မောင်းမကန်ကမ်းခြေ အော်သံ

0
362
ဆွမ်းကျန်ထမင်းတွေဝေပေးနေတဲ့ကိုဖြိုးကျော်သူ

“ထမင်းလိုထမင်းလာယူကြပါခင်ဗျား၊ ဆန်လိုဆန်လာယူကြပါခင်ဗျား” လို့ ဘုန်းကြီးကျောင်းက ဆွမ်းကျန်ထမင်းတွေတင်ထားတဲ့ သုံးဘီးဆိုင်ကယ်ပေါ်မှာထိုင်ရင်း ကိုဖြိုးကျော်သူက အော်ခေါ်လိုက်ပါတယ်။

ချမ်းစိမ့်စိမ့်နဲ့ တိတ်ဆိပ်နေတဲ့ မောင်းမကန်ကမ်းခြေဆောင်းမနက်ခင်းဟာ သူ့ရဲ့အသံကြောင့် အနည်းငယ်လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတော့တယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်က ဘုန်းကြီးကျောင်းက ဆွမ်းကျန်ထမင်းတွေဝေဖို့ ကိုဖြိုးကျော်သူ ရွေးထားတဲ့နေရာက မောင်းမကန်ကမ်းခြေ တစ်လျှောက်မှာနေကြတဲ့ သူတွေကိုပဲဖြစ်ပါတယ်။

မောင်းမကန်ကမ်းခြေ စည်းကမ်းထိန်သိမ်းရေး ကော်မတီဝင် တစ်ဦးလည်းဖြစ်၊ ရာအိမ်မှူးလည်းဖြစ်တဲ့ ကိုဖြိုးကျော်သူဟာ ကိုဗစ်ကာလထဲ ကမ်းခြေတွေ ပိတ်ထားတာကြောင့် ရွာထဲကဘုန်းကြီးကျောင်းတွေဆီကနေ ဆွမ်းကျန်ထမင်းတွေ သွားစွန့်လာပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့သူတွေကို အလှည့်ကျ လိုက်ဝေပေးနေတာဖြစ်ပါတယ်။

အခုဆိုရင် ဒီလိုလိုက်ဝေပေးနေတာဟာ နှစ်လလောက်ရှိနေပါပြီ။ ဒါကြောင့် ကိုဖြိုးကျော်သူရဲ့ အော်သံကြားတာနဲ့ လိုချင်တဲ့သူတွေက ထည့်စရာခွက်လေးတွေကိုင်ပြီး အိမ်ထဲကနေထွက်လာယူကြပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေအများစု ထမင်းတွေလာယူကြပါတယ်။

“ကမ်းခြေမှာ ဝါးတားဂိတ် ပထမတစ်ကြိမ်ချပြီးတဲ့ အချိန်ကစပြီးပေါ့နော် ကမ်းခြေက ၁၄ ရပ်ကွက်နေ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးက တဖြေးဖြေးနဲ့ လျော့ရဲလာတဲ့အတွက် ကျွန်တော်က ဒီအစီအစဉ်လေးကို လုပ်မယ်ဆိုပြီးတော့ စလုပ်ဖြစ်သွားတာပါ” လို့ ကိုဖြိုးကျော်သူက ဆိုပါတယ်။

သူက မနက်လေးနာရီလောက်မှာ အိပ်ယာထပြီးတော့ မောင်းမကန်ရွာက ဘုန်းကြီးကျောင်းသုံးကျောင်းဆီမှာ သုံးဘီးဆိုင်ကယ် တစ်စီးမောင်းပြီး ဆွမ်းကျန်ထမင်းတွေလိုက်ယူပါတယ်။ သုံးဘီးပေါ်မှာတော့ အမြင့်သုံးပေ၊ အနံနှစ်ပေ၊ အလျားလေးပေလောက်ရှိတဲ့ အပြာရောင် ရေခဲပုံးတစ်ပုံးတင်ထားပါတယ်။

