နည်းပညာအန္တရာယ် ဘယ်လိုကာကွယ်ကြမလဲ

နည်းပညာအန္တရာယ် ဘယ်လိုကာကွယ်ကြမလဲ
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အချိန်ကာလရဲ့ ရွေ့လျားပြောင်းလဲမှုဟာ နာရီလက်တံတွေနဲ့အတူ တအိအိနဲ့ ရှေ့ကိုတွန်းရွေ့သွားစမြဲ။ အခုလည်း မတည်မြဲမှုနိယာမအတိုင်း သက္ကရာဇ် အသစ်ဖြစ်တဲ့ ၂၀၂၁ ကိုရောက်လာခဲ့ပြန်ပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုရဲ့အစကို သမင်လည်ပြန် ငေးကြည့်ယင်း မတူကွဲပြားတဲ့ လူနေမှုဘဝပုံစံတွေကို ပြန်လည် တွေးဆနေမိတယ်။ အခုလက်ရှိ လူနေမှု ပုံစံဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကနဲ့ များစွာ ကွာခြားသွားတာပါလားလို့ တိတ်တဆိတ် အံ့သြမိရင်း လက်ထဲက စမတ်ဖုန်းကို ငေးကြည့်မိပြန်တယ်။

အိုင်တီခေတ်ရောက်ပြီလို့ ကြွေးကြော်ခဲ့ကြတဲ့အတိုင်း စမတ်ဖုန်းတွေ ကိုယ်စီနဲ့။ ဖုန်းလေးတစ်လုံးသာရှိရင် ဘာမဆို သိနိုင်တွေ့နိုင်တဲ့ အနေအထားမှာ စမတ်ဖုန်းဟာ ဖန်ဆင်းရှင်ဖြစ်လို့ နေရှာတယ်။ စမတ်ဖုန်းလေးမှ မကိုင်ရင်၊ ဖေ့ဘုတ်လေးမှ မသုံးရင် လူရာမဝင် လူစဉ်မမီတဲ့ အနေအထား ရောက်မှန်းမသိ ရောက်လာခဲ့ပါတယ်။ တစ်ချိန်က ငွေကြေး တတ်နိုင်သူတွေလောက်သာ သုံးနိုင်တဲ့၊ အလွန်တရာ ဈေးကြီးလှတဲ့ “ဖုန်း” ဆိုတဲ့ ဆက်သွယ်ရေးပစ္စည်းဟာ အခုဆိုရင် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အရွယ်သုံးပါးစလုံးရဲ့ လက်ထဲမှာ မရှိ မဖြစ် ကိုင်ထားရမယ့်အရာ ဖြစ်လာပါပြီ။

ဖုန်းတွေလူတိုင်းကိုင်နိုင်လာတာနဲ့အမျှ ဖေ့ဘုတ်သုံးသူ၊ YouTube ကြည့်သူတွေကလည်း များလာတော့တာပါပဲ။ တောရွာတွေမှာလည်း မိဘတွေကသာ ဖေ့ဘုတ်မသုံးဘဲ နေချင်နေမယ်။ ဆယ်ကျော်သက် ကိုယ့်သားသမီးတွေကိုတော့ ဖုန်းတစ်လုံးနဲ့ လွတ်လွတ်လပ်လပ် လွှတ်ထားတတ်ကြတာပဲ များပါတယ်။ တချို့ မိဘတွေကတော့ မူလတန်းကလေးအရွယ်ကိုတောင် ဖေ့ဘုတ်တို့ YouTube တို့ကို လွတ်လွတ်လပ်လပ် ကြည့်ခွင့်ပေးထား ကြတာလည်း တွေ့နေရပါတယ်။

