ကလိန်အောင်ချောင်း ရေနောက် ချိုးပြီး အရေပြားယားယံဟုဆို

0
340
ကလိန်အောင်ချောင်း ရေနောက် ချိုးပြီး အရေပြားယားယံ

ရေဖြူမြို့နယ် ကလိန်အောင်မြို့ရှိ ကလိန်အောင်ချောင်းရေနောက်ကို ချိုးမိသဖြင့် ကလေး၊ လူကြီးအချို့ အရေပြား ယားယံခြင်းများ ခံစားခဲ့ရကြောင်း ယင်းချောင်းကမ်းနံဘေးတွင် တဲထိုးနေထိုင်သည့် သဲထုတ်အလုပ်သမားအချို့က ပြောဆိုသည်။

ပြီးခဲ့သည့်နှစ်ပတ်ခန့်က လေးရက်ဆက်တိုက် ကလိန်အောင်ချောင်းရေ နောက်ပြီးဆင်းလာသဖြင့် ယင်းရေ နောက်ကိုချိုးမိရာမှာ အရေပြားယားယံခြင်းများ ကြုံတွေ့ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါအလုပ်သမားတို့က ပြောဆို ကြသည်။

“ဟိုတစ်ရက်က ဒီရေချိုးလိုက်တာ အသားတွေယားပြီးတော့လေ ဘုတွေ ထွက်လာတာ။ ကလေးတွေရော၊ လူကြီး တွေရောပဲ။ ပေါင်ဒါတွေလိမ်း ဘာတွေ လိမ်းရင်းနဲ့ သူ့ဘာသာသူပျောက်သွားရော။ သုံးရက်လောက် အဲလိုယားသွားတာ” ဟု ချောင်းကမ်းနံဘေး သဲလုပ် သမားတစ်ဦးက ဆိုသည်။

ယင်းချောင်းကမ်းနံဘေးတွင် တဲထိုးပြီး သဲထုတ်လုပ်နေကြသည့် ရွှေ့ပြောင်းအလုပ်သမား သုံးဆယ်ဝန်းကျင်ခန့် နေထိုင်ကြသည်။

ဇန်နဝါရီလ ၁၂ ရက်က ယင်းချောင်းရေအား ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့ရာတွင်မူ ရေနောက်နေသည် ကိုမတွေ့ခဲ့ရပေ။ သဲထုတ်အလုပ်သမား တို့အဆိုအရလည်း ပြီးခဲ့သည့်နှစ်လ အတွင်း ချောင်းရေတစ်ကြိမ်သာ နောက်ဖူးသေးသည်ဟုဆိုသည်။

ယင်းရေနောက်သည့်အချိန်မှာ ဇန်နဝါရီလ ပထမအပတ်ခန့်က ဖြစ်သည်။

“ပထမနေ့ ရေစနောက်တုန်းက ဆိုရင် လုံးလုံးသောက်လို့ကိုမရဘူး။ မတရားကြီးကိုနောက်နေတာ။ ရွှံ့့ကို အရည်ဖျော်ထားတာကျနေတာပဲ” ဟု အခြားသဲလုပ်သမားတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ရေနောက်ပါက ရေကို ကြိုခပ်ထားပြီး ဆန်ခါဖြင့် အဆင့်ဆင့် စစ်ပြီးမှ ထမင်းချက်ရပြီး သောက်ရေအတွက်မူ နှစ်ဆယ်လီတာဆန့် ရေသန့်တစ်ဗူးကို ကျပ်တစ်ထောင်ဖြင့် ဝယ်သုံး ရကြောင်း သဲအလုပ်သမားအချို့က ဆိုသည်။

ကလိန်အောင်ချောင်းအထက် ဘက်ပိုင်း ဇင်းဘာချောင်းတွင် ရွှေတူးဖော်သည့်လုပ်ငန်းများကိုလုပ်ကိုင်နေသည်။ ယင်းသို့ရွှေတူးဖော်ရာတွင် ဆိုင်ရာနိုက်အက်စစ်ကို အသုံးပြုရသည်။ ယင်းအက်စစ်သည် လူကိုအန္တရာယ်ပေး နိုင်သည့် အဆိပ်တစ်မျိုးလည်းဖြစ်သည်။

ကလိန်အောင်ချောင်းနံဘေးတွင် ရွှေ့ပြောင်းအလုပ်သမားသုံးဆယ်ဝန်းကျင်ခန့် တဲထိုးနေထိုင်ပြီး သဲထုတ်လုပ်သည့်အလုပ်ကို ပုတ်ပြတ် လုပ်ကိုင်နေကြသည်။

ကလိန်အောင်ချောင်းရေအား ယင်းအလုပ်သမားများအပါအဝင် ကလိန်အောင်ဒေသခံများ၊ ရှင်ကိုးရှင် စာရင်းဝင် ကလိန်အောင်ဆံတော်ရှင်အတွက် သုံးရေအဖြစ်အသုံးပြုရန် ရေစက် ဖြင့်မောင်းပြီး အသုံးပြုနေကြသလို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း ရေဖြန့် ဝေရန်အသုံးပြုလျက်ရှိသည်။

အချို့ဒေသခံများက ယင်းချောင်းအတွင်း ရေချိုးလေ့ရှိပြီး ကလိန်အောင်တံတား အနောက်ဘက်ခြမ်းတွင် ရေချိုးဆိပ်ကဲ့သို့ ပြုလုပ်ထားသည်များလည်း ရှိသည်။

ကျော်သူစိုး