ကိုဗစ်အကြား စီးပွားကျပ်သဖြင့် အလွယ်သူခိုး ပိုများဟုဆို

0
173
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကပ်ဘေး ကာလအတွင်း စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ကျပ်တည်းသဖြင့် အလွယ်တကူ ခိုးယူ မှုပိုများကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက သုံးသပ်ပြောကြားသည်။

ထိုသို့သော ကိုဗစ်ကာလအကျပ် အတည်းကာလဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် ခိုးမှုပေါင်း ၁၁၆ မှုဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ၂၀၁၉ ခုနှစ်ထက် ၂၄ မှု ပိုမိုဖြစ်ပွားခဲ့သည်။

ခိုးမှုအများစုမှာ ရိုးရိုးခိုးမှု အမျိုးအစားဖြစ်ပြီး ၁၀၉ မှုရှိကာ ဆိုင်ကယ်ခိုးမှု က ၂၉ မှု ဖြင့် ဒုတိယလိုက်နေသည်။

အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာကြသည့်အတွက် ရည်ရွယ်ချက် ရှိရှိ ခိုးယူခြင်းထက် အလွယ်တကူယူနိုင်သည့် အခြေအနေမျိုးကြောင့် ခိုးယူသည့် ဖြစ်စဉ်ကပိုများကြောင်း ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက သုံးသပ်သည်။

“စားဝတ်နေရေးကို အကြောင်းပြုပြီးတော့ ကြီးမားသောရည်ရွယ်ချက် မရှိသော်လည်း လက်လွတ်စပယ်ခိုးတဲ့ အနေအထားမျိုးကို တွေ့ရှိရတယ်” ဟု ၎င်းက ပြောသည်။

ခိုးမှုဖြစ်ပွားမှုမှာ မြိတ်ခရိုင်တွင် အများဆုံးဖြစ်ပြီး ၇၈ မှုရှိခဲ့သည်။

တိုင်းရဲတပ်ဖွဲ့ စာရင်းအရ ကိုဗစ် ကပ်ဘေးကာလအတွင်း ခိုးမှုပိုဖြစ်လာသော်လည်း လူသတ်မှုနှင့် မုဒိမ်းမှုဖြစ်ပွားမှုမှာ ယမန်နှစ်ထက် အနည်းငယ် လျော့နည်းလာသည်။