ဘုန်းကြီးကျောင်းသုံးကျောင်း ပတ်လိုက်ပြီးမှာတော့ သူ့ရေခဲပုံးရဲ့ သုံးပုံတစ်ပုံလောက်ပြည့်သွားပါပြီ။ ဒါဆိုရင်တော့ သူထမင်းဝေတဲ့ နေရာဆီကို ဦးတည်ပြီးတော့ မောင်းသွားပါတယ်။ နေရာရောက်ရင်တော့ ထုံစံအတိုင်း အော်ခေါ်ပြီး တစ်အိမ်ပြီးတစ်အိမ် လိုက်ဝေပါတော့တယ်။

“ထမင်းယူကြဦးမလားဗျို့”

သူ့ဆီဆက်သွယ်ပြီး ဆန်၊ ဆီလှူပေးမယ့်အလှူရှင်ပေါ်လာရင်တော့ ထမင်းနဲ့တစ်ခါတည်း ဆန်နဲ့ဆီတွေကို ပေါင်းလှူပေးပါတယ်။

သူအလှည့်ကျလိုက်ဝေပေးနေတာကတော့ ကမ်းခြေမှာ ရှပ်သီခြောက်တွေ၊ ကဏန်းကြော်၊ ငါးကြော်ရောင်းတဲ့ ခေါင်းရွက်ဗျတ်ထိုးသည်တွေ၊ ဘောကွင်းငှားတဲ့သူတွေ၊ စားသောက်ဆိုင်က ရွှေ့ပြောင်းအလုပ်သမားတွေနေတဲ့ နေရာတွေမှာ အဓိကလိုက်ဝေပေးပါတယ်။

“အခုက ကမ်းခြေကပိတ်ထားတော့ စားဝတ်နေရေးက အခက်အခဲနဲ့ ကြုံတွေ့လာတော့ သူများပေးစာ၊ ကမ်းစာနဲ့ပေါ့လေ။ ဘယ်သူလာပေးပါမလဲဆိုပြီးမျှော်နေရတယ်။ အခုကတော့ ဘုန်းကြီးကျောင်းတွေကတော့ နှစ်ရက်တစ်ပတ်၊ သုံးရက်တစ်ပတ် အမြဲထမင်းဝေပေးတယ်။ အဲဒါလေးနဲ့စားနေရတာပေါ့” လို့ ကမ်းခြေမှာ အလှဆင် ခုရုပုတီးဝယ်ရောင်းနေတဲ့ ဦးစိုးဝင်းက ဆိုပါတယ်။

တစ်ခါတလေ နိုင်ငံခြားရောက်နေတဲ့ ရွာသားတွေက ကိုဗစ်ကာလမှာ စားဝတ်နေရေး
ခက်ခဲနေတဲ့သူတွေကို ဆန်အိတ်ဆယ်ချီ လှူတာမျိုးလည်း ရှိပါတယ်။ အဲဒီလိုဆိုရင်တော့
အရမ်းခက်ခဲနေတဲ့သူတွေကိုရွေးပြီး လိုက်လှူတာတွေရှိပါတယ်။

လှူတဲ့သူကနည်းပြီး ငတ်တဲ့သူကများနေတော့ စေတနာကနေ ဝေဒနာဖြစ်သွားရတဲ့
အဖြစ်အပျက်တွေလည်း ကြုံရတာလည်းရှိပါတယ်။ မရတဲ့သူတွေက သူတို့တစ်ဆင့် လိုက်လှူပေးတဲ့သူတွေကို မေတ္တာပို့တာကြတာတွေလည်း ရှိပါတယ်။ ဆွမ်းကျန်ထမင်းတွေ လိုက်ဝေတဲ့နေရာမှာလည်း အလားတူအဖြစ်မျိုးတွေ ရှိနေပါတယ်။

