမြစ်ထားခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲမှ တိုင်းမျိုးစေ့ တာဝန်ခံ ဒေါ်စန်းစန်းမြိုင်က ရှင်းပြသည်။

“ရောဂါပိုးမွှားပါ၊ မပါစစ်ဆေးပြီးမှ သွင်းခွင့်ပြုတယ်။ ရောဂါပိုးမွှား ပါ၊ မပါ မစစ်ဆေးရရင် သွင်းခွင့်မပြုဘူး” ဟု ၎င်းက ဆိုသည်။

ပြည်ပမှ မျိုးစေ့တင်သွင်းပါက အစိုးရထံ လျှောက်ထားရန် လိုအပ်သည်။

တနင်္သာရီတိုင်းတွင် ထိုင်းနိုင်ငံမှ ဒူးရင်းမျိုးစေ့တင်သွင်းပြီး ပြည်တွင်းတွင် စိုက်ပျိုးရန် လျှောက်ထားသူ မရှိသေးကြောင်း ဒေါ်စန်းစန်းမြိုင်က ဆိုသည်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ထိုင်းမျိုးစေ့သုံး ဒူးရင်းခြံအချို့ရှိပြီး ယင်းတွင် ထွက်ဝ ကျေးရွာရှိ ဒူးရင်းခြံလည်း အပါအဝင်ဖြစ်သည်။ ရွှေကမ္ဘာမင်း ကုမ္ပဏီက ထိုသို့ စိုက်ပျိုးထားခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံမှ ဒူးရင်းမျိုးဝယ်ယူ စိုက်ပျိုးထားကြောင်း ကုမ္ပဏီမန်နေဂျာ ဦးဝင်းလွင်က ပြောဆိုသည်။

“အခုစိုက်လာတာဆိုရင် သုံးနှစ် ပြည့်နေပြီပေါ့နော်။ သုံးနှစ်သားဖြစ်နေပြီ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံထဲသို့ ပြည်ပမှ မျိုးစေ့ များတရားမဝင်သယ်ဆောင်လာခြင်းကို မျိုးစေ့ဥပဒေ၊ အပင်မျိုးသစ် ကာကွယ်ပေးရေး ဥပဒေတို့ဖြင့် တားမြစ်ကန့်သတ်ထားခြင်း ဖြစ်သည်။

မျိုးစေ့ သို့မဟုတ် မျိုးကိုင်းတစ်ခုခုကို မြန်မာနိုင်ငံအတွင်း သယ်ဆောင်လာရန်အတွက် ပိုးမွှားရောဂါကင်းစင်ကြောင်း လက်မှတ်၊ အပင်အမျိုးသစ်အသိအမှတ် ပြုလက်မှတ် ယင်းနှစ်ခုလိုအပ်ကြောင်း ဒေါ်စန်းစန်းမြိုင်က ရှင်းပြသည်။

ယင်းကဲ့သို့ လျှောက်ထားခွင့်ပြု ချက်ရယူပြီး တင်သွင်းလာသည့် ပြည်ပ မျိုးစေ့သည် ပြည်တွင်းတွင် စိုက်ပျိုးခွင့် ရှိသည်ဟုဆိုသည်။

ရွှေကမ္ဘာမင်း ကုမ္ပဏီက စိုက်ပျိုးထားသည့် ဒူးရင်းပင်များမှာ ထိုသို့ ခွင့်ပြုချက်ဖြင့် စိုက်ပျိုးထားခြင်း မဟုတ်ဘဲ နိုင်ငံခြားဖြစ် မျိုးသန့်ဒူးရင်းသီးကို ဒေသအတွင်းပြည်သူများ ဈေးနှုန်းချိုသာ စွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်ကြောင်း ကုမ္ပဏီ မန်နေဂျာ ဦးဝင်းလွင်က ဆိုသည်။

ယင်းကုမ္ပဏီသည် ကျောက်ထုတ် လုပ်ရေးကိုလည်း လုပ်ကိုင်သည့်ကုမ္ပဏီ တစ်ခုဖြစ်ပြီး ကိုဗစ်ကြောင့် လက်ရှိ လုပ်ငန်းရပ်နားထားသည်ဟုဆိုသည်။

အမျိုးမျိုးသော မျိုးစေ့များသည် ပြည်ပမှ တိုင်းအတွင်းသို့ တရားမဝင် နယ်စပ်မှတဆင့် ဝင်ရောက်နေကြသည်။ ယင်းကဲ့သို့ တရားမဝင် ဝင်ရောက်လာသော မျိုးစေ့သည် မဖြစ်ထွန်း၊ အပင် မအောင်ပါက တောင်သူများတွင်သာ နစ်နာမည်ဖြစ်ကြောင်း ဒေါ်စန်းစန်းမြိုင် က ဆိုသည်။

“ဒါကြောင့် တရားဝင်သယ်ယူပြီး စိုက်ပျိုးကြမှကောင်းမယ်ပေါ့နော်။ ဒါမှ တောင်သူတွေလည်း အကျိုးရှိမယ်၊ ကိုယ့်နိုင်ငံမှ ရောဂါပိုးမွှားကျရောက်မှုကို ကာကွယ်ဖို့အတွက်လည်း အဆင်ပြေ မယ်ပေါ့နော်” ဟု ဒေါ်စန်းစန်းမြိုင်က ဆိုလေသည်။

ကျော်သူစိုး