ငွေပေါ်မြန်၍ ရော်ဘာအတုံးလုပ်သည့် တောင်သူများလာ

0
476
ရော်ဘာအတုံးလုပ်သည့် တောင်သူများလာ

ငွေပေါ်မြန်ပြီး စရိတ်စက သက်သာသည့်အတွက် ရော်ဘာပြားမလုပ်တော့ဘဲ ရော်ဘာတုံးအဖြစ်ပြောင်းလဲ ထုတ်လုပ်လာကြကြောင်း ရော်ဘာ စိုက်ပျိုးသူများနှင့် ရောင်းဝယ်နေသူအချို့ထံမှ သိရသည်။

လက်ရှိတွင် ရော်ဘာပြားတစ်ပေါင်လျှင် ကျပ် ၈၀ဝ ဝန်းကျင်ပေါက်ဈေးရှိပြီး ရော်ဘာတုံးဖြစ်သည့် ရော်ဘာချေး တစ်ပိဿာလျှင် ၁၁၀ဝ ကျပ်ဝန်းကျင် ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ တစ်ပိဿာလျှင် ၃ ပေါင် ကျော် ရှိသည်။

ထိုသို့ပြောင်းလဲထုတ်လုပ်သည့်အတွက် အချိန်ကုန်သက်သာသည့်အပြင် ကုန်ကျစရိတ်လည်း သက်သာသည့်အတွက် ယခုရော်ဘာထုတ်ရာသီတွင် ပိုမိုတွင်ကျယ်လာကြောင်း သာယာကုန်း ကျေးရွာတွင် ရော်ဘာအဝယ်ဒိုင်ဖွင့်ထားသည့် ဒေါ်နန်းက ဆိုသည်။

အဆိုပါရော်ဘာတုံးများကို နည်း ပညာဖြင့် သန့်စင်နိုင်သော မွန်ပြည်နယ်ရှိ စက်ရုံများထံ တင်ပို့ရောင်းချကြပြီး ယင်းမှတစ်ဆင့် နိုင်ငံခြားသို့ တင်ပို့ကြကြောင်း ၎င်းက ပြောသည်။

“အခုဝယ်တဲ့ ရော်ဘာတုံး(ကော်ချေး) တွေကို မြိတ်၊ မော်လမြိုင် ပို့တယ်။ အဲဒီမှာ DRC (ရေသန့်စင်စက်)နဲ့ စစ်ပြီးတော့ အခြောက်အဖြစ်ထွက်လာတဲ့အခါ အခု ရော်ဘာပြားနဲ့ တန်းတူရလာတယ်” ဟု ဒေါ်နန်းက ဆိုသည်။

ရော်ဘာအတုံးလုပ်ရခြင်းမှာ ငွေပေါ်မြန်ခြင်း၊ လုပ်ဆောင်ရသည့် အဆင့်နည်းပါးသည့်အတွက် လူသက်သာပြီး အချိန်ကုန် နည်းပါးခြင်းကြောင့် ပြောင်းလဲထုတ်လုပ်ခြင်းဖြစ်ကြောင်း မင်းရပ် ကျေးရွာနေ အသက် ၄၀ ဝန်းကျင်ရှိ ရော်ဘာစိုက်တောင်သူ တစ်ဦးက ဆိုသည်။

လက်ရှိတွင် ကိုဗစ်ကာလဖြစ်သည့်အတွက် တောင်သူများကျပ်တည်းလာပြီး ငွေလိုအပ်မှုများသည့်အတွက် ယင်း ကဲ့သို့ ပြောင်းလဲထုတ်လုပ်လာခြင်းဖြစ်ကြောင်း ကမြောကင်းကျေးရွာတွင် ရော်ဘာ ရောင်းဝယ်ရေးလုပ်နေသည့် ဦးတင့်လွင် က ပြောသည်။

“]ကော်ချေးကတော့ ငွေရနည်းတယ် ငွေပေါ်တာမြန်တယ်။ ကော်ပြားက စက် နဲ့ကြိတ်ရတယ်။ အခြောက်လှန်းရသေးတယ်။ အခုက ကိုဗစ်က ဖြစ်နေတယ်လေ။ ကျပ်တည်းကြတာပေါ့” ဟု ဦးတင့်လွင် ကဆိုသည်။

အဆိုပါ ရော်ဘာအတုံးများကို ကား၊ သုံးဘီးဆိုင်ကယ်များဖြင့် သယ်ယူနေကြပြီး ယင်းမှထွက်ကျကျန်ခဲ့သည့် အရည်မှတစ်ဆင့် အနံ့ဆိုးများ လမ်းမပေါ်ပေကျံနေလေ့ရှိသည့်အတွက် ပြည်သူများအကြား ဝေဖန်မှုများလည်းရှိနေသည်။

ဟိဏ်းဇော်