လက်ညှိုးလေးတစ်ချက်တို့လိုက်တာနဲ့ ကြည့်ချင်တာကြည့်လို့ရနေတဲ့ အနေအထားမှာ ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးတွေလည်း ရှိမှာပါပဲ။ အင်္ဂလိပ်စာအပါအဝင်၊ သက်ဆိုင်ရာ မိမိတို့လေ့လာချင်တဲ့ ပညာရပ်တွေကို ဖုန်းတစ်လုံးရှိရုံနဲ့ လွယ်လင့်တကူ လေ့လာခွင့်ရတဲ့ အနေအထားဟာ နည်းပညာရဲ့အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။

ဒါပေမယ့် ဆယ်ကျော်သက်အရွယ် ကလေးတစ်ယောက်အနေနဲ့ အထိန်း အကွပ်မပါဘဲ ဖေ့ဘုတ်တွေ၊ YouTube တွေကို လွတ်လွတ်လပ်လပ် စိတ်ကြိုက် သုံးစွဲခွင့်ပြုနေတာဟာ သင့်တော်ပါရဲ့လား။ မိဘဆရာသမားများအနေနဲ့ အလေးအနက် စဉ်းစားသင့်တဲ့ ကိစ္စ တစ်ခုပါ။

ဖေ့ဘုတ်ထဲမှာ မတော်တရော်တွေ ကြည့်ပြီး ဆယ်ကျော်သက်တွေမှာ မလိုလားအပ်ဘဲ ကိုယ်ဝန်ရသွားတာတွေ၊ အပြင်မှာ တစ်ခါမှ မမြင်ဖူးတဲ့ အင်တာနက်မှာတွေ့တဲ့ လူနဲ့ ခိုးရာလိုက်ပြေးတဲ့ သတင်းတွေ၊ အသက်မပြည့်ဘဲ စောစော စီးစီး အိမ်ထောင်ကျသွားတာတွေဟာ တစ်နေ့တစ်ခြား ပိုများလာတာ ပတ်ဝန်းကျင်မှာ မြင်တွေ့ကြားသိနေရတော့တာ ပါပဲ။

လူငယ်တွေကို အလေးထားတယ်၊ တန်ဖိုးထားတယ်ဆိုရင် ဒီပြဿနာဟာ အလေးအနက်ထား ဖြေရှင်းရမယ့် ပြဿနာ တစ်ခုအဖြစ် မြင်မိပါတယ်။ လူငယ်တွေကို အပြစ်ဖို့နေရုံနဲ့ ပြေလည်သွားမယ့် ပြဿနာမျိုး မဟုတ်ပါဘူး။ အင်တာနက်ကို မသုံးစေဘဲ ပိတ်ပင်ထားဖို့လည်း မဖြစ်နိုင်တာမို့ အကောင်းဆုံး ဘာလုပ်သင့်သလဲဆိုတာ မိဘဆရာသမားတွေ အရေးတကြီး စဉ်းစားသင့်ပြီ ထင်ပါတယ်။

ဒါ့အပြင် အင်တာနက်ကနေ တစ်ဆင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံနေ ရတဲ့ ဆယ်ကျော်သက်တွေလည်း အများအပြားပါပဲ။ ကျွန်မနဲ့ ခင်မင်တဲ့ အထက် တန်းကျောင်းသူတစ်ယောက် ဆိုရင် သူ့သူငယ်ချင်း (profile) ပရိုဖိုင်းနဲ့ facebook account ကို တကယ်သူ့ သူငယ်ချင်း မိန်းကလေးထင်ပြီး စကားတွေပြော၊ ပိုက်ဆံတွေချေးပေး၊ နောက် ဆုံး လိင်ကိစ္စအကြောင်းပြောလာမှ ကြောက်ပြီး ကျွန်မကို လာပြောပြတာ။ သူ့အမေကို ပြောပြဖို့ သူ့အမေက ဖေ့ဘုတ်မသုံးတတ်တော့ သူ့ကိုပဲ ဆူမှာတဲ့။ ကလေးခမျာ တော်တော်လေးကို ကြောက်သွားရှာတာပါ။ အဲဒါသူ့သူငယ်ချင်း မိန်းကလေးဓာတ်ပုံယူသုံးထားတဲ့ အကောင့်တုဆိုတာ တော်တော်လေး ရှင်းပြလိုက်ရတယ်။

