ဒေသတွင်း ကူးစက်သူနှစ်ဦးအပါအဝင် ကိုဗစ်လူနာသစ် ၂၃ ဦးတိုး

0
153

တနင်္သာရီတိုင်းတွင် ဒေသတွင်း ကူးစက်သူနှစ်ဦးအပါအဝင် ဇန်နဝါရီ ၁၅ မှ ၂၀ ရက်အထိ ခြောက်ရက် အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၃ တိုးလာကြောင်း တနင်္သာရီ တိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒေသတွင်း ကူးစက်သူ နှစ်ဦးမှာ ထားဝယ်မြို့ ဆန်းချီရပ်ကွက်မှ အသက် ၁၂ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ခရီးသွားရန်အတွက် စစ်ဆေးရာမှ ရောဂါပိုး တွေ့ရှိခဲ့သူဖြစ်ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသတွင်း ကူးစက်သူ ကလေး နှစ်ဦး၏ ဖခင်မှာ ရန်ကုန်နှင့် အခြားမြို့ နယ်များသို့ ခရီးသွားလာမှု များသူ ဖြစ်သဖြင့် ၎င်းမှ တစ်ဆင့် ရောဂါပိုးကူးစက်ခံခြင်းဖြစ်နိုင်သည်ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁၅ ရက် မတိုင်မီ တစ်ပတ်ကမူ တနင်္သာရီတိုင်းအတွင်း ကူးစက်မှု ၁၀ ဦး ရှိခဲ့သည်။

လတ်တလောတွင် ဆေးရုံတက်ရောက် ကုသနေသူ ၃၀ ဦးရှိပြီး သေဆုံးသူ ၄ ဦးရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။