မောင်းမကန်ကမ်းခြေရဲ့ အစွန်းနားလေးမှာနေတဲ့ ဒေါ်အေးအေးမာတစ်ယောက်ကတော့
ထမင်းတွေလိုက်ဝေနေတာတွေ၊ ဆန်တွေတွေဝေပေးနေတာတွေကို သူလည်းရချင်တယ်လို့ ဖွင့်ဟပါတယ်။ ဒါပေမယ့် ဘာကြောင့်ရယ်မသိ လိုက်လှူပေးတဲ့သူတွေက သူတို့အိမ်နားကို ရောက် မလာကြဘူးတဲ့။

“ထမင်းလိုက်ဝေနေတာ ကျွန်မတို့ကတော့ တစ်ခါမှမရဖူးပါဘူး။ ဒီဘက်ကိုလည်းတစ်ခါမှမရောက်ဘူး။ ဝေမယ်ပေးမယ်ဆိုရင်တော့ လိုချင်တာပေါ့” လို့ ရေလုပ်သမဖြစ်ပြီး အခုအလုပ်လက်မဲ့ဖြစ်နေတဲ့ ဒေါ်အေးအေးမာက ကွမ်းတမြုံ့မြုံ့ဝါးရင်း ဆိုပါတယ်။

ဒီလိုတွေ အခက်အခဲဖြစ်နေကြပေမယ့် မောင်းမကန်ကမ်းခြေကိုဆင်းတဲ့ လမ်းနှစ်သွယ်ကိုတော့ဇန်နဝါရီလ တတိယပတ်အထိ ပိတ်ထားဆဲပါ။ ပထမတစ်လမ်းကို ဝါးလုံးတွေ၊ ခြုံနွယ်တွေနဲ့ပိတ်ဆို့ထားပြီးတော့ ဒုတိယတစ်လမ်းကိုတော့ ဝါးတားဂိတ်ဖွင့်ပြီး ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စောင့်ကြပ်နေပါတယ်။

ဝါးတားဂိတ်လမ်းကနေ ကမ်းခြေကိုလာတဲ့သူတွေထဲက လူစိမ်းလို့ယူဆရတဲ့သူဆိုရင်တော့ တာဝန်ရှိသူတစ်ဦးဦးကထွက်လာပြီး ကမ်းခြေပိတ်ထားတဲ့အကြောင်း၊ သွားလို့မရတဲ့အကြောင်းပြောပြီး လှည့်ပြန်ခိုင်းပါလိမ့်မယ်။ ရွာသားတွေဆိုရင်တော့ အမေးအမြန်းမရှိ သွားလာလို့ရပါတယ်။

မောင်းမကန်ကမ်းခြေနဲ့ တစ်ဆက်တည်းဖြစ်တဲ့ သဘော့ဆိပ်ရှိုင်သာယာလို့ ဒေသခံတွေက ခေါ်ကြတဲ့ ကမ်းခြေမှာတော့ အခါကြီးရက်ကြီးတွေ၊ ရုံးပိတ်ရက်တွေမှာ လူတွေစည်နေတတ်ပါတယ်။

ဒါတွေကိုကြည့်ပြီး မောင်းမကန်ကမ်းခြေက စားသောက်ဆိုင်ပိုင်ရှင်တွေက တိုင်းအစိုးရရဲ့ စီမံခန့်ခွဲမှုကို မေးခွန်းထုတ်နေကြပါတယ်။

“တိုင်းအစိုးရကို ပြည်သူတွေဘယ်လောက်အထိ အခက်အခဲဖြစ်နေသလဲဆိုတာ လာကြည့်စေချင်တယ်။ ဘယ်လောက်အထိ အခက်ခဲဖြစ်နေသလဲဆိုရင် ဘုန်းကြီးကျောင်းက ဆွမ်းကိုတောင် ယူပြီးစားနေရတဲ့ဘဝကိုတောင် ကျွန်မတို့ရောက်နေကြပြီ” လို့ လင်းဆက်ဦးစားသောက်ဆိုင်ပိုင်ရှင် ဒေါ်သန်းသန်းအေးက ဆိုပါတယ်။