ဒီကိစ္စမျိုးကြုံလာရင် ဘယ်လို တုံ့ပြန်ရမယ်ဆိုတဲ့ အသိပညာပေးထားတာမျိုး မရှိတော့ ရုတ်တရက်ကြုံလာရတဲ့အခါ ကလေးတွေကို စိတ်ဒဏ်ရာရ သွားစေပါတယ်။ တချို့ဆယ်ကျော်သက် တွေကျတော့ အသစ်အဆန်းတွေကို စမ်းသပ်ချင်တဲ့စိတ်ကြောင့် မကြည့်သင့် တာတွေကြည့်၊ မပြောသင့်တာတွေပြော၊ မလုပ်သင့်တာတွေလုပ်လို့ မဖြစ်သင့်တာတွေ ဖြစ်သွားရတာတွေလည်း တစ်ပုံကြီးပါပဲ။

ကလေးတွေကို ဖုန်းဝယ်ပေးပြီး ကြည့်ချင်တာကြည့်၊ သုံးချင်ရာသုံး ပေးထားပြီး၊ ငါတို့လူကြီးတွေ နားမလည်လည်း ကိစ္စမရှိဘူးလို့ လွှတ်ထားလို့ မရပါဘူး။ လူကြီးတွေက နည်းပညာတွေကို အတော်အသင့် အရင်လေ့လာပြီး ဘယ်လိုသုံးရင် အကျိုးရှိတယ်။ ဘယ် ဟာကိုတော့ကြည့်၊ ဘယ်ဟာကိုတော့ မကြည့်သင့်ဘူး စသဖြင့် ပြောဆိုလမ်း ညွှန်မှုတွေ၊ ကြပ်မတ်ထိန်းကျောင်းမှုတွေ လုပ်ပေးနိုင်ရင် မလိုလားအပ်တဲ့ ပြဿနာ တွေ ဖြစ်လာတာတွေ လျော့နည်းသွားလိမ့်မယ် ထင်ပါတယ်။

ဖုန်းတစ်လုံးဝယ်ပေးပြီး ရော့အင့် ပစ်ပေးလိုက်တာထက် အင်တာနက်ကနေ တစ်ဆင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့် ယှက်တာ၊ လိမ်လည်တာ၊ ခြိမ်းခြောက် အကျပ်ကိုင်တာ စတာတွေကြုံရရင် ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ကြိုကြို တင်တင်ရှင်းပြထားရင် မကောင်းပေဘူး လား။ ဒါ့ကြောင့် မိဘတွေလည်း ကိုယ့်ကလေးနဲ့အပြိုင် အင်တာနက်အကြောင်း၊ အိုင်တီနည်းပညာအကြောင်း နည်းနည်း ပါးပါး နားလည်ထားရင် ကိုယ့်ကလေး လမ်းမှားရောက်မသွားဖို့ ပိုပြီးတည့်မတ်လမ်းညွှန်ပေးနိုင်မယ် ထင်ပါတယ်။

မိဘတွေကိုယ်တိုင်က ဘာမှမတတ်ဘူးဆိုရင် အားကိုးစရာက စာသင်ကျောင်းပဲ ရှိပါတော့တယ်။ စာသင်ကျောင်းမှာ (sex education) လိင်ပိုင်းဆိုင်ရာ အသိပညာပေးတာနဲ့ အင်တာနက်သုံးစွဲတဲ့ နေရာမှာ အသိပညာပေးတာမျိုးကို သေသေချာချာ သင်ကြားပေးသင့်ပါတယ်။ ကျွန်မတို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ များသောအားဖြင့် လိင်အကြောင်းပြော ဆိုတာမျိုးကို ရှက်စရာတစ်ခုအဖြစ် သတ်မှတ်ပြီး မပြောမိအောင် ရှောင်နေ ကြတာများပါတယ်။ စာသင်ကျောင်းမှာဆိုရင် ယဉ်ကျေးတဲ့အသုံးအနှုန်းတွေ၊ ကျန်းမာရေး အသိပညာပေးတာတွေ စတာတွေကို ကလေးတွေနားလည်နိုင် လောက်တဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ စနစ်တကျ ပညာပေးသင်ကြားနိုင်မှာပါ။

