တစ်နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တစ်ဆယ်ကျော်ခွင့်ပြု

0
660
Dawei Watch, Dawei News, Dawei News Media

ပြီးခဲ့နှစ် တစ်နှစ်တာကာလတွင် တိုင်းအတွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ဆယ်ကျော်ကို ခွင့်ပြုခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ်တွင် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ လျှပ်စစ် အစရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၂ ကို ခွင့်ပြုခဲ့ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။

အဆိုပါ လုပ်ငန်းများအား မြန်မာ နိုင်ငံသားကုမ္ပဏီများအပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း ပါဝင်ကြောင်း အထက်ပါကော်မတီ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။

“အရင်နှစ်က လျှောက်ထားတဲ့ဟာ တွေပါတယ်။ အဲဒါတွေမို့လို့ပါ” ဟု ဒေါက်တာထွန်းထွန်းက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန (DICA) တိုင်းဒေသ ကြီးဦးစီးမှူးမှာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူရသည်။ ပြီးခဲ့သည့်နှစ်က ခွင့်ပြုခဲ့သည့် လုပ်ငန်းအများစုမှာ ၂၀၁၉ ခုနှစ်က လျှောက်ထားသည့် လုပ်ငန်းများဖြစ်ကြောင်း ၎င်းက ဆိုသည်။

အထက်ပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခုက အမေရိကန်ဒေါ်လာ နှစ်သန်းခွဲကျော်နှင့် မြန်မာငွေကျပ်သန်းပေါင်း သုံးသောင်းခွဲကျော်ကို ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။

လက်ရှိကိုဗစ်ကာလတွင်မူ လျှောက်ထားသည့်လုပ်ငန်း လေးဆယ်ရာခိုင်နှုန်း ခန့်အထိ ကျဆင်းသွားကြောင်း အထက်ပါ ကော်မတီအတွင်းရေးမှူး ဒေါက်တာ ထွန်းထွန်းက ဆိုသည်။

“ခရီးသွားလာခွင့်တွေ ပြန်ပြီးတော့ ဖွင့်မယ်ဆိုရင်တော့ ပြုံကျလာလိမ့်မယ်” ဟု ဒေါက်တာထွန်းထွန်းက ပြောသည်။

ကိုဗစ်ကာလအလွန်တွင် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများအား ဆွဲဆောင်နိုင်ရေး ဖြေလျော့မှုများလုပ်ဆောင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဦးဆောင်ပြီး စီမံချက်ရေးဆွဲနေကြောင်း တိုင်းဒေသကြီး DICA ဌာနထံမှ သိရသည်။