ကိုဗစ်ကာလမှာ တိုင်းအစိုးရရဲ့ ကမ်းခြေတွေကို စီမံခန့်ခွဲပုံကလည်း ဒေသခံတွေမေးခွန်းထုတ်ချင်စရာပါ။ ကမ်းခြေက စားသောက်ဆိုင်တွေကို မြို့ပေါ်က ဆိုင်တွေလိုပဲရောင်းဖို့ ခွင့်ပြုထားပြီးတော့ ကမ်းခြေကိုတော့ လူတွေလာခွင့်မပေးထားပါဘူး။

တနင်္သာရီတိုင်းပြင်ပကနေ ရွေ့ပြောင်းလာပြီး ကမ်းခြေကစားသောက်ဆိုင်တွေမှာ အလုပ်လုပ်နေကြတဲ့သူတွေကိုလည်း ကိုဗစ်စဖြစ်တုန်းကလို ဒေါ်သန်းသန်းအေးကျွေးမထားနိုင်တော့ပါဘူး။ ကမ်းခြေတွေပိတ်ထားတာက လတာရှည်နေပြီဆိုတော့ သူ့အလုပ်သမားတွေကို အခြားမှာ သွားလုပ်ဖို့လွှတ်ထားလိုက်ရပါတယ်။

ဒါပေမယ့် အခြားအလုပ်မှာအဆင်မပြေတဲ့အကြောင်း၊ ပြန်လာချင်တဲ့အကြောင်း နေ့စဉ်ဖုန်းဆက်ဆက်ပြီး သူ့အလုပ်သမားတွေက မေးမေးနေတော့ ဒေါ်သန်းသန်းအေးလည်းဆိုင်ရောင်းချင်လှပြီ။ သူတို့ကိုယ်တိုင်တောင်မှ မဟန်နိုင်တဲ့ အခြေဆိုက်နေရပြီလို့ သူကဆိုပါတယ်။

“အစိုးရအနေနဲ့ ကိုဗစ်ကြောင့် ကမ်းခြေတွေကို ပိတ်ထားရတယ်ဆိုပေမယ့်လည်း ကျွန်မတို့မှာ တောင့်ထားလို့တောင်မနိုင်တဲ့ အခြေအနေတွေဖြစ်နေကြပြီ။ ဝါးတားဂိတ်ကြီးကို ပြန်ဖွင့်ပေးပါလို့ပဲ တောင်းဆိုချင်တယ်” လို့ သူကဆိုပါတယ်။

မကြာမီရက်ပိုင်းအတွင်းမှာတော့ ကမ်းခြေတွေပြန်ဖွင့်ပေးတော့မယ်လို့ တိုင်းအစိုးရက ပြောဆိုပါတယ်။ ကမ်းခြေက စားသောက်ဆိုင်ပိုင်ရှင်တွေကဟာ ဝမ်းရေးတစ်နေ့တစ်ခြား ခက်ခဲလာလို့ တိုင်းအစိုးရဝန်ကြီးချုပ် ဦးမြင့်မောင်ဆီကိုယ်တိုင်သွားပြီးတော့ ကမ်းခြေဖွင့်ပေးဖို့တောင်းဆိုခဲ့ဖူးပါတယ်။ စာလည်ပို့ဖူးပါတယ်။

ဝန်ကြီးချုပ်ဘက်က တုန့်ပြန်လာတာကတော့  ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးဆီသွားပြောပါတဲ့။ ဒါနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးဆီရောက်တော့ လူချင်းတွေ့ခွင့်မရတာ ဒီနေ့အထိပဲလို့ဆိုကြပါတယ်။