လိင်ပိုင်းဆိုင်ရာ အသိပညာပေးတာလို့ ဆိုလိုက်တာနဲ့ ဘယ်ကနေစပြောရ မှန်းမသိဘဲ ရှက်စရာကိစ္စအဖြစ် မြင်ယောင်နေတဲ့ မိဘဆရာသမားတွေလည်း တွေ့ဖူးပါတယ်။ အရင်တုန်းက ကျွန်မ ကိုယ်တိုင်လည်း ကလေးတွေကို လိင်ပိုင်းဆိုင်ရာ အသိပညာပေးရင် ဘယ်ကနေ ဘယ်လိုစပြောပြီး၊ ဘယ်လိုစကားလုံးတွေ သုံးရမှာပါလိမ့်လို့ အမြဲတမ်းတွေးပူနေ တတ်ပါတယ်။ မတော်တဆ အသုံးအနှုန်း မှားသွားရင်အကျိုးထက် အပြစ်က ပိုများ နိုင်တာမဟုတ်လား။

ဒါပေမယ့် ပြောပုံပြောနည်း မှန်ကန်ရင် ယဉ်ယဉ်ကျေးကျေးနဲ့ ကလေးတွေနားလည်အောင် ပြောလို့ရပါတယ်ဆိုတာ ဘောလိဝုဒ်ရဲ့ နာမည်ကြီးမင်းသား “အမာခန်း” ရဲ့ လိင်အကြမ်းဖက်မှု မခံရဖို့ ကလေးတွေကို ပညာပေးတဲ့ ဗွီဒီယိုလေး ကြည့်ရတဲ့အခါ နားလည်သွားရပါတယ်။ ဒါတောင်သူက ဆယ်နှစ်အောက်ကလေး ငယ်တွေကို ပညာပေးတာပါ။ ဆယ်ကျော်သက်အရွယ်တွေ မဟုတ်သေးပါဘူး။ ဆယ်ကျော်သက်အရွယ်ဆိုရင် ဒီထက်တောင် နားလည်သဘောပေါက်အောင် ပြောရဆိုရလွယ်ကူလိမ့်မယ် ထင်ပါတယ်။

“အမာခန်း” က ကလေးတွေကို လွယ်လွယ်လေး သင်ပေးပါတယ်။ မိမိတို့ရဲ့ ကိုယ်မှာ အမေကလွဲပြီး ဘယ်သူ့ကိုမှ ပေးကိုင်လို့မရတဲ့ နေရာသုံးနေရာရှိ ပါတယ်တဲ့။ ပါးစပ်ရယ်၊ ရှူးရှူးပေါက်တဲ့ နေရာရယ်၊ အီးအီးပါတဲ့နေရာရယ်တဲ့။ အဲဒီသုံးနေရာကို ကိုယ့်အမေမဟုတ်တဲ့ သူစိမ်းကထိရင် အသားကုန်အော်ပြီး ပြေးပေတော့တဲ့။ ကဲ- ဘယ်လောက်တောင် လွယ်လိုက်သလဲ။