ကမ်းခြေမှာ သရက်သီးနဲ့ ရှပ်သီခြောက်တွေရောင်းပြီးအသက်မွေးနေတဲ့ ဒေါ်မေဝင်းကတော့ ကမ်းခြေတွေဖွင့်ပေးပါလို့ အစိုးရကိုလည်းမတောင်းဆိုရဲ၊ ရှက်စိတ်ကြောင့် ထမင်းဝေပေးနေတာကိုလည်း သွားမယူရဲဘဲ ဒီအတိုင်းပဲ ရရာလုပ်၊ ရှိတာစားပြီး ကိုဗစ်ကို အန်တုနေတယ်ဆိုလေရဲ့။

“ဘာမှမပြောရဲဘူး။ ကြောက်တယ်။ အစိုးရကို။ သူတို့ကျွေးတာရှိရင်တော့စားမယ်။ ပြောတော့မရဲဘူး။ ကြောက်တယ်” လို့ ဒေါ်မေဝင်းက ရိုးရိုးသားသားပြောရှာပါတယ်။

ကိုဗစ်ဆိုတဲ့ ကပ်ရောဂါက လူတွေအပြင်များများထွက်ပြီး စုစုဝေးဝေးတွေဖြစ်ရင် ရောဂါပိုပြန့်ပြီး လူသေဆုံးတာတွေ ပိုဖြစ်တယ်။ ဒါကြောင့် လူတွေအပြင်ထွက် လူစု၊ လူဝေးမလုပ်နိုင်အောင် တားမြစ်ပိတ်ဆို့တာတွေ လုပ်လာပါတယ်။ ဒီလိုပိတ်ဆို့တော့ လူတွေမှာ စားဝတ်နေရေး တဖြေးဖြေး ကြပ်တည်းလာပါတယ်။

ဒီလိုအချိန်မှာ ပညာရှင်တွေ မေးလားတဲ့မေးခွန်းတစ်ခုက “လူ့အသက်ကယ်မလား၊ စီးပွားရေးကို ကယ်မလား” တဲ့။

သုံးဘီးဆိုင်ကယ်တစ်စီးနဲ့ ထမင်းလိုက်ဝေနေတဲ့ ကိုဖြိုးကျော်သူကတော့ တစ်ဖက်စောင်းနင်းလုပ်တာမျိုး မဟုတ်ဘဲ တစ်ခုနဲ့တစ်ခုကို ချင့်ချိန် မျှတအောင်လုပ်ရမယ်လို့ သူ့အမြင်ကိုပြောပါတယ်။ ဒါပေမယ့် မောင်းမကန်ကမ်းခြေမှာ ဖြစ်နေတဲ့ပုံစံမျိုးနဲ့ဆိုရင်တော့ မိုက်ရူးရဲဆန်စွာနဲ့ စီးပွားရေးဘက်လှည့်ပါလို့လည်း အစိုးရကို တောင်းဆိုချင်တယ်လို့ ဆိုပါတယ်။

စားသောက်ဆိုင်ပိုင်ရှင် ဒေါ်သန်းသန်းအေးကတော့ သူ့ရဲ့အမြင်ကို အခုလိုဆိုပါတယ်။

“ကိုဗစ်အတွက်ကိုမကြောက်ရဘဲနဲ့ ထမင်းငတ်ပြီးသေသွားမှာကို ကြောက်နေရတယ်။ ကိုဗစ်ဆိုတာ ကိုယ်ခံအားရှိမှ မတိုးနိုင်မှာ။ ဒါကြောင့် ရွေးပါဆိုလို့ရှိရင်တော့ စားဝတ်နေရေးကိုပြေလည်အောင် အရင်ရှင်းပေးပါလို့ ပြောပြီးမှပဲ ကိုဗစ်အကြောင်း နောက်မှ ဆက်ပြီး ကြိုးစားရမှာဖြစ်သွားပြီ”

ကျော်သူစိုး