အခုအင်တာနက်သုံးတာနဲ့ ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာ အသိပညာပေးတဲ့ နေရာမှာလည်း လွယ်ကူယဉ်ကျေးတဲ့ အသုံးအနှုန်းမျိုးနဲ့ ရှင်းပြမယ်ဆိုရင် ဆယ်ကျော်သက်အရွယ် လူငယ်တွေ အနေနဲ့ ဆောင်ရန် ရှောင်ရန်တွေကို နားလည်သွားပါလိမ့်မယ်။ ပြဿနာက တောရွာတွေမှာ ဆယ်နှစ်အောက် ကလေးငယ်တွေကို ဖေ့ဘုတ်အကောင့်ဖွင့်ထားပေးပြီး ကိုယ်ပိုင်ဖုန်းနဲ့ လွှတ်ထားတာတွေ မြင်ရကြားရတော့ နည်းပညာရဲ့ ဘေးထွက်ဆိုးကျိုးကို စိုးရိမ်မိတာအမှန်ပါပဲ။ ဆယ်ကျော်သက်အရွယ်ကို စနစ်တကျ လမ်းညွှန်မှုတွေနဲ့ အင်တာနက်သုံးခွင့်ပြုတာက နည်းလမ်းကျပေမယ့် ဆယ်နှစ်အောက် ကလေးတွေကို အင်တာနက်သုံးစွဲခွင့် ပေးပြီး ကြည့်ချင်ရာကြည့်ခွင့်ပေးနေတာ က ဖြစ်သင့်ပါရဲ့လား။

နည်းပညာဖွံဖြိုးတိုးတက်လာတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စမတ်ဖုန်းကို ဖောဖောသီသီ ကိုင်ဆောင်ခွင့်ရနေတဲ့ အနေအထားမှာ သူ့ရဲ့ ကောင်းကျိုး ဆိုး ကျိုးတွေကို သိရှိနားလည်ပြီး သုံးစွဲဖို့ တော့ အရေးကြီးလှပါတယ်။ ရပ်ထဲရွာထဲ မှာ လူကြီးမိဘတွေက အင်တာနက်သုံးစွဲတာနဲ့ ပတ်သက်ပြီး ကိုယ့်သားသမီးတွေ ကို ကောင်းကျိုး ဆိုးကျိုး မရှင်းပြနိုင်ဘူး ဆိုရင် စာသင်ကျောင်းမှာ သင်ရိုးညွှန်း တမ်းတစ်ခုအဖြစ် ထည့်သွင်းသင်ကြားရဖို့ အရေးတကြီးလိုအပ်နေပါပြီ။

နောက်ပြီး ကလေးတွေကို ဘယ် အသက်အရွယ်ရောက်မှ အင်တာနက်ကို ဘယ်အတိုင်းအတာအထိ သုံးခွင့်ပြု တယ်ဆိုတာမျိုးလည်း သတ်မှတ်ထား သင့်တယ် ထင်ပါတယ်။ အခုတော့ မူလ တန်းကလေးတွေလည်း ကိုယ်ပိုင်ဖုန်း၊ ကိုယ်ပိုင်ဖေ့ဘုတ်အကောင့်နဲ့ ကြည့်ချင်ရာ ကြည့်ဖြစ်နေတာတွေကို ပတ်ဝန်းကျင်မှာ နေ့စဉ်မြင်နေရတာ ကလေးတွေအတွက် တော်တော်စိုးရိမ်စရာ ကောင်းလှပါတယ်။

ဒါ့ကြောင့် လူကြီးမိဘ ဆရာသမား တွေအနေနဲ့ မိမိတို့သားသမီးကို စမတ်ဖုန်းနဲ့ အင်တာနက် ပေးသုံးတော့မယ်ဆိုရင် ဆောင်ရန် ရှောင်ရန် အချက်အလက်တွေကို လမ်းညွှန်ပြသပြီးမှ ပေးသုံးတာက မလိုလားအပ်တဲ့ ပြဿနာတွေ၊ လိင်ပိုင်းဆိုင်ရာ မှားယွင်းတဲ့ အယူအဆတွေ၊ တစ်ခြားအတုမယူသင့်တာတွေကို အတုယူပြီး လိုက်လုပ်တာမျိုးတွေ နည်းပါးသွားလိမ့်မယ်လို့ ယူဆမိပါကြောင်း။ ။

နီမာဦး(အံဒင်)